(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်

(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ

အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်

========================================================================================

 

နေပြည်တော် စက်တင်ဘာ ၁၄

 

(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ

ဥက္ကဋ္ဌဖြစ်သည့် စင်ကာပူနိုင်ငံမှ ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည်။အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ COCI အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် စင်ကာပူနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြရာ မြန်မာနိုင်ငံ-အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ(COCI-Myanmar) ၏ တာဝန်ခံဌာနဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ ဦးဆောင်သည့် ကိုယ်စားလှယ် များ၊ မြန်မာနိုင်ငံ-အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ (SCI-Myanmar) တာဝန်ခံဌာန ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ခေတ္တဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ ဦးဆောင် သည့် ကိုယ်စားလှယ်များက နေပြည်တော်၊ တပ်ကုန်းနှင့် ရန်ကုန်တို့ရှိ သက်ဆိုင်ရာ ရုံး/ဌာနများမှ ပါဝင်တက်ရောက် ဆွေးနွေးကြ သည်။

ယင်းအစည်းအဝေးတွင် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆိုင်ရာ စီမံကိန်း များနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းအသစ်များ ဆောင်ရွက်လိုသည့် နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် COCI အစည်းအဝေးအလှည့်ကျ ကျင်းပမည့် နိုင်ငံ ရွေးချယ်အတည်ပြုခြင်း စသည့်အချက်များကို အဓိကထားပြီး တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြသည်။

 

အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီကို ၁၉၇၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အာဆီယံ ယဉ်ကျေးမှုရန်ပုံငွေကို ထူထောင်ခဲ့သည်။ ကော်မတီသည် ၁၉၈၅ ခုနှစ်မှစတင်၍ အာဆီယံဆိုင်ရာ စာပေနှင့် လေ့လာမှုများအစု အဖွဲ့၊ အနုသုခုမဆိုင်ရာ အစုအဖွဲ့၊ ရေဒီယို၊ တီဗွီနှင့် ရုပ်ရှင်ဗီဒီယိုအစုအဖွဲ့နှင့် ပုံနှိပ် မီဒီယာအစုအဖွဲ့စသည့် လုပ်ငန်းကော်မတီ လေးရပ်တို့ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုပုံစံကို အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီနှင့် အာဆီယံပြန်ကြားရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီနှစ်ခုဖြင့် ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

အာဆီယံ အမျိုးသားယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီများအား အာဆီယံ နိုင်ငံများ၏ သက်ဆိုင်ရာယဉ်ကျေးမှု၊ ပြန်ကြား ရေးစသည့် ဝန်ကြီးဌာနများ၊ နိုင်ငံပိုင်ရေဒီယို နှင့် ရုပ်မြင်သံကြားကွန်ရက်များ၊ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြတိုက် များ၊ မော်ကွန်းတိုက်များနှင့် စာကြည့်တိုက်များ မှ ကိုယ်စားလှယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထား ပြီး အစည်းအဝေးအား ဆပ်ကော်မတီနှစ်ခု၏ ရန်ပုံငွေဖြင့် လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အာဆီယံအသိုက် အဝန်း မျှော်မှန်းချက် ၂၀၂၅ ရရှိနိုင်ရန်အတွက် အာဆီယံအသိပညာ ဖြန့်ဝေခြင်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများကို အားပေးမြှင့်တင်မှုများ၊ မတူကွဲပြားသော ယဉ်ကျေးမှု အမွေအနှစ်များကိုကာကွယ် ထိန်းသိမ်းမှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အဓိကရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 

ယင်းကော်မတီ၏ အစည်းအဝေးများကို နိုင်ငံအက္ခရာစဉ်အလိုက် နှစ်စဉ် နိုဝင်ဘာလ တွင် အလှည့်ကျကျင်းပလေ့ရှိပြီး ယခုနှစ်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေ ကြောင့် အလှည့်ကျ အိမ်ရှင်ဖြစ်သည့် စင်ကာပူ နိုင်ငံက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ် သည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်း အဝေးများကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ပြီး (၅၆) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေးကို ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်