
ပရီမီယာလိဂ်ပွဲစဉ် (၂၂) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဂွါဒီယိုလာ၏ မန်စီးတီးအသင်းနှင့် တူချယ်၏ ချယ်ဆီးအသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၁၅ ရက် ညပိုင်းက အီတီဟက်၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ဒီဘရိုင်း၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ချယ်ဆီးအသင်းကို အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ် ၂၂ ပွဲ ကစားပြီး ရမှတ် ၅၆ မှတ်နှင့်အတူ ၁၃ မှတ်အသာဖြင့် အမှတ် ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် မန်စီးတီးအသင်းသည် မာရက်ဇ်၊ ဇင်ချန်ကိုတို့ ပါဝင်လာနိုင်ခြင်းမရှိသော်လည်း အားထားရသည့် စတားလင်း၊ ဖိုဒင်၊ ဂရီးလစ်ချ်၊ ဒီဘရိုင်းတို့ကို အသုံးပြုကာ ချယ်ဆီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ ချယ်ဆီးအသင်းကလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် ကစားသမားနှင့် ဒဏ်ရာရရှိနေသည့် ကစားသမားတို့ကို ချန်လှပ်ကာ ဇီယက်၊ ပူလီဆစ်၊ လူကာကူ၊ ကန်တေ၊ ကိုဗာဆစ်စသည့် အဓိက ကစားသမားအများစုဖြင့် မန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့သည်။
ယခုနှစ်ရာသီတွင် ခြေစွမ်းထက်မြက်နေသည့် အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည့်အပြင် အမှတ်ပေးဇယား အဆင့် (၁)နှင့်(၂)နေရာမှ အသင်းအချင်းချင်းတွေ့ဆုံသည့် ပွဲစဉ်ဖြစ်သည့် အလျောက် ပွဲမှာပြိုင်ဆိုင်မှုပြင်းထန်ခဲ့သော်လည်း မိနစ် ၆၀ ကျော်သည် အထိ သွင်းဂိုးများ မြင်တွေ့ခဲ့ရခြင်း မရှိချေ။ သို့သော်လည်း မန်စီးတီး အသင်းအတွက်တစ်လုံးတည်းသော သွင်းဂိုးကို မိနစ်၇၀တွင် ကန်ဆယ် လို၏ဖန်တီးမှုမှတစ်ဆင့် ဒီဘရိုင်းက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်း ချေပဂိုးရရှိရေးကြိုးစားလာသော်လည်း အသင်း စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်ရှိနေသည့်အတွက် ချေပဂိုးနှင့်ဝေးကွာ ခဲ့ပြီး ရှုံးပွဲနှင့်ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် မန်စီးတီးအသင်းက ဂိုးကန်သွင်းမှု ၁၁ ကြိမ်အထိ ရှိခဲ့သော်လည်း ချယ်ဆီးအသင်းက လေးကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။
အခြားပွဲစဉ်ရလဒ်များအဖြစ် နယူးကာဆယ်နှင့် ဝက်ဖို့ဒ်ပွဲမှာ တစ်ဂိုးစီ သရေဖြစ်ခဲ့ပြီး နော့ဝှစ်နှင့် အဲဗာတန်တို့ပွဲတွင် နော့ဝှစ်က နှစ်ဂိုး -တစ်ဂိုးဖြင့် အနိုင်ရသည်။ ဝုလ်နှင့် ဆောက်သမ်တန်တို့ပွဲတွင် ဝုလ်က သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်