
ဆောင်းပါးပြည်တွင်းရေးရာ
==================
အပန်းမဖြေရသူများထံသို့ ပေးပို့လိုက်သော အလွမ်းပြေ စာတစ်စောင်
==============================================
အောင်ကျော်သိန်း
========
၂၀၁၉-၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲများအား ခရိုင်အလိုက် အသီးသီး ကျင်းပကြောင်း သတင်းများကို လွန်ခဲ့သော လများအတွင်းက ဖတ်ရှုခဲ့ရပါသည်။ ကိုဗစ် ကာလဖြစ်၍ လူရည်ချွန် အပန်းဖြေစခန်းချခရီး မထွက်ဖြစ်တော့ဟု ထင်မိသည်။ ယခုနှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူများအတွက် စိတ်မကောင်းခြင်း များစွာလည်း ဖြစ်မိရပါသည်။ လူရည်ချွန်အပန်းဖြေ စခန်းများသို့ ဒေသန္တရဗဟုသုတ လေ့လာရေးခရီး မထွက်ဖြစ်တော့သောကြောင့် စိတ်မကောင်းဖြစ်မိခြင်း ဖြစ်ပါသည်။
လူရည်ချွန် အတွေ့အကြုံရှင်းလင်းပွဲများ
စာရေးသူတို့ငယ်စဉ်က ပညာရေးဝန်ကြီးဌာန ဝန်ကြီး၏ လူရည်ချွန်ဆုသည် ကျောင်းသား ကျောင်းသူ တိုင်း ရရှိလိုကြသောဆုတစ်ဆု ဖြစ်ပါသည်။ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်းများရှိ ဆရာ ဆရာမများ ကလည်း လူရည်ချွန် ကျောင်းသားများကို အားကျပြီး လူရည်ချွန်ဖြစ်လာအောင် ကြိုးစားကြရန် မိမိတို့၏ တပည့်အပေါင်းကို အမြဲမပြတ်ဆိုသလို တိုက်တွန်း အားပေးလေ့ရှိကြသည်။ ယမန်နှစ် နွေရာသီ လူရည်ချွန် စခန်း အသီးသီးမှ ၎င်းတို့ရရှိလာခဲ့သည့် အတွေ့အကြုံ သင်ခန်းစာများကို တစ်ကျောင်းလုံးရှိ ကျောင်းသား ကျောင်းသူများကို ပြန်လည်ရှင်းလင်းတင်ပြသည့် လူရည်ချွန် အတွေ့အကြုံရှင်းလင်းပွဲများကိုလည်း ကျောင်းအသီးသီးတွင် ခြိမ့်ခြိမ့်သဲသဲ ဂုဏ်ယူကျင်းပလေ့ ရှိကြပါသည်။
လူရည်ချွန်တစ်ယောက်ဖြစ်လာရန်မှာ လွယ်ကူ လှသည်တော့ မဟုတ်ပါချေ။ အရည်အချင်းစစ် စာမေးပွဲ များကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့်ဟူ၍ သုံးဆင့် ဖြေဆိုရသည်။ အဆင့် တိုင်းမှာ အထွေထွေဗဟုသုတမေးခွန်း၊ ဉာဏ်စမ်းမေးခွန်း များကို ရေးဖြေ၊ နှုတ်ဖြေ နှစ်မျိုးစလုံး ဖြေဆိုရရုံသာမက ကြံ့ခိုင်စွမ်းရည်မေးခွန်းများကိုလည်း လက်တွေ့ဖြေဆို ရသေးသည်။ ‘အိပ်ထမတင်’၊ ‘ထိုင်ထဆန့်ထုတ်’၊ ‘ဒိုက်ထိုး’၊ ‘အလျားခုန်’၊ ‘မီတာတစ်ရာအပြေး’ စသည် တို့ကို ချွေးတလုံးလုံးဖြင့် အောင်မြင်အောင်ကြိုးစား ဖြေဆိုခဲ့ရသည်များကိုလည်း ယနေ့တိုင် မမေ့နိုင်ခဲ့ ပါချေ။
ထိုအဆင့်အားလုံးကို ဖြေဆိုအောင်မြင်ပြီးခါမှ လူရည်ချွန်အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်ပါသည်။ ထို့နောက် နွေရာသီရောက်သောအခါတွင်မှ မိမိကျရာ လူရည်ချွန် အပန်းဖြေစခန်းသို့ အပန်းဖြေခရီးသွားရောက်ခွင့် ရပါသည်။ စာရေးသူသည် ကိုးတန်းကျောင်းသားဘဝက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ သွားရောက်ခွင့် ရခဲ့ဖူးပါသည်။ စင်စစ်အားဖြင့် လူရည်ချွန်အပန်းဖြေစခန်းသို့ သွားရောက်ရခြင်းသည် အပန်းဖြေခရီး သက်သက်မဟုတ် ပါ။ ထိုစဉ်အခါက နွေရာသီ လူငယ်လုပ်အားပေးစခန်း များလည်း ရှိခဲ့ပေရာ ထိုလုပ်အားပေးစခန်းတွင် သွားရောက် ပါဝင် လုပ်အားပေးနေကြသူ လုပ်အားပေးကျောင်းသား ကျောင်းသူ သူငယ်ချင်းများက စာရေးသူတို့လူရည်ချွန် များအား ‘အလွန်ဇိမ်ကျတဲ့ ကျောင်းသားတွေ’ဟု နောက်ပြောင်ပြောဆိုခဲ့သောအခါ ကျွန်တော်တို့ လုံးဝ လက်မခံဘဲ ပြန်လည်ရှင်းပြခဲ့ဖူးသည်ကိုလည်း အမှတ်ရနေ မိပါသည်။ လူရည်ချွန်စခန်းသို့ သွားရောက်သည်ဆိုရာ၌ အပန်းဖြေရသည်ဟူ၍ မရှိလှပါ။ စခန်းပတ်ဝန်းကျင်ကျေးရွာ များသို့ ဒေသန္တရလေ့လာရေးခရီး သွားရောက်ရခြင်း၊ လူရည်ချွန်စခန်းတွင် စခန်းတွင်း ဟောပြောပွဲအမျိုးမျိုးသို့ တက်ရောက်ရခြင်း၊ ဉာဏ်စမ်းပဟေဠိအမျိုးမျိုးကို ဖြေဆို ရခြင်း၊ စခန်းတွင်းလူရည်ချွန်သတင်းစာကို နေ့စဉ်ထုတ် ရခြင်း၊ လူရည်ချွန်စခန်း၏ တာဝန်အမျိုးမျိုးကို နေ့အလိုက်၊ အုပ်စုအလိုက် အလှည့်ကျထမ်းဆောင်ရခြင်းစသည်ဖြင့် အမျိုးမျိုးသော လှုပ်ရှားမှုအစီအစဉ်များ၌ မနားတမ်း ပါဝင် ဆောင်ရွက်နေရခြင်းသာ ဖြစ်ပါသည်။
ယနေ့တိုင် မှတ်မိနေသော ငိုအားထက် ရယ်အားသန် ရသည့် ဖြစ်ရပ်လေးတစ်ခုကို အမှတ်တရ ပြန်လည် ဖော်ပြလိုပါသည်။ တစ်နေ့တွင် လူရည်ချွန်များအား ထမင်းစားခန်း၌ ညစာကျွေးသောအခါ ကျွန်တော်ယူရသည့် တာဝန်မှာ ကြာဆံဟင်းဝေရန် ဖြစ်ပါသည်။ တန်းစီနေသည့် လူရည်ချွန် သူငယ်ချင်း ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ၏ ပန်းကန်များထဲသို့ ကြာဆံဟင်းများကို ယောက်ချိုဖြင့် ခပ်ထည့်ပေးရပါသည်။ ကျောင်းသားဦးရေ တစ်ဝက်ကျော်ကျော်လောက် ထည့်ပေးပြီးသွားပါပြီ။ သူတို့လည်း ထမင်းစားပွဲတွင် သူတို့ကျရာနေရာများ၌ အသီးသီးထိုင်ကာ ညစာသုံးဆောင်နေကြပါပြီ။ ထိုအချိန် တွင် တာဝန်ကျဆရာတစ်ဦးသည် မိမိထံ လျှောက်လာ၍ ‘ဟေ့ သူငယ် မင်းဘာတွေဝေနေတာလဲ’ ဟု မေးလာပါသည်။ ကျွန်တော်ကလည်း ‘ကြာဆံဟင်းဝေနေတာပါ ဆရာ’ ဟု ချက်ချင်းပြန်ဖြေလိုက်ပါသည်။ ဆရာက ‘မင်းတို့ လူရည်ချွန် တွေကို ကြာဆံဟင်းသက်သက်ပဲ ကျွေးတာတော့ မဖြစ် နိုင်ဘူးထင်တယ်။ ကြာဆံဟင်းအိုးထဲကို အောက်ခြေ အထိရောက်အောင် မွှေကြည့်ပါဦး’ဟု ပြောလာပါသည်။ ကြာဆံဟင်းဆိုသည့်အတွက် ကြာဆံအဖတ်များကိုသာ ကြည့်၍ ဟန်ကျပန်ကျ ဟင်းဝေနေသော ကျွန်တော်သည် ဟင်းမွှေသည့် ယောက်ချိုဖြင့် ကြာဆံအိုးကြီး၏ အောက်ခြေ အထိ ဆင်းမွှေလိုက်သောအခါ ‘လား လား’ ကြက်သား တုံးကြီးများ တစ်ပုံကြီး ထွက်ပေါ်လာပါတော့သည်။ ကျွန်တော်လည်း ထူပူသွားကာ အားလုံးကိုတောင်းပန်၍ နောက်တစ်ကြိမ်ထပ်၍ တန်းစီခိုင်းကာ ဟင်းထပ်ဝေရ ပြန်ပါတော့သည်။ သူငယ်ချင်းအားလုံးက ကျွန်တော့်ကို ကောင်းကောင်းကြီး မှတ်မိသွားကြပါတော့သည်။ ကျွန်တော်လည်း နမော်နမဲ့မလုပ်ဖို့ ကောင်းကောင်းကြီး သင်ခန်းစာ ရသွားခဲ့ပါသည်။
ဗဟုသုတအမျိုးမျိုးကို ဖလှယ်ခွင့်ရရှိ
လူရည်ချွန်စခန်းတွင် အတန်းကြီးလူရည်ချွန်များက မေးသည့် ဉာဏ်စမ်းပဟေဠိပုစ္ဆာများကို အတန်းငယ် လူရည်ချွန်များက ဖြေဆိုရသည့် အစီအစဉ်လည်း ပါရှိပါသည်။ အဖြေမရမချင်း မအိပ်ဘဲ တစ်ညလုံး စဉ်းစားပြီး နံနက်မိုးလင်းမှ အဖြေရခဲ့ရသည်ကိုလည်း သတိရနေမိပါသေးသည်။ စခန်းတွင်း လူရည်ချွန် သတင်းစာကို နေ့စဉ်ထုတ်ဝေရာ ကဗျာရေး၍ ပို့ချင် ပါလျက် မရေးနိုင်ဖြစ်နေသော သူငယ်ချင်း လူရည်ချွန် တစ်ဦးအား ကာရန်ယူ ကဗျာစပ်နည်းကို ပျော်ပျော်ရွှင်ရွှင် သင်ပေးခဲ့ဖူးသည်ကို သတိရနေမိပါသည်။ နည်းအမျိုးမျိုး ဖြင့် ထူးချွန်နေကြသော တစ်နိုင်ငံလုံးမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ပညာ ဗဟုသုတအမျိုးမျိုးကို ဖလှယ်ခွင့် ရရှိခဲ့ပေရာ အတိုင်းမသိ တန်ဖိုးရှိလှသော ပညာဗဟုသုတများ၊ အတွေ့အကြုံများ တိုးပွားခဲ့ရပါသည်။
ယနေ့ခေတ်တွင် ထိုတစ်ခါတုန်းက လူရည်ချွန် များသည် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကြီးလေးသည့် နိုင်ငံ့ တာဝန်များကို အသီးသီးထမ်းဆောင်လျက် ရှိနေကြပါပြီ။ အချို့လည်း တာဝန်ကျေစွာထမ်းဆောင်ပြီး၍ သက်ပြည့် အငြိမ်းစားပင် ယူသွားခဲ့ကြပါပြီ။ ယခုနှစ်တွင် ပေါ်ထွက် လာကြသည့် လူရည်ချွန် ကျောင်းသား ကျောင်းသူ အသီးသီးတို့သည်လည်း နောင်အနာဂတ်ကာလများတွင် ဤကဲ့သို့ပင် ကျရာတာဝန် ကျရာအခန်းကဏ္ဍများမှနေ၍ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ကြမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်ဟု ယုံကြည်လျက်ရှိနေပါ ကြောင်း တင်ပြရင်း ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား ကျောင်းသူများကို အားပေးကြိုဆို ဂုဏ်ပြုအပ်ပါသည်။ ။
- Log in to post comments