စီးပွားရေးအလားအလာကောင်းများနှင့် မြင့်မားလာနိုင်သည့် အနာဂတ်လူမှုစီးပွား

အယ်ဒီတာ့အာဘော်

==============

 

စီးပွားရေးအလားအလာကောင်းများနှင့် မြင့်မားလာနိုင်သည့် အနာဂတ်လူမှုစီးပွား

=========================================================

 

ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေးသာမက အသက် အန္တရာယ်ပါ ထိခိုက်ပျက်စီးမှုရှိစေသော မကြုံဖူးသည့် ရောဂါဆန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိပြည်သူများသည် ကိုဗစ်ရောဂါကြောင့် ဘဝများ၊ အသက် များ ပေးဆပ်ခဲ့ရပြီး ဆက်လက်၍လည်း ရင်ဆိုင်ကျော်လွှားအန်တုနိုင်ရန် ကြိုးပမ်းနေသည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ ကျန်းမာရေး အတွက်သာမက လူမှုစီးပွားများပါ ထိခိုက်ပျက်စီးစေသည်ကို လက်တွေ့ ကြုံတွေ့နေကြရပါသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုးကြောင့် ကျန်းမာရေးအပြင် လူမှုရေး၊ စီးပွားရေး ထိခိုက်နစ်နာသည့် အကျိုးသက်ရောက်မှုများ များစွာ ရှိနေပြီဖြစ်သည်။ အချို့ပြည်သူများအနေဖြင့် ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံ၏ လူမှုဘဝ၊ စီးပွားရေးဘဝအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေပေသည်။ ယင်းကိစ္စနှင့်စပ်လျဉ်းပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြ သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

“ကျွန်မတို့ ကိန်းဂဏန်းတွေ ကြည့်လိုက်တယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ဟာ ကျွန်မတို့အခုက ၉ လပိုင်းပဲရှိသေးပေမယ့် အရင်နှစ်ကထက်ပိုနေပါပြီ။ အဲဒီတော့ပြောချင်တာက ကိုဗစ်ရောဂါနဲ့ ရုန်းကန်နေရတဲ့ အခြေအနေမှာ တောင်မှ ကျွန်မတို့ စီးပွားရေးသိပ်ပြီးတော့ မကျဆင်းအောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး ထိန်းထားပါတယ်။ ထိန်းလို့လည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်နေတယ်ဆိုတာလည်း ပြောချင်ပါတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားအသိပေးခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်၍ စီးပွားရေးနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းနှစ်ခုတွင် ယခုစက်တင်ဘာလ၌ အလားအလာ ကောင်းများတွေ့နေရသည်ကို ညွှန်းဆိုဖော်ပြခဲ့ပြီး ယခုနှစ်ကုန်တွင် ကူးသန်းရောင်းဝယ်ရေးပိုင်း၌ အောင်မြင်မှုများရနိုင်မည်ဖြစ်သည်။ လက်ရှိ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၈၁၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၁၂၀ ခန့် ပိုမိုရရှိထားသည်။ ယခုဘဏ္ဍာနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ပြည်ပသို့ စုစုပေါင်းပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၇၁ ဘီလီယံရရှိထားပြီး ယခင်နှစ်ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၇၄ ဘီလီယံသာ ရရှိခဲ့သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံခန့်ရရှိထားပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၈၀၀ ခန့် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြည်သူ့အစိုးရလက်ထက် လေးနှစ်ကျော်ကာလတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းလုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းကဏ္ဍ ၁၁ ခုတို့တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဝင်ရောက်ထားသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲကာလ၌ ရင်းနှီးမြှုပ်နှံမှုနှင့် အချို့သောကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင် အလားအလာကောင်း များမှာ အားရစရာဖြစ်သည်။ စက်တင်ဘာလ ၂၇ ရက်နေ့ညတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပသည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတွင် ဆွေးနွေးကြသော ဖွံ့ဖြိုးဆဲနိုင်ငံ ၁၃ နိုင်ငံမှ ဝန်ကြီးများက ကိုဗစ်-၁၉ တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ၂၀၃၀ အာဂျင်ဒါနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စုစည်းညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာနက်ရှိုင်းရေးသည် အရေးကြီးကြောင်း အသိအမှတ်ပြုပြောကြားခဲ့ကြပြီး ကိုယ်စားလှယ်များက ဖွံ့ဖြိုးဆဲနိုင်ငံများအား အရင်းအမြစ်များနှင့် နည်းပညာအကူအညီများထောက်ပံ့ရေးအတွက် ကုလသမဂ္ဂ၏အခန်းကဏ္ဍကို အလေးထားပြောကြား ခဲ့သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော်လည်း မြန်မာနိုင်ငံ၏အနာဂတ်စီးပွားရေး၊ အလုပ်အကိုင် အခြေအနေများအတွက် စိုးရိမ်ပူပန်ဖွယ်ရာမရှိဘဲ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှု၊ လက်ရှိ၌ စီးပွားရေးအလားအလာကောင်းများ ရရှိမှုတို့ကြောင့် အနာဂတ်လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။