
တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့နယ်ချင်းစီ တင်းတင်းကျပ်ကျပ် စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်
ဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက်မှုကွင်းဆက်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်
=========================================================================
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
====================
ထက်လျှံ
=====
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည် -
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁ (ရန်ကုန်)]
ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ရန်ကုန်အနေနဲ့ ထိန်းချုပ် နိုင်တဲ့အနေအထား မရောက်သေးပါဘူး။ ကိုဗစ်ဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်က ဆက်ပြီးတက်နေတဲ့ အနေအထားရှိပါတယ်။ ကျွန်တော်တို့ ထိန်းချုပ်နိုင်မှု မရှိသေးပါဘူး။
ကိုဗစ်-၁၉ ကုသမှုအပိုင်းအနေနဲ့ မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီပြည်သူ့ဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ် ရှိ မိခင်နှင့်ကလေးဆေးရုံ၊ ဖောင်ကြီးကိုဗစ်စင်တာ၊ ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမအိမ်ရာ၊ လှိုင်မြို့နယ်ရှိ လှိုင်ကိုဗစ် စင်တာနဲ့ မြတ်လေးဆောင်၊ သုဝဏ္ဏဘောလုံးအကယ် ဒမီကျောင်းတွေမှာ သီးခြားကုသမှုပေးနေပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့ Positive လူနာတွေကို လက်ခံကုသပေး ဖို့အတွက် ခုတင်လွတ်အနေနဲ့ ၆၀၀ ရှိပါတယ်။ ကျွန်တော် တို့ စီမံခန့်ခွဲနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် လူနာအားလုံးကို ဆေးရုံမှာတင်ပြီး ကုသပေးဖို့အတွက် ပြင်ဆင်နေပါတယ်။
မဟာဗျူဟာပြောင်းလဲ
ဒီလူနာတွေကို သယ်ယူပို့ဆောင်ပေးမှုအနေနဲ့ ယခင် လူနာ ၂၀၀/၂၅၀ ပို့ဆောင်ပေးနေရာကနေ လူနာ ၅၀၀ ကျော်ကို ပို့ဆောင်ပေးရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ အတော်ကို ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ယခင် တုန်းက ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ လက်ရှိကျွန်တော်တို့ အနေအထားက လူနာ ၃၀၀ / ၄၀၀ အတွက် ကြိုတင် တွက်ချက်ပြီး ဆောင်ရွက်ထားတာပါ။ ယခုလူနာ ၅၀၀ ဖြစ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းဆောင် ရွက်မှု မဟာဗျူဟာတွေ ပြောင်းလဲပြီး ဆောင်ရွက်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။
ဒီလို လုပ်ငန်းဆောင်ရွက်မှု မဟာဗျူဟာတွေ ပြောင်းလဲဆောင်ရွက်နိုင်ဖို့ဆိုရင် တင်းကျပ်စွာ ထိန်းချုပ် ဆောင်ရွက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ရှိမှာ Quarantine ထားတယ်ဆိုရင် ပထမဆုံး ၃ ပတ် သို့မဟုတ် တစ်လ ထားခဲ့ပြီး ၁၄ ရက်ကို လျှော့ချခဲ့ပါတယ်။ ယခုကျွန်တော် တို့က Double Negative နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုကို နှစ်ကြိမ် နှာခေါင်းတို့ဖတ် နမူနာယူပြီး စစ်ဆေးကြည့်လိုက်လို့ နှစ်ခါ Negative ဖြစ်ရင် တစ်ပတ်နဲ့ဆေးရုံက ဆင်းပေးမှာဖြစ်ပါတယ်။ အဓိပ္ပာယ်က ဓာတ်ခွဲစစ်ဆေးမှုခံယူသူအနေနဲ့ နှစ်ကြိမ်စလုံး မှာ Negative ဖြစ်တဲ့အတွက် ပြည်သူလူထုထဲကို ကူးစက် နိုင်ခြင်းမရှိဘူးလို့ သုံးသပ်ပြီး ဆေးရုံတက်ရမယ့်ရက်ကို ထပ်ပြီးလျှော့မှာဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာမှာလည်း ကျင့်သုံးနေပါတယ်။
ကျွန်တော်တို့အနေနဲ့ တင်းကျပ်စွာထိန်းချုပ်ဆောင် ရွက်တဲ့နည်းလမ်းကို ရွေးချယ်ရခြင်းက တတ်နိုင်သမျှ သေဆုံးမှုနှုန်းကို အနည်းဆုံးဖြစ်အောင်လို့ ဆောင်ရွက်ရ ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ Quarantine တွေအနေနဲ့ Double Negative ၇ ရက် လျှော့ဖို့ စတင်နေပြီ ဖြစ်ပါတယ်။ Double Negative ဖြစ်လို့ ဆင်းခွင့်ရသူတွေ ဟာ Home Quarantine ဆက်နေရမှာ ဖြစ်ပါတယ်။ ဒီ Home Quarantine ကို အားဖြည့်ဖို့လိုပါတယ်။ Home Quarantine မှာ လျော့ရိလျော့ရဲနေလို့ မရပါဘူး။ ဒီအတွက်လည်း Home Quarantine လုပ်မယ့်လူကိုယ် တိုင် လိုက်နာဖို့လိုအပ်သလို ဘေးကလည်း သူ့ကို ပံ့ပိုးပေး ဖို့လိုပါတယ်။ ကျွန်တော်ပြောတဲ့ စကားလုံးအဓိပ္ပာယ်က “ကြပ်မတ်ပေးဖို့” မဟုတ်ပါဘူး။ “ပံ့ပိုးပေးဖို့” ဖြစ်ပါတယ်။ Home Quarantine ဝင်နေတဲ့သူကို အခက်အခဲဖြစ်အောင် လုပ်ဖို့ မဟုတ်ပါဘူး။ ဒီလူအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒီလို လုပ်ပေးတဲ့နေရာမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ၊ မိသားစုကိုယ်တိုင်၊ ရပ်ရွာက၊ မြို့နယ် နဲ့ တိုင်းအပါအဝင် နိုင်ငံတော်အနေအထားနဲ့ လုပ်ဖို့ စီစဉ် ပြီးဖြစ်ပါတယ်။
ထပ်မံပြင်ဆင်နေ
ဒါကြောင့် ကျွန်တော်တို့ တစ်ဆင့်လျှော့ချပြီး ဆောင် ရွက်မယ့် အစီအစဉ်မှာ ပြည်သူလူထုရဲ့ ပါဝင်မှုက အရေး ကြီးပါတယ်။ Facility Quarantine ကနေပြီး Double Negative ဖြစ်လို့ ပြန်ထွက်လာမယ့်သူတွေကို အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ သူတို့ အနေနဲ့ Home Quarantine တစ်ပတ်နေရမှာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကို လျှော့ချမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည်ကို ကျော်လွန်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမအိမ်ရာထဲက အဆောင်ခြောက် ဆောင်ကို ထပ်မံပြင်ဆင်နေပါတယ်။ ရိုးမမှာ ယခုအချိန်မှာ ဆိုရင် ခုတင် ၅၇၆ ခုတင် ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ နောက်ထပ်ခြောက်ဆောင် ပြင်ဆင်ပြီးရင် ခုတင် ၄၄၀ ကျော် ထပ်မံလက်ခံနိုင်မှာ ဖြစ်ပါတယ်။ ဒါကို ဒီနေ့အပြီး ပြင်ဆင် သွားမှာဖြစ်ပါတယ်။ နောက်တစ်ရက် ထွက်ပေါ်လာမယ့် လူနာတွေအတွက် အသင့်ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို ကြိုတင်ပြင်ဆင်ဆောင်ရွက်တဲ့အခါ မှာ တတ်နိုင်သမျှ အစွမ်းကုန်ပြည့်စုံအောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ သို့ရာတွင် ချို့ယွင်းချက်များရှိနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဒါကိုကြိုတင်ပြီး တောင်းပန်အသိပေးပါ တယ်။
ယခု ရိုးမအိမ်ရာကို ပြင်ဆင်နေတဲ့အချိန်နဲ့ တစ်ပြိုင် တည်းမှာ အောင်မြင့်မိုရ်အိမ်ရာကို ပြင်ဆင်နေပါတယ်။ သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းမှာလည်း ဆက်ပြီး တော့ ခုတင် ၁၀၀ ဆံ့ HDU နဲ့ ICU ကို ပြင်ဆင်နေပါတယ်။ ယခုအနေအထားအရ လူနာတွေ များလာလေလေ ရောဂါ ပြင်းထန်တဲ့သူ အရေအတွက်က များလာလေလေ ဖြစ်ပါ တယ်။ ဒီရောဂါပြင်းထန်တဲ့သူတွေကို အပြည့်အဝကုသမှု ပေးနိုင်ဖို့အတွက် HDU နဲ့ ICU ခုတင် ၁၀၀ ဆံ့ကို ယနေ့ စတင်ဆောက်လုပ်ဖို့ ပြင်ဆင်မှာဖြစ်ပါတယ်။ ဒါကို တည်ဆောက်ဖို့အချိန် တစ်ပတ်/ ၁၀ ရက် ကြာမှာဖြစ်ပါ တယ်။ အဲဒီအချိန်မှ အဆင်သင့်ဖြစ်မှာ ဖြစ်ပါတယ်။
ကုသဖို့စီစဉ်
နောက်ထပ် မဟာဗျူဟာ အစီအစဉ်နဲ့ ပြင်ဆင် ဆောင်ရွက်နေတာက မြို့နယ်ဆေးရုံများ ဖြစ်ပါတယ်။ ယခင်က မြို့နယ်ဆေးရုံတွေကို အသုံးပြုခဲ့ခြင်း မရှိခဲ့ပါဘူး။ ယခုအချိန်မှာ ရခိုင်ပြည်နယ်မှာ ပြုလုပ်ခဲ့သလို မြို့နယ် ဆေးရုံတွေက တာဝန်ယူပြီး ရောဂါမပြင်းထန်တဲ့သူတွေကို လက်ခံကုသပေးဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်ဆေးရုံတွေ မှာ ယခုစတင်ပြင်ဆင်နေပါပြီ။ ဒီဆေးရုံတွေရဲ့ ကိုဗစ်ရောဂါ သည်တွေကို လက်ခံကုသပေးမယ့် နေရာတွေကို ပြင်ဆင် နေသလို ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကိုဗစ်ရောဂါဆိုင်ရာ မွမ်းမံသင်တန်းတွေကို သင်ကြားပေး နေပြီဖြစ်ပါတယ်။ ဒီနေရာတွေမှာ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကို လက်ခံကုသပေးသွားမှာ ဖြစ်ပါတယ်။ လူနာတော်တော်များများက အနံ့ပျောက်တာ ဖြစ်ပါတယ်။ လူကိုယ်တိုင် သွားနိုင်၊ လာနိုင်၊ စားနိုင်၊ သောက်နိုင်ဖြစ်တဲ့ လူနာအမျိုးအစားတွေကို မြို့နယ်ဆေးရုံ တွေမှာ ထားရှိကုသပေးသွားဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု ဖြစ်ပါ တယ်။ ဒီနေ့ ထားမှာ မဟုတ်သေးပါဘူး။ မနက်ဖြန်လည်း ကျွန်တော်တို့ထားဖို့ မလိုသေးပါဘူး။
ကျွန်တော်တို့ ပြင်ဆင်ထားတာတွေက ကုသရေး အပိုင်းဖြစ်သလို တစ်ဖက်ကလည်း ကာကွယ်ရေးအပိုင်း အနေနဲ့ အများကြီးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဆောင် ရွက်ဖို့ကိုလည်း ပြင်ဆင်လျက်ရှိပါတယ်။ Contact Tracing ကို ယခုအင်နဲ့အားနဲ့ ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ တစ်ဖက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီ Contact Tracing ကို လုပ်နေတဲ့အချိန်မှာ ပြည်သူလူထုပါဝင်ဖို့ လိုပါတယ်။
ပြည်သူလူထုအနေနဲ့ Contact ဖြစ်သွားသူတွေဟာ တစ်ဦး၊ တစ်ယောက်ချင်း၊ မိမိကိုယ်တိုင်၊ မိမိကနေ အများ ကိုမကူးအောင်၊ ကိုယ်က အများကို မကူးအောင်၊ အများက ကိုယ့်ကို မကူးအောင်နေထိုင်ကြဖို့လိုပါတယ်။ မိမိတို့ တစ်ယောက်ချင်းစီနေထိုင်ဖို့ လိုအပ်သလို မိသားစုတစ်စု ချင်းစီကလည်း ဒီကိစ္စကို စီစဉ်ဆောင်ရွက် လိုက်နာဖို့ လိုအပ်ပါတယ်။ အလားတူ အိမ်အလိုက်၊ ရပ်ရွာအလိုက် စီစဉ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး တစ်ဦးချင်း၊ တစ်ယောက်ချင်းစီ Contact ဖြစ်သွားတယ်ဆိုရင် ဒီဘက် ကလည်း အသိပေးပါမယ်။ ကိုယ်ကိုယ်တိုင်လည်းသိမှာ ဖြစ်ပါတယ်။ ကိုယ်က Contact ဖြစ်ရင် Positive ဖြစ်နိုင် တယ်။ ကိုယ် Positive ဖြစ်ရင် ဘေးကသူတွေကို ကူးစက် နိုင်တာကို အားလုံးက နားလည်ပြီး အသေအချာလိုက်နာ နေထိုင်မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက်မှု ကွင်းဆက်ဖြတ် တဲ့လုပ်ငန်းက အောင်မြင်မှာ ဖြစ်ပါတယ်။
ကူးစက်မှုကွင်းဆက်
ဒီနေ့ ကျွန်တော်တို့ လုပ်နေတာတွေ အကုန်လုံးသည် ကုသရေးဘက်ကဖြစ်ပြီး ကာကွယ်ရေးဘက်က ဆောင် ရွက်နေမှုတွေ မအောင်မြင်ရင် ကုသရေးဘက်မှာ အခက် အခဲတွေ အများကြီးဖြစ်မှာ ဖြစ်ပါတယ်။ ကာကွယ်ခြင်း လုပ်ငန်းဟာ ကျွန်တော်အရင်ကပြောခဲ့သလို ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်းစီရဲ့ လိုက်နာဆောင်ရွက်မှုနဲ့ ဆိုင်ပါတယ်။ ဒါကြောင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်မိသားစုချင်း၊ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့ နယ်ချင်းစီ ဒီကိစ္စကို အသေအချာ တင်းတင်းကျပ်ကျပ် အားလုံးစုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက် မယ်ဆိုရင် ကိုဗစ်ရောဂါကူးစက်မှုကွင်းဆက်ကို လျှော့ချ နိုင်မှာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကွင်းဆက်ကို တားထား နိုင်မှာဖြစ်ပါတယ်။ ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ဒါမှသာလျှင် ဒီဘက်က ကုသမှု အပိုင်းမှာ နိုင်နိုင်နင်းနင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မျိုးဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ ဆောင်ရွက်ပေး ကြပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပါတယ်။ ဆောင် ရွက်ပေးကြဖို့လည်း ကျွန်တော့်အနေနဲ့ အထူးအနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
- Log in to post comments