
ရန်ကုန် ဇန်နဝါရီ ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ၂၀၂၁ ခုနှစ်တွင် မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ခန့်မှန်း ၃၃ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ်မှ သိရသည်။
မီးလောင်မှု ဖြစ်စဉ်တို့တွင် ကချင်ပြည်နယ်၌ ၈၁ ကြိမ်၊ ကယားပြည်နယ်၌ ၁၉ ကြိမ်၊ ကရင်ပြည်နယ်၌ ၃၃ ကြိမ်၊ ချင်း ပြည်နယ်၌ ၃၈ ကြိမ်၊ စစ်ကိုင်း တိုင်းဒေသကြီး၌ ၃၀၁ ကြိမ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ၈၅ ကြိမ်၊ နေပြည်တော်၌ ၇၁ ကြိမ်၊ ပဲခူးတိုင်းဒေသကြီး၌ ၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီး၌ ၂၁၀ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး၌ ၂၄၅ ကြိမ်၊ မွန်ပြည်နယ်၌ ၁၃၂ ကြိမ်၊ ရခိုင်ပြည်နယ်၌ ၆၄ ကြိမ်၊ ရန်ကုန် တိုင်းဒေသကြီး၌ ၃၁၀၊ ရှမ်း ပြည်နယ်၌ ၁၇၃ ကြိမ်၊ ဧရာဝတီ တိုင်းဒေသကြီး၌ ၁၄၂ ကြိမ်ဖြင့် စုစုပေါင်း ၂၁၀၇ ကြိမ် ဖြစ်ပွား ခဲ့ကာ မီးလောင်မှုကြောင့် ၁၀၅ ဦး သေဆုံးခဲ့ပြီး ၁၅၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။
၂၀၂၀ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး ၇၅ ဦးသေဆုံး၍ ၂၂၀ ဒဏ်ရာ ရရှိကာ ခန့်မှန်းတန်ဖိုး ခြောက် ဘီလီယံကျော် ဆုံးရှုံးခဲ့သည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သည် မီးဘေးအန္တရာယ်ကာကွယ် ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက် နိုင်ရန်၊ နိုင်ငံတော်နှင့်ပြည်သူ ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ မီးသတ် ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အားကိုး ယုံကြည်မှု ရရှိလာစေရန်နှင့် မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အိုင်တီ နည်းပညာဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် 191 Re-port app ကို ရေးဆွဲထားရာ download ရယူပြီး မီးဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ် တို့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင် ရန် ကြိုဆိုဖိတ်ခေါ်လျက်ရှိသည်။
မီးသတ်ဦးစီးဌာနသည် ပြည်သူ လူထု၏ အသက်အိုးအိမ်ပစ္စည်း များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေး အန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝဘေး အန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်ရာ ၌ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် ရည်ရွယ်ချက် ထား ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် မှ သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး