နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူ ညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ဟူသော အချက်တစ်ချက်လည်း ပါဝင်သည်။ နိုင်ငံတော်တာဝန်ကို ယူထားစဉ်ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့် တုံ့ဆိုင်းမသွားစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းပင်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားတွင် ၂၀၂၂ ခုနှစ်သည် အရေးပါသည့် နှစ်ဖြစ်ပါကြောင်း၊ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေး နေ့ဖြစ်သည့်အတွက် ယခုနှစ်သည် စိန်ရတုအကြိုကာလဖြစ်ပါ ကြောင်း၊ ၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုမိုခိုင်မာစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့် များနှင့် ပြည့်စုံရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရမည်ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ စတုတ္ထအချက်ထဲတွင်လည်း ဖော်ပြထားပြီး ဖြစ်၍ သက်ဆိုင်သူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးရပြီး ချိန်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးမှုများမှာလည်း ထိုစဉ်ကပင် မရှေးမနှောင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားမျိုးစုံပါဝင်သည့် ပြည်တွင်း ညီညွတ်ရေးအကြံပေးအဖွဲ့ကိုဖွဲ့စည်းကာ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးသည့်ခေတ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း ပေါ်ပေါက်လာသည်။
တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံး NCA လမ်းကြောင်းတွင် လျှောက်လှမ်းကြရန် အစဉ်တစိုက် တိုက်တွန်းနှိုးဆော်ခဲ့ပြီး တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုကို လည်း ရပ်စဲပေးထားသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက် ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ ငါးလကြာ ရပ်စဲတိုးမြှင့်ပေးထားသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ဖော်ဆောင်ရာတွင် အစိုးရအပြောင်းအလဲကြောင့် ရပ်ဆိုင်း သွားရမည်မဟုတ်ဘဲ အစိုးရအဆက်ဆက် လက်ဆင့်ကမ်းဖော်ဆောင် သွားကြရမည်ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်အောင် တက်လှမ်းကြရမည် ဖြစ်သည်။ NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ၏ လိုလားချက်၊ ကနဦးအဆိုပြုချက်များအပေါ် မူတည်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကျေအလည် အသေးစိတ် ကြိမ်ဖန်များစွာ ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲခဲ့သည့် စာချုပ်ဖြစ်သည်။
NCA သည် ငြိမ်းချမ်းရေးအတွက် လျှောက်လှမ်းရမည့် လမ်းကြောင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ က စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အာမခံထားရာ NCA လမ်းကြောင်းတွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးခရီးကို မပျက်မကွက် စိစစ်နိုင်ကြပါစေကြောင်း။ ။