
နေပြည်တော် ဇန်နဝါရီ ၁၁
ကယားပြည်နယ် လွိုင်ကော်မြို့လေဆိပ်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ဆင်းသက်ရောက်ရှိစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့က လူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက်ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွား သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားချင်း လာရောက်နှောင့်ယှက်ပစ်ခတ် ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ၎င်းတို့ ထွက်ပြေးနိုင်မည့်လမ်းကြောင်း များအား ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေး ဆောင်ရွက်လျက်ရှိစဉ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ခုနစ်စီးကို တွေ့ရှိသဖြင့် လုံခြုံရေးအရစစ်ဆေးမှုခံယူနိုင်ရေး ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်များပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။ ထိုသို့ မောင်းနှင်ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင်ကုန်း များတွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း၊ ဖြစ်စဉ်တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက် သင်တန်းတက်ရောက်ရန် ပါဝင်လာသည့် လူသစ်အချို့တို့အား လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီး ရမိခဲ့ကြောင်းနှင့် မီးလောင်လွယ်သည့် စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အကြမ်းဖက်အဖွဲ့များ ကျေးရွာများမှ အဓမ္မ ကောက်ခံရယူသွားခဲ့သည့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင် ထားသည့် မော်တော်ယာဉ် ခုနစ်စီးမှာလည်း မီးလောင်ပျက်စီးခဲ့သည်။
အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ် အချို့တို့က လူမှုကွန်ရက်စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့အကြား အထင်အမြင်လွဲမှားမှုများဖြစ်ပေါ် လာအောင် မဟုတ်မမှန်သတင်းများ လှုံ့ဆော်ထုတ်လွှင့်ရေးသား ဖော်ပြလျက်ရှိသဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့စစ် နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ဒေသခံ နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများနှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းနေ့တွင် မိုဆိုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် တရားမဝင် ဖောက်လုပ်ထားသော ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း-ဒေါ့ကယားခူ-မိုဆို မြေသားလမ်းအတိုင်း မောင်းနှင်လာသည့် မသင်္ကာဖွယ် မော်တော်ယာဉ် ခုနစ်စီးအား တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရန် ရပ်တန့်စေခဲ့ ကြောင်း၊ မော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိဘဲ မော်တော်ယာဉ် များပေါ်မှ အသင့်ပါလာသော လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့များကလည်း ပြန်လည်ပစ်ခတ်စဉ် မိုဆိုကျေးရွာအနီး တောင်ကုန်းများပေါ်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်အဖွဲ့ များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာ ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ရောက်ရှိခဲ့သည့် မော်တော် ယာဉ် ခုနစ်စီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်နှင့် ဗုံးသီးများ ထိမှန်၍ ရှေ့ဆုံးမော်တော်ယာဉ်များ၌ တင်ဆောင်လာသော စက်သုံး ဆီများ ပေါက်ကွဲမီးလောင်ခဲ့ကြောင်း၊ မီးလောင်နေသည့် ကားမှ တစ်ဆင့် ကျန်မော်တော်ယာဉ်များအား လျင်မြန်စွာမီးကူးစက်ခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြားမှ အတတ်နိုင်ဆုံး ယာဉ်ပေါ် လိုက်ပါသူများအား ကယ်ထုတ်ရန် ကြိုးပမ်းသော်လည်း မီးလောင်မှု အရှိန်နှင့် တစ်ဖက်၏ပစ်ခတ်မှုများကြောင့် ကယ်တင်နိုင်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး နီးစပ်ရာမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များကို အကူအညီတောင်းခံ သော်လည်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များ ကြောင့် မီးသတ်ယာဉ်များပျက်စီးခြင်းနှင့် CDM လှုပ်ရှားမှုများကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အားလျော့နည်းခြင်းတို့ကြောင့် လာရောက် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
အကူအညီတောင်းခံ
ဒီးမော့ဆိုမြို့မှ မိုဆိုကျေးရွာသို့ အများပြည်သူများ သွားလာ အသုံးပြုလျက်ရှိသည့် လမ်းကြောင်းသည် ဒီးမော့ဆို-ဖရူဆို ကတ္တရာ လမ်းမှတစ်ဆင့် မိုဆိုကျေးရွာသို့ သွားရောက်ရခြင်းသာဖြစ်သော် လည်း ယခုထိတွေ့မှုဖြစ်ပွားသည့် အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ဖောက်လုပ်ထားသည့် ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း-ဒေါ့ကယားခူ-မိုဆို မြေသားလမ်းအတိုင်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားနေစဉ် မိုဆိုကျေးရွာမှ ကျေးရွာသားများက ကျေးရွာ ရှိ ဒေသခံနယ်ခြားစောင့်တပ်စခန်းသို့ လာရောက်သတင်းပို့ အကူအညီ တောင်းခံခဲ့ရာ နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင် လေးဦးက တာဝန် ရှိသူများထံ သတင်းပို့ခြင်းမရှိဘဲ တိုက်ပွဲဖြစ်ရာနေရာသို့ ကိုယ်စီ လက်နက်ငယ်များယူဆောင်၍ အရပ်ဝတ်များဖြင့် လိုက်ပါသွား ကြောင်း၊ အဆိုပါအဖွဲ့သည် စခန်းမှထွက်ခွာပြီး မကြာမီ လက်နက်ငယ် သံများကြားရကြောင်း၊ လက်နက်ငယ်သံကြားရချိန် မတိုင်မီကပင် တိုက်ပွဲဖြစ်သံကြားနေရကြောင်း၊ သို့ဖြစ်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး၏ လက်ပြန်ကြိုးတုပ်၍ အဖမ်းခံရမှုမှာ စခန်းမှထွက်ခွာစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် တွေ့ဆုံခဲ့ပြီး သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့ပြီးမှသာ လက်ပြန်ကြိုးတုပ်နှောင် ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ထားသည့် ပုံစံဖန်တီးမှုဖြစ်နိုင်ကြောင်း ဖော်ထုတ်သိရှိရသည်။
ထိုကဲ့သို့ ဖြစ်စဉ်မှန်ကို သိရှိခြင်းမရှိဘဲ အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့်မီဒီယာများနှင့် လူပုဂ္ဂိုလ် အချို့တို့က လူမှုကွန်ရက်စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံ နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား အထင်အမြင်လွဲမှားသံသယမှုများဖြစ်ပေါ်လာအောင် အကြိမ်ကြိမ် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ် လျက်ရှိသည်ကို တွေ့ရှိရသည်။ မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပေါ်နေသည်ကိုပင် အချိန်မီ မီးငြှိမ်းသတ် နိုင်ရေး ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ပတ်ဝန်းကျင်တောင်ကုန်းများပေါ်မှ ပစ်ခတ်မှုများကြောင့်သာလျှင် မငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ် တွင် လိုက်ပါလာသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများနှင့် ယာဉ်ပေါ်ပါဝင်လာသူ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဓာတ်ဆီ၊ ဒီဇယ်ပေါက်ကွဲ၍ မော်တော်ယာဉ် မီးလောင် ဆုံးရှုံးမှုဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းဒေသ ကြီး တာမွေမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ဆီတိုင်ကီအား ထိမှန်ပေါက်ကွဲ ခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မီးလောင်ဒဏ်ရာကြောင့် သေဆုံး၊ ဒဏ်ရာရမှု ဖြစ်စဉ်မျိုးရှိခဲ့မှုကိုလည်း နိုင်ငံပိုင်သတင်းစာ၊ ရုပ်သံများ၌ ဖော်ပြခဲ့ သည်။
မဟုတ်မမှန် သွေးထိုးလှုံ့ဆော်
အထက်ပါ ဖြစ်စဉ်နှစ်ခုအား သုံးသပ်ကြည့်ပါက မော်တော်ယာဉ် များပေါ်တွင် မီးလောင်လွယ်သည့်လောင်စာဆီများ၊ စားသောက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရ လျှင် မီးလောင်ပျက်စီးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ယင်းဖြစ်စဉ် အပေါ် အခွင့်ကောင်းယူအမြတ်ထုတ်၍ အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွှယ်သူများက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အရပ်သားများအား သတ်ဖြတ်သည့် အသွင်ဖြင့် လုပ်ကြံဖန်တီးခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် သွေးထိုးလှုံ့ဆော် ရေးသားဖော်ပြခြင်းများ ဆောင်ရွက် လျက်ရှိသည်ကို သိရှိရသည့်အပြင် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက် မှုကို အားပေးအားမြှောက်သည့်မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့ ကလည်း အဖြစ်မှန်အား သိရှိခြင်းမရှိဘဲ ၎င်းတို့၏ ထင်မြင်ယူဆချက် များအပေါ်အခြေခံပြီး ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ မိုဆိုကျေးရွာအနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်အတွင်း မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီးနောက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များ အား သတ်ဖြတ်ပြီး လက်ပြန်ကြိုးတုပ်နှောင်မီးရှို့ကာ အထင်အမြင် လွဲမှားမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိစွာဖြင့် တမင်ဖန်တီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အရပ်သားပြည်သူများ ထိခိုက် နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူများအနေဖြင့်လည်း တစ်ဖက်သတ် အထင်အမြင် လွဲမှားစွာ ရေးသားဖော်ပြနေမှုများအပေါ် စဉ်းစားဆင်ခြင်သုံးသပ်ပြီး အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်ရန် လိုအပ်ပါကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်