အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ် ဆွင်ဒွန်းကို ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်  တက်ရောက်နိုင်ခဲ့သည့် မန်စီးတီး

 

လိဂ်တူးလပ် ဆွင်ဒွန်းအသင်းနှင့် မန်စီးတီးအသင်း တို့၏ အက်ဖ်အေဖလား   တတိယအဆင့်ပွဲစဉ်ကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ကောင်တီဂယောင်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ   မန်စီးတီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ 

 


မန်စီးတီးအသင်း၌ နည်းပြ ဂွါဒီယိုလာ   အပါ အဝင် ကစားသမားအများစု ကိုဗစ်-၁၉ ကြောင့် သီးသန့်ခွဲခြားနေထိုင်နေရသည့်အတွက်   ယနေ့ ပွဲစဉ်တွင် ပါဝင်လာနိုင်ခြင်းမရှိသလို    အသင်းမှ အားထားရသည့် မာရက်ဇ်ကိုလည်း အာဖရိကနိုင်ငံ များ ဖလားပြိုင်ပွဲသို့ စေလွှတ်လိုက်ရသည့်အတွက် ယနေ့ပွဲစဉ်တွင် ပါဝင်လာနိုင်ခြင်းမရှိပေ။ သို့သော် လည်း   မန်စီးတီးအသင်းသည်  တိုက်စစ်တွင် ဂျီးဆပ်၊ ဆီးလ်ဗားနှင့် ပဲလ်မာတို့ကို အသုံးပြုကာ ဆွင်ဒွန်းအသင်းကို ရင်ဆိုင်လာခဲ့သည်။ ပြိုင်ဘက် ဆွင်ဒွန်းအသင်းကလည်း မက်ကာဒီနှင့် ဆင်ပ်ဆင် တို့တိုက်စစ်ကို ဦးဆောင်လာပြီး မန်စီးတီးအသင်း ကို ရင်ဆိုင်လာခဲ့သည်။ 

 


ပွဲအစပိုင်းမိနစ်များတွင် နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင် ကစားမှုရှိခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ မန်စီးတီးအသင်း အနေဖြင့် ဆွင်ဒွန်းအသင်းကို ကစားကွက်သာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းမှုအသာ၊      နည်းဗျူဟာအသာဖြင့်      ကစားနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက်     ၁၄  မိနစ်တွင်    အဖွင့်ဂိုး    စတင်ရရှိခဲ့ပြီး ဆီးလ်ဗားက သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၈ မိနစ်တွင် ဂျီးဆပ်က  သွင်းယူပေးနိုင်ခဲ့သည့်အတွက်  ပထမပိုင်းတွင်  မန်စီးတီး အသင်း နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ 

 


ဒုတိယပိုင်းတွင်လည်း ဆွင်ဒွန်းအသင်းသည် ကစားအားတက်လာ ခြင်းမရှိဘဲ  မန်စီးတီးအသင်း၏  ဖိအားပေးထိန်းချုပ်မှုကိုသာ  ခံခဲ့ရ သည်။   ပွဲချိန်  ၅၉ မိနစ်တွင်    မန်စီးတီးအသင်း   တတိယဂိုးရရှိခဲ့ပြီး ဂန်ဒိုဂန်က သွင်းယူပေးနိုင်ခဲ့သည်။ ဆွင်ဒွန်းအသင်းအတွက် တစ်လုံး တည်းသော  ချေပဂိုးကို   ပွဲချိန် ၇၈ မိနစ်တွင်ရရှိခဲ့ပြီး  မက်ကာဒီက သွင်းယူပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းအတွက် စတုတ္ထဂိုးကို ပွဲချိန် ၈၂ မိနစ်တွင်  လူငယ်ကစားသမား  ပဲလ်မာက  သွင်းယူပေးခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသော ကြောင့် မန်စီးတီးအသင်းက လေးဂိုး-တစ်ဂိုးဖြင့် ဆွင်ဒွန်းအသင်းကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

 


ဆွင်ဒွန်းအသင်းသည် ယနေ့ပွဲစဉ်တွင် မန်စီးတီးအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ငါးကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ပြိုင်ဘက် မန်စီးတီးအသင်း က ဆွင်ဒွန်းအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် ၂၃ ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့သည်။                                                          

အောင်ဇော်