ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဖျာပုံနှင့် ဒေးဒရဲမြို့တို့မှ ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့်တွေ့ဆုံ

Image not available
နေပြည်တော်      မတ်      ၇
 
လူမှု၀န်ထမ်း၊   ကယ်ဆယ်ရေးနှင့်    ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်   ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့ရှိ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၌ ဘိုးဘွား ၃၅ ဦးအတွက် အလှူငွေ ကျပ် ငါးသိန်း၊  စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖျာပုံနှင့် ဒေးဒရဲမြို့တို့တွင် ဖွင့်လှစ် လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာအခြေပြု စေတနာလူမှုဝန်ထမ်းသမား များနှင့် တွေ့ဆုံဆွေးနွေးသည်။
 
ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်
 
ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး    ပြည်သူများ၏  လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့်   ဝန်ကြီးဌာနဖြစ်ပါကြောင်း၊  ထိုသို့ ဆောင်ရွက်နိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းဆောင်ရွက်ခြင်းဆိုသည်မှာ ပြည်သူနှင့် အနီးကပ်တွင်ရှိသော အများ အကျိုးဆောင်ရွက်လိုသည့် ပြည်သူများက မိမိအကျိုး၊ အများအကျိုး ဖြစ်ထွန်း စေပြီး ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက် ခြင်းဖြစ်ကြောင်း၊   ဧရာဝတီတိုင်းဒေသကြီးအတွင်း  ဆောင်ရွက်မည့် MCCT အစီအစဉ်တွင် ရပ်ရွာဆီသို့အရောက်သွား၍  လူမှုရေးအထောက်အပံ့ပေးနိုင်ရေး အသိပေးရှင်းလင်းခြင်း၊ အကျိုးခံစားခွင့်ရှိသူများအား စာရင်းသွင်းမှတ်ပုံတင်ခြင်း၊ အာဟာရဆိုင်ရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာနှင့် မိသားစုဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသော အခြားသော ဝန်ဆောင်မှုများ၊ အထောက်အပံ့များနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် ဖြစ်ကြောင်း။
 
လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး
 
ယခုဆောင်ရွက်နေသော MCCT အစီအစဉ်သည် ရှေးဦးအရွယ် ကလေး သူငယ်ဘဝမှစ၍ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက် ခြင်းတို့နှင့်ပြည့်စုံပြီး မိမိတို့နိုင်ငံနှင့်   လူ့အဖွဲ့အစည်းတစ်ခုလုံး  ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေး အတွက် အရေးကြီးသောကိစ္စဖြစ်ပါကြောင်း၊  ရန်ပုံငွေ ကန့်သတ်ချက်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်         တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်ခြင်း  မရှိသေးသည့်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ပုညှက်မှု အညွှန်းကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ   ၂၀၁၇ - ၂၀၁၈  ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါကြောင်း၊ ထို့နောက် ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်ခဲ့ပါကြောင်း။
 
ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး 
 
ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MCCT အစီအစဉ်ကို အကောင်အထည်ဖော်  ဆောင်ရွက်ရာတွင် အစိုးရ၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်း သက်သာသော ချေးငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားရှိ ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရန်နှင့် ရင်းနှီးရကျိုးနပ်စေ ရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုလုပ်ငန်းများကို ထောက်ပံ့ခံရ သူများထံသို့ အချိန်မီ၊ အပြည့်အဝနှင့် တိုက်ရိုက်ရောက်ရှိနိုင်ရေးအတွက် ယခုလို ရပ်ရွာအခြေပြု စေတနာလူမှုဝန်ထမ်းသမားများကို လေ့ကျင့်သင်တန်းပေးပြီး သင်တန်းသူ သင်တန်းသားများက ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ ငွေကြေးထောက်ပံ့ရာတွင် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး  Electronic Cash Transfer အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်အောင် စီစဉ်လျက် ရှိကြောင်း ပြောကြားသည်။
 
သင်တန်းပေါင်း ၁၅၈ ကြိမ် ဖွင့်လှစ်မည်
 
MCCT အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခြောက်ခု၊ မြို့နယ်ပေါင်း  ၂၆ မြို့နယ်တွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရပ်ရွာအခြေပြု စေတနာလူမှုဝန်ထမ်းသမားများ လေ့ကျင့်သင်တန်းပေးခြင်း သင်တန်းပေါင်း ၁၅၈ ကြိမ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ သက်ကြီးရွယ်အိုများဦးစီးသည့် အားလုံးပါဝင်သော လူမှု အားမာန်အဖွဲ့ ရှစ်ဖွဲ့နှင့် ကျိုက်လတ်မြို့နယ်ရှိ လူမှုအားမာန်အဖွဲ့ ၁၉ ဖွဲ့တို့နှင့် တွေ့ဆုံပြီး ပံ့ပိုးငွေကျပ် သိန်း ၂၇၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်၌ ဆောက်လုပ်နေသည့် ဘိုးဘွားရိပ်သာအဆောက်အဦနှင့် မြတ်စေတနာ ဘိုးဘွား ရိပ်သာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘိုးဘွားများကို တွေ့ဆုံအားပေး စကားပြောကြားသည်။ 
 
သတင်းစဉ်