(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြား

=======================================================================================================================================================

 

 

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက် တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

 

အလေးပေးပြောကြား

 

ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြော ကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါအား ကျော်လွှားနိုင်ရေးနှင့် ကုလသမဂ္ဂအား အားလုံးလိုလားသော အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရေးတို့အတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏ အရေးပါပုံကို အလေး ပေးပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူကို ကိုင်စွဲကာ ကပ်ရောဂါအား ကာကွယ်တုံ့ပြန်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်ကြသူအားလုံးအတွက် ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သော ဒီမိုကရေစီပေါ်ထွန်းရေးနှင့် အားလုံးပါဝင် သည့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ရရှိစေရေး အတွက်လည်းကောင်း၊ ပြည်တွင်းတရား စီရင်ရေးစနစ်နှင့်အညီ တာဝန်ခံမှုကိစ္စအား ကိုင်တွယ်ဆောင်ရွက်မှုအပါအဝင် ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသော အခြေအနေများကို ဖြေရှင်းရေးအတွက် လည်းကောင်း မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေ မှုများကို အသိပေးပြောကြားခဲ့သည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အင်္ဂလိပ် ဘာသာဖြင့် ပြောကြားခဲ့သည့် မိန့်ခွန်း အလွတ်သဘော မြန်မာဘာသာပြန်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

 

သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား

(၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အတွက် အဆွေတော် Mr. Volkan Bozkir ကို နွေးထွေး လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါ တယ်။

 

ယခုအစည်းအဝေး ကျင်းပပြုလုပ်နေချိန်မှာ ကမ္ဘာကြီး အနေနဲ့ ကျွန်တော်တို့ရဲ့ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်ခင်းနေရပါတယ်။ ဒီကပ်ရောဂါကြီးကြောင့် လူတစ်ဦးစီသာမက အသိုက်အဝန်းတွေအကြားမှာပါ နေ့စဉ်နေထိုင်လုပ်ကိုင်မှု အလေ့အကျင့်တွေ စံနှုန်းတွေကို ပြန်လည်စဉ်းစားသုံးသပ်မှုတွေ မဖြစ်မနေလုပ်နေရပြီဖြစ် ပါတယ်။ အခုဆိုရင် (၇၅)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို အွန်လိုင်းကနေတစ်ဆင့်သာ ကျင်းပနေရပါတယ်။ မမြင်နိုင်တဲ့ ဒီဗိုင်းရပ်စ်ပိုးကြောင့် လူဦးရေတစ်သန်းနီးပါးကို အသက်ဆုံးရှုံးစေခဲ့ပြီးတော့ နေ့စဉ်နေထိုင်မှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့တာတွေ တစ်ကမ္ဘာ လုံးမှာရှိတဲ့ လူမှုအသိုက်အဝန်းတွေကို အစိတ်စိတ် အမြွှာမြွှာဖြစ်စေခဲ့တာတွေဟာ တကယ့်ကို စိုးရွံ့အားငယ် စရာပဲဖြစ်ပါတယ်။

 

ဒီကပ်ရောဂါကြီးဟာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု ဝါဒ(multilateralism)ရဲ့ အနေအထားကို စမ်းသပ်မှုတစ်ခု ဖြစ်ပါတယ်။ ဒီကပ်ရောဂါကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင် ယခင်က မရှိခဲ့ဘူးတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှု အတိုင်းအတာမျိုး လိုအပ်ပါတယ်။ ဒါကြောင့် ယခုနှစ် အထွေထွေညီလာခံရဲ့ဆောင်ပုဒ်အဖြစ် “ကျွန်ုပ်တို့လိုလား သော အနာဂတ်၊ ကျွန်ုပ်တို့ လိုအပ်သော ကုလသမဂ္ဂ- နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒအပေါ် ကျွန်ုပ်တို့၏ ဘုံကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်း”လို့ ရွေးချယ်တာဟာ အလွန်ဆီလျော်မှုရှိကြောင်း ပြောကြား လိုပါတယ်။

 

နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ၏အခန်းကဏ္ဍနှင့် ကျွန်ုပ်တို့လိုလားသော ကုလသမဂ္ဂ

သဘာပတိကြီးခင်ဗျား

 

တစ်ကမ္ဘာလုံး စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက် ဖို့ အလိုအပ်ဆုံးဖြစ်နေတဲ့ ယခုလို အချိန်မျိုးမှာ တစ်ကိုယ် တော်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတွေ မြင့်တက် လာမှုတွေကြောင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ အပေါ်မှာ အဆမတန်ဖိအားတွေ ဖြစ်စေလျက်ရှိပါတယ်။ ကိုဗစ်-၁၉ ရောဂါ စတင်ပျံ့နှံ့မှုဖြစ်ပွားပြီးနောက်ပိုင်းမှာ ပထဝီနိုင်ငံရေးအရ အားပြိုင်မှုနဲ့ နိုင်ငံများအကြား ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဒီလိုအခြေအနေ မျိုးက မရေရာမှုတွေကို ဖန်တီးပေးနေပါတယ်။ ကျွန်တော် တို့ရင်ဆိုင်နေရတဲ့ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုတွေကို စုစည်း ညီညွတ်စွာကျော်လွှားနိုင်ဖို့၊ ပိုပြီးအင်အားနည်းတဲ့ နိုင်ငံ တွေ၊ ထိခိုက်လွယ်တဲ့ သူတွေအပေါ် သက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် စည်းမျဉ်းမူဘောင်တွေအပေါ် အခြေခံတဲ့ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ပိုမိုခိုင်မာ အားကောင်းအောင်ဆောင်ရွက်ဖို့ ယခင်ကထက်ပိုပြီး လိုအပ်လျက်ရှိပါတယ်။ ဒါကိုဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ မယ်ဆိုရင်တော့ နိုင်ငံတွေရဲ့ တည်ငြိမ်မှုကို ပျက်ပြားစေမှာ ဖြစ်ပြီး ကုလသမဂ္ဂအပေါ်မှာလည်း နောက်တိုးဝန်ထုပ် ဝန်ပိုးတွေ ကျရောက်စေမှာ ဖြစ်ပါတယ်။

 

နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို အင်အားလျော့ နည်းစေတဲ့ ပြောကြားမှုတွေရှိနေကြပေမယ့်လည်း စိန်ခေါ် မှုတွေကိုရင်ဆိုင်ဖို့ ကုလသမဂ္ဂကလွဲပြီး အခြားနည်းလမ်း ကို ရှာမတွေ့သေးပါဘူး။ ရှာလည်းမရှာပါဘူး။ ကမ္ဘာ တစ်ဝန်း လူသားသန်းပေါင်းများစွာရဲ့ အကျိုးအတွက် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ တရား မျှတတဲ့ အလေ့အထရှိမှု၊ ဥပဒေနဲ့အညီဖြစ်စေမှုနဲ့ တရား ဥပဒေစိုးမိုးမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ ကျွန်တော်တို့ဟာ ကုလသမဂ္ဂကနေပဲ အားလုံးပူးပေါင်းအားထုတ်ကြရမှာပဲဖြစ်ပါတယ်။ ထိရောက်တဲ့ နိုင်ငံစုံ လုပ်ငန်းဆောင်ရွက် မှုတွေကတစ်ဆင့် နောက်ထပ်လူပေါင်းများစွာရဲ့ ဘဝတွေ ကို ကယ်တင်နိုင်မှာ၊ ကျန်းမာရေးအခြေအနေတွေကို ပိုမို ကောင်းမွန်စေမှာ၊ လုံခြုံမှုတွေပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

 

ဒါကြောင့် ကုလသမဂ္ဂကို ကျွန်တော်တို့အားလုံး လိုချင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာဖို့အတွက် ကျွန်တော် တို့တွေ အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ နိုင်ငံတွေက လိုအပ်တဲ့အချိန် မှာ အားကိုးအားထား ပြုစရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ရပါမယ်။ ကုလသမဂ္ဂဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ မျှော်လင့်ချက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေးမြှင့်တင်၊ ကာကွယ် ရေးဆောင်ရွက်ရာမှာ ၎င်းရဲ့လုပ်ပိုင်ခွင့် အာဏာအပ်နှင်း ထားသူ(mandate holder)များကို လွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ ဖြောင့်မတ်မှန်ကန်မှုစတဲ့ “မူ”တွေကို တိတိကျကျလိုက်နာအောင် ဆောင်ရွက်ကြစေရေးအတွက် ကုလသမဂ္ဂက ကြပ်မတ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အတိတ် ကိုလိုနီစနစ်အမွေဆိုးကို ဆက်ခံရတဲ့ အဖွဲ့ဝင် နိုင်ငံတွေအပေါ် စံနှုန်းနှစ်မျိုး ကျင့်သုံးမှုကို လုံးဝရှောင်ကြဉ် ရမှာ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု၊ နိုင်ငံရေးဩဇာ ညောင်းမှုအတိုင်းအတာကိုမကြည့်ဘဲ နိုင်ငံတွေရဲ့ တန်းတူ ညီတူရှိမှုကို လေးစားရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ

သဘာပတိကြီးခင်ဗျား

 

ကိုဗစ်-၁၉ ကပ်ရောဂါဟာ အရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံတွေကိုတောင် မနိုင်မနင်းနဲ့ အခက်အခဲတွေ ကြုံတွေ့ စေခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံအတွက်တော့ အင်မတန်ကြီးမားတဲ့ တာဝန်ကြီး တစ်ရပ်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီကပ်ရောဂါကြီးကို တိုက်ဖျက်ရာမှာ ပရဟိတစိတ်၊ ဆိုးတူကောင်းတူ မျှဝေ ခံစားမှုစိတ်တွေကို အခြေခံပြီး ပြည်သူတွေရဲ့ အင်အားနဲ့ တစ်နိုင်ငံလုံးပါဝင်ဆောင်ရွက်တဲ့ နည်းလမ်းကို ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။

 

ဒီလိုဆောင်ရွက်မှုတွေကြောင့် ဒီဗိုင်းရပ်စ်ရဲ့ ပထမလှိုင်း ကို အောင်အောင်မြင်မြင် ထိန်းချုပ် ကျော်လွှားနိုင်ခဲ့ပေမယ့် လည်း ဒုတိယလှိုင်းရဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက် ရေးနဲ့ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုသက်သာ ရေးစီမံချက်(CERP)ကို အကောင်အထည်ဖော်ပြီး စီးပွား ရေးကဏ္ဍအပေါ် သက်ရောက်မှုတွေ လျော့နည်းစေဖို့ တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါတယ်။ လူမှုဖူလုံရေး ကာကွယ်စောင့်ရှောက်မှုတွေမရရှိကြဘဲ နိုင်ငံရပ်ခြားမှာ အခက်အခဲနဲ့ ကြုံတွေ့နေကြရတဲ့ မိမိနိုင်ငံသားတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ဗိုင်းရပ်စ်ကူးစက်နိုင် တဲ့ အန္တရာယ်ရှိပေမယ့် အမိနိုင်ငံဆီကို ပြန်လည်ခေါ်ဆောင် လျက်ရှိပါတယ်။

 

“မည်သူ့ကိုမှ ချန်မထားရေးမူ”အရ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်မှုမှာ ပြည်တွင်း နေရပ်စွန့်ခွာသူတွေ၊ မသန်စွမ်းတွေ၊ လုပ်အားခနည်းတဲ့ လုပ်သားတွေစတဲ့ လူတန်းစားအလွှာအားလုံးအတွက်ပါ အကျုံးဝင်ပါတယ်။ ပြည်တွင်း နေရပ်စွန့်ခွာသူတွေရဲ့ ယာယီခိုလှုံရာစခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစီမံချက် တစ်ရပ်ကို အစိုးရအနေနဲ့ ချမှတ်ဆောင်ရွက်လျက်ရှိပါ တယ်။ ဒီစီမံချက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေဖို့နဲ့ နေရပ်စွန့်ခွာသူများအကြား ရောဂါတားဆီး၊ ထိန်းချုပ်ရေး အတွက် လိုအပ်တဲ့အစီအမံတွေ ပါဝင်ပါတယ်။ ဒီကနေ့ အထိ ဘယ် IDP စခန်းမှာမှ စိုးရိမ်ဖွယ်ရာ ရောဂါဖြစ်ပွား မှု မရှိသေးပါဘူး။

 

ကူးစက်မြန်ကပ်ရောဂါနဲ့ ပဋိပက္ခအခြေအနေများ

 

သဘာပတိကြီးခင်ဗျား

 

အကြမ်းဖက်ဝါဒဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံဖြတ် ကျော် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့ ရရှိဖို့ အတွက် အကြမ်းဖက်ဝါဒမှန်သမျှ ဘယ်ပုံစံနဲ့ကျူးလွန် သည်ဖြစ်စေ ဆက်လက် တိုက်ဖျက်သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ မလွဲမသွေဆောင်ရွက်ရမယ့် လိုအပ်ချက်တစ်ရပ်ဖြစ် ပြီး ဒီအချက်ကို ယုတ္တိမရှိတဲ့ ကိစ္စတွေနဲ့ မှေးမှိန်သေးသိမ် အောင်လုပ်တာမျိုး လက်သင့်မခံသင့်ပါဘူး။ ပဋိပက္ခနဲ့ မလုံခြုံမှုဟာ ငြိမ်းချမ်းရေးအပေါ် ဆိုးကျိုးသက်ရောက်စေ ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ ဖော် ဆောင်တဲ့နေရာမှာ သမားရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှု တွေနဲ့ ပြဿနာတွေရဲ့ဇာစ်မြစ်ကို နားလည်ဖို့လိုအပ်ပါ တယ်။ ပဋိပက္ခအခြေအနေတွေ ကြုံတွေ့နေရတဲ့ ဒေသ တွေမှာ တည်ငြိမ်မှုရရှိစေဖို့နဲ့ ဘုံရန်သူဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရာမှာ အထောက် အကူဖြစ်စေဖို့ အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းချက်ကို ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ ဒီတိုက်တွန်းချက်ကို ကြိုဆိုတုံ့ပြန်တဲ့အနေနဲ့ မြန်မာ့တပ်မတော်ဟာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ ဩဂုတ်လ ၃၀ ရက်အထိ အကြမ်း ဖက်အဖွဲ့အစည်းများရှိတဲ့ နေရာများမှအပ ကျန်နယ်မြေ အားလုံးမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာချက်ကို စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

 

အစိုးရထိန်းချုပ်မှု အပြည့်အဝမရှိတဲ့ ဒေသတွေမှာ ကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် အတူ လက်တွဲဆောင်ရွက်ဖို့ အစိုးရက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်မှုမျိုးဟာ အစိုးရဘက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း တစ်နည်းတစ်လမ်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ခရီးသည်တင်လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ယာယီရပ်ဆိုင်းထားခဲ့ပေမယ့် ထိခိုက် ခံအသိုက်အဝန်းအားလုံးကို ခွဲခြားမှုမရှိဘဲ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ဆက်လက် ပေးအပ်နိုင်အောင် အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါတယ်။

 

သဘာပတိကြီးခင်ဗျား

 

ပထမဦးဆုံး အရပ်သားအစိုးရအနေနဲ့ နိုင်ငံရဲ့တာဝန် ကို ငြိမ်းချမ်းစွာ လွှဲပြောင်းထမ်းဆောင်ခဲ့တာ လေးနှစ် ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီလိုလွှဲပြောင်း တာဝန်ယူ နိုင်ခဲ့ခြင်းကြောင့် ဆယ်စုနှစ် (၅)ခုကျော်ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မြန်မာပြည်သူ ပြည်သားတွေအတွက် ဒီမိုကရေစီအပြည့်အဝရှိတဲ့ နိုင်ငံ ဖြစ်လာစေဖို့ ခရီးအစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က လျှောက်လှမ်းခဲ့တဲ့ ခရီးလားရာ မျိုးနဲ့ မတူခြားနားတဲ့ ခရီးလမ်းကြောင်းကို သတိကြီးစွာနဲ့ လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ယခုကစပြီး တစ်လ ကျော် ကာလအတွင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ မဲရုံတွေဆီကို နောက်တစ်ကြိမ် သွားရောက် မဲပေးကြပြန် တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျည်ဆန်တွေ အစား မဲပြားတွေအပေါ် မှီခိုအားထားတဲ့ နိုင်ငံရေးစနစ် တစ်ရပ်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ နိုင်ငံတိုင်း ဟာ ခက်ခဲတဲ့ကာလတွေကို ကျော်ဖြတ်ကြရမြဲဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ခြွင်းချက်တော့ မဟုတ် ပါဘူး။ ဖြစ်ပွားနေဆဲ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ တွေ၊ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးတဲ့ ပြဿနာအဟောင်း၊ အသစ်တွေနဲ့ အဲဒါတွေထက် ပိုပြီးဆိုးရွားတဲ့ ကိုဗစ်-၁၉ ရဲ့ စိန်ခေါ်မှုတွေအပါအဝင် များပြားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရုန်းကန်နေရဆဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့လေးနှစ်အတွင်းမှာ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကန့်အသတ်များ ရှိနေ တဲ့ကြားက ပြည်သူပြည်သားတွေအနေနဲ့ အခြေခံ လွတ်လပ်ခွင့်တွေ၊ ဖွံ့ဖြိုးမှုအသီးအပွင့်တွေ ရရှိခံစားနိုင် ပြီး အေးချမ်းလုံခြုံစွာနေထိုင်နိုင်ဖို့၊ သူတို့တွေရဲ့ ကိုယ်ပိုင် အခွင့်အရေး စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ ပါတယ်။ အခုဆိုရင် ပြည်သူပြည်သားတွေအနေနဲ့ ဒီမို ကရေစီအခွင့်အရေးတွေကို စတင်ခံစားနေကြရပြီဖြစ်ပါ တယ်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်နိုင်မှ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ခံစားစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ အချိန်တို အတွင်းမှာ ပြည်သူပြည်သားတစ်ရပ်လုံးရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်ခဲ့ ပေမယ့်လည်း ကျန်းမာရေး၊ ပညာရေး၊ အခြေခံအဆောက် အအုံ၊ လူမှုစီးပွားဖွံ့ဖြိုးမှုနဲ့ ကောင်းမွန်သောအုပ်ချုပ်မှု အပါအဝင် နယ်ပယ်များစွာမှာ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ရရှိနေပြီဖြစ်ပါတယ်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

သဘာပတိကြီးခင်ဗျား

 

မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်း နေထိုင်ရာ နိုင်ငံမှာ မတူကွဲပြားမှုတွေကြားက စည်းလုံး ညီညွတ်မှု တည်ဆောက်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပဲဖြစ်ပါတယ်။ မြန်မာအစိုးရဟာ ရေရှည်ငြိမ်းချမ်း ရေး၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

ဆယ်စုနှစ် (၇)ခုကြာ ပြည်တွင်းပဋိပက္ခကို အဆုံး သတ်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အတွက် တိုင်းရင်းသားလူမျိုးအားလုံးနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ပြုလုပ်ရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ ရည်မှန်းချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် (၂၁)ရာစု ပင်လုံညီလာခံလို့လည်း ခေါ်ဆိုကြတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို လေးကြိမ် တိုင် အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ အကျိုးရလဒ်အားဖြင့် အနာဂတ်ပြည်ထောင်စုအတွက် အခြေခံဖက်ဒရယ်မူတွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူစာချုပ်ရဲ့ တတိယပိုင်းကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ယခုရရှိတဲ့ ‘မူ’တွေက ဘယ်အစိုးရပဲ အုပ်ချုပ်ပါစေ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် တည်ဆောက်ဖို့အတွက် လမ်းကြောင်းကို ဖော်ဆောင်ချမှတ်ပေးသွားမှာ ဖြစ်ပါ တယ်။

ရခိုင်ပြည်နယ် အရေးကိစ္စ

သဘာပတိကြီးခင်ဗျား

၂၀၁၆ ခုနှစ် မတ်လမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အရပ်သားအစိုးရ စတင်တာဝန်ယူစဉ် မှာ နိုင်ငံအတွက် အဓိကဦးစားပေးဆောင်ရွက်မယ့် လုပ်ငန်းတွေကို ချမှတ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ ရခိုင်ပြည်နယ်အရေးကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုလိုနီခေတ်က နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှု နဲ့ အသိုက်အဝန်းတွေအကြား ပဋိပက္ခ သံသရာတွေက အစပြုပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ အသိုက် အဝန်းတွေအကြားမှာ အပြန်အလှန် အယုံအကြည် ကင်းမဲ့မှုနဲ့ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်အမြစ်တွယ်လာ စေခဲ့ပါတယ်။

 

ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိစေဖို့ အလုံးစုံလွှမ်းခြုံတဲ့ ချဉ်းကပ်ဆောင်ရွက်မှု တစ်ရပ် လိုအပ်ပါတယ်။ ဒါကို နားလည်လက်ခံထားတဲ့ အားလျော်စွာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီကို ၂၀၁၆ ခုနှစ် မေလမှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မရှင်က ရခိုင်ပြည်နယ်မှာ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိစ္စတွေအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ရှာနိုင်ဖို့ အချက် (၈၈) ချက်ကို အကြံပြုထားခဲ့ပါတယ်။

 

စိန်ခေါ်မှုတွေမျိုးစုံ ရှိနေပေမယ့် ရခိုင်ပြည်နယ်မှာ နေထိုင်သူအားလုံးရဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ရေရှည်တည်တံ့မယ့် အခြေခံ ကောင်းတွေ ဖော်ဆောင်ပေးဖို့ အစိုးရအနေနဲ့ သန္နိဋ္ဌာန် ပြုထားပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ ဝန်ကြီးအဆင့် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ယင်းကော်မတီအနေနဲ့ ဦးစားပေး နယ်ပယ် (၅) ရပ် ရွေးချယ်ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေ ဖြစ်ပေါ်နေတဲ့ ကြားမှာပဲ ကော်မတီရဲ့လုပ်ငန်းတွေကို ယနေ့ထိ ဆောင်ရွက်လျက်ရှိပါတယ်။

 

ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့်ဖြစ်ပေါ်တိုးတက်မှု အခြေအနေ

သဘာပတိကြီးခင်ဗျား

 

ကျွန်တော်တို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေအပေါ်မှာ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခကြောင့် ထိခိုက်ခံအသိုက်အဝန်းတွေရဲ့ အခက် အခဲ၊ ဒုက္ခတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုကို သိရှိနားလည်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လူသားချင်းစာနာမှုအခြေအနေ၊ နေရပ် ပြန်လည်ခေါ်ဆောင်ရေး၊ ပြန်လည်နေရာချထားရေး၊ အသိုက်အဝန်းများ ပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးစတဲ့ နယ်ပယ်တွေကို အလေးထား ဆောင်ရွက်နေပါတယ်။

 

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ

 

တိုက်ပွဲတွေကြောင့် သွားလာမှုအခက်အခဲတွေ ရှိနေပေမယ့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်က ထိခိုက်ခံ ပြည်သူတွေဆီကို အစားအစာနဲ့ အရေးပေါ်ပစ္စည်း စတဲ့ လူသားချင်းစာနာမှု အကူအညီ တွေ သွားရောက်ထောက်ပံ့ပေးနိုင်ဖို့အတွက် အစိုးရအနေနဲ့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလားတူပဲ ယခင်ရှိပြီးသား IDP စခန်းတွေနဲ့ နောက်ထပ်တိုးတဲ့စခန်းတွေ အပါအဝင် ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှု တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အစိုးရနဲ့ ICRC တို့ ပူးပေါင်းပြီး လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ WFP ကလည်း အစားအသောက်တွေ ပုံမှန်ဖြန့်ဖြူးခြင်းနဲ့ ထိခိုက်လွယ် အသိုက်အဝန်းတွေအတွက် အာဟာရဖွံ့ဖြိုးမှု အပါအဝင် အခြားလုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နိုင်နေ ပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်အဖွဲ့နဲ့ အခြား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း ဒေသခံတွေအနေ နဲ့ ရရှိနေပြီဖြစ်ပါတယ်။

 

နေရပ်ပြန်လည်ခေါ်ဆောင်ရေး နှစ်နိုင်ငံလုပ်ငန်းစဉ်

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီခဲ့တဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ မိမိတို့ဘက်က စိစစ်ပြီးသူတွေကို ၎င်းတို့ရဲ့ဆန္ဒအလျောက် လုံခြုံဘေးကင်းစွာနဲ့ သိက္ခာရှိစွာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆန္ဒကို ပြသဖို့နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘော တူညီချက်ပါ အချက်တွေကို တိတိကျကျ လိုက်နာဖို့ တိုက်တွန်းလိုပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကသာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ရှိနေတဲ့ နေရပ်ပြန်လည်ခေါ်ဆောင်ရေးကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ နှစ်နိုင်ငံ လုပ်ငန်းစဉ် အပေါ် ၎င်းတို့ပေးထားတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက် မယ်ဆိုရင် မြန်မာနိုင်ငံဟာ လိုလိုလားလားတုံ့ပြန်တတ်တဲ့ မိတ်ဖက်ဖြစ်ကြောင်း သိလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဖိအားပေးတဲ့ နည်းဗျူဟာတွေက အချည်းအနှီးပဲ ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံဟာ ဖိအားပေးမှုကို ဘယ်လိုမှ လက်မခံပါဘူး။ အိမ်နီးချင်း (၅) နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီး တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရေးဟာ မြန်မာနိုင်ငံရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အကြမ်း ဖက်မှုဝါဒကို လုံးဝလက်မခံတဲ့၊ အပြောသာမဟုတ် အလုပ် နဲ့ သက်သေပြမယ့် အိမ်နီးချင်းကောင်းဖြစ်စေလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ နှစ်နိုင်ငံအတွက်သာမက ဒေသ တစ်ခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေး နိုင်မှာ ဖြစ်ပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့နဲ့ အေအေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ နှစ်ဖွဲ့လုံးဟာ ဘင်္ဂလား ဒေ့ရှ် ပိုင်နက်နယ်မြေမှာ ခိုလှုံနေကြပါတယ်။ အာဆာ အဖွဲ့နဲ့ ၎င်းရဲ့ အပေါင်းပါတွေဟာ ကော့စ်ဘဇားဘက်က စခန်းတွေမှာ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနဲ့ ဥပဒေနဲ့ မညီတဲ့ အခြားလုပ်ဆောင်မှုတွေ ပြုလုပ်နေကြပြီး နှစ်နိုင်ငံ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ကို ဟန့်တားနှောင့်ယှက်နေကြ ပါတယ်။ ဒီလိုပြုလုပ်မှုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ လုံးအပေါ် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် တင်းတင်း ကျပ်ကျပ် တားဆီးဖို့လိုအပ်ပါတယ်။

နေရပ်ပြန်ရေး မစတင်နိုင်သေးပေမယ့် နေရပ်စွန့်ခွာသူ (၃၅၀) ဦးကျော်ဟာ ကော့စ်ဘဇားစခန်းတွေကနေ ရခိုင် ပြည်နယ်ကို သူတို့ဆန္ဒအလျောက် နှစ်နိုင်ငံ ညှိနှိုင်းထားတဲ့ လမ်းကြောင်းကနေမဟုတ်ဘဲ ပြန်လည်ဝင်ရောက်လာခဲ့ ကြပြီးဖြစ်ပါတယ်။

 

ပြန်လည်နေရာချထားရေး

 

တစ်ဖက်နိုင်ငံကနေ နေရပ်သို့ ပြန်လာမယ့်သူတွေ အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ဖို့ အဖွဲ့အစည်း အသီးသီးနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်နေရာမှာ နှစ်နိုင်ငံ သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံအစိုးရ၊ ကုလ သမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နဲ့ သုံးဖွဲ့ပါဝင် တဲ့ သဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။

 

UNDP နဲ့ UNHCR အဖွဲ့တွေဟာ ကျေးရွာပေါင်း (၁၂၀) ကျော်မှာ လက်ငင်းလိုအပ်ချက်များကို ဆန်းစစ်လေ့လာမှု တွေ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး၊ အသက်မွေးကျွမ်းကျင်မှု သင်တန်းများနဲ့ ဝင်ငွေရရှိစေရေးတို့ပါဝင်တဲ့ ‘Quick Impact Projects’ (QIP) လို့ ကုလသမဂ္ဂကခေါ်တဲ့ စီမံချက် (၇၅) ခုကို ဆောင်ရွက်ဖို့အတွက်လည်း ခွင့်ပြုပေးပြီးဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကပ်ရောဂါကျရောက်နေတဲ့ အတွက် UNDP နဲ့ UNHCR တို့ဟာ အသိုက်အဝန်းတွေ အကြား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်တားဆီး ရေးအတွက် အသိပညာပေးလုပ်ငန်းတွေအပေါ်မှာ အလေးပေးဆောင်ရွက်လျက်ရှိပါတယ်။

အစိုးရအနေနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre) နဲ့လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်တဲ့ အချိန်မှာ အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့အနေနဲ့ လုပ်ငန်းစဉ်ကို မြေပြင်မှာ ဆန်းစစ်လေ့လာမှု ပြုလုပ်ကြ မှာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ ပြန်လည်ဝင်ရောက် မယ့် သူတွေအတွက် ယုံကြည်မှုပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ယခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား နေရပ်ပြန်ရေးကို အထောက်အကူဖြစ်စေဖို့ စီမံချက် (၄) ခု ဆောင်ရွက်ရေး သဘောတူခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) နေရပ်ပြန်လည်ခေါ်ဆောင်ရေးဆိုင်ရာ သတင်း အချက်အလက်များ ပိုမိုဖြန့်ဖြူးပေးရေး၊ (၂) ပြန်လည် လက်ခံမည့် စခန်းများတွင် စွမ်းဆောင်ရည်မြှင့်တင် ပေးရေး၊ (၃) စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးရေးနဲ့ (၄) အသက်မွေးဝမ်းကျောင်းမှု ပြန်လည် ထူထောင်ရေးအတွက် ကူညီပံ့ပိုးပေးရေးတို့ဖြစ်ပါတယ်။

 

တာဝန်ခံမှုရှိရေးနှင့် အသိုက်အဝန်းများ

ပြန်လည်သင့်မြတ်ရေး

 

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲ ချက်တွေနဲ့ပတ်သက်လို့လည်း မိမိတို့အနေနဲ့ စိုးရိမ်မှု ရှိတဲ့အတွက် အလေးအနက်ထားဆောင်ရွက်နေပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက်မှာ ပြုလုပ်ခဲ့တဲ့ ကြားနာမှုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူ့အခွင့်အရေးချိုးဖောက်မှု တွေ အမှန်တကယ် ကျူးလွန်တာတွေရှိခဲ့ရင် ကျူးလွန် သူတွေကို မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင် ရေးစနစ်နဲ့အညီ စုံစမ်းစစ်ဆေးမှု၊ အပြစ်ပေးအရေးယူမှု တွေ ပြုလုပ်မယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဖြစ်ပါ တယ်။ ဒါဟာ မြန်မာနိုင်ငံက လုပ်ပိုင်ခွင့်ရှိတဲ့ကိစ္စ၊ မိမိတို့ နိုင်ငံရဲ့ တာဝန်နဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးတို့နဲ့ဆက်စပ်နေတဲ့ ပြည်တွင်းလုပ်ငန်းစဉ် ဖြစ်တဲ့အတွက် မဖြစ်မနေလုပ်ရမည့်ကိစ္စ အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။

 

တာဝန်ခံမှုရှိရေးအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကော်မရှင်က ယင်းရဲ့ အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ တင်ပြခဲ့ပါတယ်။ အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို အခြေခံ ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက အရပ်သားကျူးလွန်သူ တွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်လျက် ရှိပါတယ်။

တပ်မတော်ဘက်အနေနဲ့လည်း ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ဆေးမှုများပြုလုပ်နေပြီး ၂၀၂၀ ပြည့်နှစ် နှစ်မကုန်ခင်မှာ တတိယမြောက် စစ်ဘက် ဆိုင်ရာတရားရုံးဖြင့် ချွတ်ပြင်နဲ့ မောင်နုကျေးရွာ ဖြစ်စဉ် တွေနဲ့ သက်ဆိုင်တဲ့ကိစ္စများကို စတင်စစ်ဆေးတော့မှာ ဖြစ်ကြောင်း တပ်မတော်စစ်ဥပဒေချုပ်ရုံးက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီကျေးရွာ နှစ်ရွာရဲ့ ဖြစ်စဉ်တွေဟာ ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်းမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိက အဖြစ် အပျက်တွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာလည်း ဒီကျေးရွာ နှစ်ရွာကို အဆိုးရွားဆုံး ဖြစ်စဉ်စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပြီး ကုလသမဂ္ဂနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာလည်း စွပ်စွဲ ပြောကြားထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တပ်မတော်စစ်ဥပဒေချုပ်ရုံးက စစ်ဘက်ဆိုင်ရာတရားရုံး ဖြင့် စစ်ဆေးဆောင်ရွက်မယ့်ကိစ္စဟာ ဆိုးရွားတဲ့ စွပ်စွဲ ချက်တွေအပေါ် တာဝန်ခံမှုရှိစေဖို့အတွက် မြန်မာနိုင်ငံ ရဲ့ ဆန္ဒသဘောထားကို သိသာထင်ရှားစွာ ပြသလိုက် တာပဲဖြစ်ပါတယ်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ ဆိုးရွားတဲ့ဖြစ်စဉ် (၁၂) ခု စာရင်းမှာ အပါအဝင်ဖြစ်တဲ့ အင်းဒင်နဲ့ ဂူတာပြင် ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အစော ပိုင်းက စစ်ဘက်ဆိုင်ရာ တရားရုံးဖြင့် စစ်ဆေးမှုမှာ တပ်မတော်အရာရှိနဲ့ တပ်သား (၁၃)ဦးကို အပြစ်ပေး အရေးယူခဲ့ပါတယ်။ အင်းဒင်ဖြစ်စဉ်မှာပါဝင်တဲ့ ပြစ်ဒဏ် ကျခံရသူတွေကို စောစီးစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် စိတ်မသက်သာဖြစ်ခဲ့ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြောကြားချက်ကို ထပ်မံပြောကြားလိုပါတယ်။ နောက်ပိုင်းအမှုကိစ္စတွေ မှာ ဒီလို အချိန်မတန်ဘဲ လွတ်ငြိမ်း ချမ်းသာခွင့်ပြုတာ တွေရှိတော့မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ရှေ့လာမယ့်လများအတွင်း ၂၀၁၇ ခုနှစ်က ရာဇဝတ်မှု တွေအတွက် တတိယမြောက် စစ်ဘက်ဆိုင်ရာတရားရုံး ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခထက် အဆများစွာ ဆိုးရွားတဲ့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာတောင် မိမိတို့ရဲ့ အရာရှိနဲ့ တပ်သား တွေကို တာဝန်ခံမှုရှိစေတဲ့ နိုင်ငံအရေအတွက်ဟာ ယခုခေတ်ရာစုနှစ်အတွင်းမှာ အနည်းငယ်ပဲရှိပါတယ်။

 

တပ်မတော်စစ်ဥပဒေချုပ်အနေနဲ့ တတိယမြောက် စစ်တရားရုံးနဲ့တင် ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကို သတိပြုမိမှာဖြစ်ပါတယ်။ တပ်မတော်စစ်ဥပဒေချုပ်ရဲ့၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ကြေညာ ချက်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာဖြစ်ပွားခဲ့တဲ့ ဖြစ်နိုင်ခြေရှိသော ချိုးဖောက်မှုများရဲ့ ကျယ်ပြန့်တဲ့အသွင်သဏ္ဌာန်များကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီစွပ်စွဲမှုတွေမှာ ဥပမာအားဖြင့် အရပ်သားနဲ့ အာဆာအကြမ်းဖက် သမားများအကြား သေချာစွာ ခွဲခြားမရခြင်း၊ အင်အား အလွန်အကျွံ အသုံးပြုခြင်း၊ ပစ္စည်းများလုယက်မှုနဲ့ ဖျက်ဆီးမှုမှ ကာကွယ်တားဆီးရန် ပျက်ကွက်ခြင်း၊ ဒါမှမဟုတ် အရပ်သားတွေကို အင်အားသုံးဖယ်ရှားခြင်း စတာတွေ ပါဝင်နိုင်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ဆောင်မှု တွေကို အထက်မှာ ပြောကြားခဲ့တဲ့ ဖြစ်စဉ် (၃)ခု၊ ICOE အစီရင်ခံစာနဲ့ အခြားသတင်းအချက်အလက်တွေကို အခြေခံပြီး စုံစမ်းစစ်ဆေးမှုအသစ်တွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းတာဝန်ခံမှုလုပ်ငန်းစဉ် အတွက် သိသာထင်ရှားတဲ့ တိုးတက်မှုပဲ ဖြစ်ပါတယ်။

 

နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းတာဝန်ခံမှု လုပ်ငန်းစဉ် အတွက် အချိန်နဲ့ ဆောင်ရွက်ဖို့ အခွင့်အရေးပေးပြီး၊ လေးစားမှုပြသင့်ပါတယ်။ ပြည်တွင်းတာဝန်ခံမှုအတွက် မြန်မာနိုင်ငံ ဘာပဲဆောင်ရွက်ပါစေ ချက်ချင်းပယ်ချ လိုက်တာမျိုးဟာ ဆိုးရွားစွာ ပုံဖော်ဝေဖန် ပုတ်ခတ်မှုနဲ့ တစ်ဖက်သတ် ဘက်လိုက်မှုသဘော သက်ရောက်စေ တယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ထောက်ပြကြ ပါတယ်။ ပြည်တွင်းတရားစီရင်မှုကို ချက်ချင်းပယ်ချ ခြင်းဟာ “ဓမ္မဓိဋ္ဌာန်ကျမှု၊ ဘက်မလိုက်မှုနဲ့ ပြည်တွင်း တရားစီရင်ရေးမှာ ကြိုးပမ်းအားထုတ်မှုတွေ ပိုမို ပေါ်ပေါက်လာမှာကို စိုးရိမ်တာလား” သို့တည်းမဟုတ် အဲဒါရဲ့ ဆန့်ကျင်ဘက်ပဲဖြစ်မလားဆိုပြီး နိုင်ငံတကာ ရှေ့နေတစ်ဦးက မေးခွန်းထုတ်ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား ခဲ့သလိုပဲ ရခိုင်ပြည်နယ်အရေးကိစ္စမှာ အသိုက်အဝန်း နှစ်ခုကွဲပြားမှုကို အလွန်ဆိုးရွားသွားစေမယ့် မီးလောင်ရာ လေပင့်မှုများဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ပဋိပက္ခတွေ ကြောင့်ရရှိခဲ့တဲ့ ခံစားနာကြည်းမှုတွေကို ပိုမိုဆိုးရွား စေခြင်းဟာ ရခိုင်ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ပါတယ်။ အမုန်းပွားစေမယ့် ဇာတ် ကြောင်းဖန်တီးမှုတွေသာ အမုန်းစကား မဟုတ်ပါဘူး။ အသိုက်အဝန်းနှစ်ခုအကြား ကွဲလွဲမှုကို အဆုံးစွန်အထိ ဆိုးရွားသွားစေနိုင်တဲ့ ပြောဆိုရေးသားမှုတွေဟာလည်း အမုန်းစကားလို့ဆိုရမှာ ဖြစ်ပါတယ်။

 

နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက် (၃)စောင်

ထုတ်ပြန်ခဲ့သည့်ကိစ္စ

သဘာပတိကြီးခင်ဗျား

 

 

လူမျိုးပြုန်းတီးစေမှုတားဆီးရေးဆိုင်ရာ ကွန်ဗင်းရှင်း အရ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို အစိုးရ ဝန်ထမ်းများအနေနဲ့ လေးစားလိုက်နာကြဖို့အတွက် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တစ်ရပ်ကို ယခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် ညွှန်ကြား ချက်တစ်ခုက အထက်မှာတင်ပြခဲ့တဲ့ ရာဇဝတ်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး အစိုးရ ဝန်ထမ်းတွေအနေနဲ့ ဘယ်သက်သေအထောက်အထား နဲ့ ပစ္စည်းတွေကိုမဆို ဖျက်ဆီး၊ ဖယ်ရှားခြင်းကို တားမြစ် တဲ့ ညွှန်ကြားချက်ဖြစ်ပါတယ်။ တတိယညွှန်ကြားချက် က အမုန်းစကားနဲ့ဆက်နွှယ်တဲ့ ပုံစံအားလုံးကို ရှုတ်ချ၊ တားဆီးကြဖို့နဲ့ အမုန်းစကားဆန့်ကျင်တဲ့ လှုပ်ရှားမှု တွေမှာ ပါဝင်၊ ပံ့ပိုးကြဖို့အတွက် အစိုးရဝန်ထမ်းများ အားလုံးကို ညွှန်ကြားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အမုန်းစကားဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို တစ်နိုင်ငံလုံးမှာ အကောင်အထည်ဖော်လျက် ရှိပါတယ်၊ ယခုနှစ် မေလ အတွင်းက ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တွေအားလုံး မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးနဲ့ လူငယ်တွေက အမုန်းစကားဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ကျင်းပခဲ့ပါတယ်။ လာမယ့်လ တွေမှာ လှုပ်ရှားမှုတွေ ပိုမိုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ကလည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) တို့နဲ့ ပူးပေါင်းပြီး အမုန်းစကားဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။

 

လူမှုအသိုက်အဝန်းများ သဟဇာတရှိစေရေး

 

သဘာပတိကြီးခင်ဗျား

 

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းများ အကြား သဟဇာတရှိစေရေးအတွက်လည်း မဆုတ်မနစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ သဟ ဇာတဖြစ်စေရေး လှုပ်ရှားဆောင်ရွက်မှုတွေဟာ လူမှု အသိုက်အဝန်း တစ်ခုနဲ့တစ်ခုကို ပိုပြီးနီးစပ်မှုရှိစေပြီး စိတ်ချယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်လိမ့်မယ်လို့ အမှန်တကယ် ယုံကြည်ပါတယ်။ အစိုးရရဲ့ ကြိုးပမ်းမှုတွေ အပေါ် ပြည်တွင်း၊ ပြည်ပ လှုပ်ရှားဆောင်ရွက်သူအချို့က ပျက်စီးရာပျက်စီးကြောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေသည့်တိုင်အောင် ရခိုင်ပြည်နယ်မှာရှိကြတဲ့ လူမှုအသိုက်အဝန်းတွေအကြား သဟဇာတဖြစ်စေဖို့နဲ့ ပြန်လည်သင့်မြတ်ဖို့အတွက် ဇွဲနပဲကြီးစွာ ဆက်လက် ဆောင်ရွက်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

 

လူမှုအသိုက်အဝန်းတွေအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှုကို မြှင့်တင်နိုင်ဖို့အတွက် မိတ်ဖက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက် လျက်ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး အပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက် များနဲ့ အခြားလိုအပ်တဲ့ ကြိုတင်ကာကွယ်မှုဆိုင်ရာ စည်းကမ်း ချက်များနဲ့အညီ အသိုက်အဝန်းများအကြား ဆွေးနွေးပွဲတွေ (၂၀၃) ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေ အောင်မြင်မှုဟာ ရခိုင်ပြည်နယ် ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်း တွေပဲ ဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်တဲ့အခါ လူငယ်စခန်း (၄) ခုကို ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်တားဆီး ရေးအတွက် ရခိုင်ပြည်နယ်မှာ အသိပညာပေးရေးလှုပ်ရှားမှု (၂၆၅) ကြိမ်မကလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ အမုန်း စကားဆန့်ကျင်ရေးအခမ်းအနား (၁၇)ခု၊ လိင်အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေးရေးလှုပ်ရှားမှု (၃) ခု၊ ရပ်ရွာပတ်ဝန်း ကျင်ဆိုင်ရာ စည်းရုံးလှုံ့ဆော်မှု (၅)ခု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားမှု (၁၀) ခု စတဲ့ လှုပ်ရှားမှုတွေကိုလည်း ရခိုင်ပြည်နယ်မှာ စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ လူမှုသဟ ဇာတဖြစ်ရေး၊ ပြည်သူ့နီတိ၊ လူမှုစည်းရုံးလှုံ့ဆော်ရေး၊ ပဋိပက္ခဆိုင်ရာ လေ့လာသုံးသပ်မှု၊ ကောလာဟလနှင့် အမုန်းစကားကို ကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာ သင်တန်း (၂၈) ခုကိုလည်း ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် အသက်မွေးမှု ဆိုင်ရာ သင်တန်းအစီအစဉ် (၁၅၅) ခုကို စီစဉ်ကျင်းပခဲ့ပြီး၊ ဒီသင်တန်းတွေကတစ်ဆင့် နှာခေါင်းစည်းနဲ့ လက်သန့် ဆေးရည်များပြုလုပ်မှုများ သင်ကြားပြသပေးရာမှာ အသိုက် အဝန်းအားလုံးမှ ဒေသခံများ ပါဝင်တက်ရောက်ခဲ့ကြပါ တယ်။ ဒီလှုပ်ရှားဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူ (၅၀၀၀)ကျော်အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ “ကမ္ဘာ့ဖလားထက် ပိုပြီး ဘယ်အရာကမှ လူတွေကို စုံညီစုရုံးနိုင်ခြင်းမရှိဘူး”လို့ ပြောကြတဲ့အတိုင်း အားကစားပြိုင်ပွဲတွေ ကျင်းပပေး နိုင်ခဲ့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

 

ကုလသမဂ္ဂက ကမ်းလှမ်းစီစဉ်ပေးတဲ့ စက်ချုပ်၊ စက်ပြင် နဲ့မွေးမြူရေးစတဲ့ အသက်မွေးမှုသင်တန်း အစီအစဉ်တွေ မှာလည်း ရခိုင်ပြည်နယ်က အသိုက်အဝန်းအားလုံး အတူ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ကျေးရွာလမ်းများ၊ ရေကန် များနဲ့ ကျောင်းများ ပြန်လည်ပြင်ဆင်မွမ်းမံခြင်းစတဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အတွက် cash-for-work လို့ ခေါ်တဲ့ “ဝင်ငွေရရေး၊ အလုပ် ပေး” စီမံကိန်းများမှာလည်း အသိုက်အဝန်းအားလုံး ပါဝင် ခဲ့ကြပါတယ်။

 

လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး

 

မြန်မာနိုင်ငံအနေနဲ့ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲသဘောတူညီချက်ကို ကုလသမဂ္ဂနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ပြည်တွင်းမှာ အမျိုးသားအဆင့်ကော်မတီ တစ်ရပ်ကို တည်ထောင်ခဲ့ပြီး၊ တပ်မတော် တပ်ရင်းများ အတွင်း သက်ဆိုင်သည့် ညွှန်ကြားချက်များထုတ်ပြန်ရေး၊ လိင်အကြမ်းဖက်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး၊ ကျူးလွန်သူများအား အပြစ်ပေးအရေးယူရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အရာရှိများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေး အစီအမံ များနဲ့ ကျူးလွန်ခံခဲ့ရသူများအတွက် ဝန်ဆောင်မှုပေးအပ် ရေး စတဲ့ အဓိကဦးစားပေး အကောင်အထည်ဖော်ရမယ့် နယ်ပယ်များကိုသတ်မှတ်ဖို့ လုပ်ငန်းစီမံချက်တစ်ရပ်ကို လည်း ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်အကြမ်းဖက်မှု အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးမှ တားဆီးကာကွယ်ရေးကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ” ဥပဒေ မူကြမ်းတစ်ရပ်ကိုလည်း ရေးဆွဲလျက်ရှိပါတယ်။

 

ကလေးသူငယ်များအပေါ် ကြီးလေးသော

ကျူးလွန်မှုများကို ကာကွယ်တားဆီးရေး

 

ကျွန်တော်တို့ အစိုးရအနေနဲ့ လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန် မှုများမှ ကာကွယ်တားဆီးရေးဆိုင်ရာ အမျိုးသားကော်မတီ ကို တည်ထောင်ခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာ ရစေမှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲခဲ့ပါတယ်။ ဒီလုပ်ငန်းစီမံချက်ကို ယခုနှစ် ဩဂုတ် လမှာ နိုင်ငံတော်သမ္မတရုံးက အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း လုပ်ငန်းအစီအစဉ်နဲ့အညီ သက်ဆိုင်ရာ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး၊ တိုင်ကြားရေး ယန္တရားတစ်ရပ်နဲ့ စောင့်ကြည့်အကဲဖြတ်မယ့် ကော်မတီ တစ်ရပ်ကို ထူထောင်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းစီမံချက် ပါ အသိပညာပေးရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်ဖို့ UNICEF နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ် ဇွန်လမှာ မြန်မာ့တပ်မတော်အား ကုလသမဂ္ဂရဲ့ ကလေး သူငယ် စစ်သည်စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ ပယ်ဖျက် ပေးခဲ့ပါတယ်။

 

ဖွံ့ဖြိုးတိုးတက်ရေး

 

ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးမှုကိုဖြေရှင်းဖို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အလုပ် အကိုင်အခွင့်အလမ်း၊ ဝင်ငွေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ရည်ရွယ်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခြား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်များကို စဉ်းစားထားပေ မယ့် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကပ်ရောဂါပေါ်ပေါက်လာ မှုကြောင့် ဆိုင်းငံ့ထားရပါတယ်။

 

နိဂုံး

 

သဘာပတိကြီးခင်ဗျား

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) မှာ ပြဋ္ဌာန်း ထားတဲ့ရည်မှန်းချက်များ အောင်မြင်နိုင်ဖို့ ကြိုးပမ်းမှု တွေအပါအဝင် မိမိတို့ရဲ့ ဦးစားပေးအစီအစဉ်များ၊ လိုအပ် ချက်များနဲ့အညီ ကုလသမဂ္ဂနဲ့ အပြုသဘောဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါတယ်။

 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ တိုးတက်မှုများစွာ ရရှိထားပြီဖြစ်သော်လည်း ခရီးလမ်းဆုံးကို ရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။ ရရှိထားတဲ့ တိုးတက်မှုတွေ ဟာ ပြည်သူပြည်သားများရဲ့ ကြံ့ကြံ့ခံနိုင်မှု၊ သာယာ ဝပြောမှုနဲ့ ကျန်းမာပျော်ရွှင်မှုကို တည်ဆောက်နိုင်ဖို့ အတွက် ပြည်သူပြည်သားများရဲ့ ပြင်းပြတဲ့ဆန္ဒကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတော်သစ်တစ်ခုကို အတူတကွ တည်ထောင်နေကြတာ ဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့အပေါ် စာနာ နားလည်မှု၊ ထောက်ခံအားပေးမှု ပြသကြတဲ့ မိတ်ဆွေ များကို ကျေးဇူးတင်ရှိကြောင်းနဲ့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှု ကို ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ တန်ဖိုးထားကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလမှာ ကုလသမဂ္ဂက အမုန်းစကားဆန့်ကျင်ရေး ဆိုင်ရာမဟာဗျူဟာနဲ့ လုပ်ငန်းစီမံချက်ကို ထုတ်ပြန် ခဲ့ပါတယ်။ အမုန်းစကားနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ကိုင်တွယ်ဖြေရှင်းဖို့ အထူးလိုအပ်လျက်ရှိနေတဲ့အတွက် ဒီထုတ်ပြန်ချက်အပေါ် ဝမ်းမြောက်စွာကြိုဆိုရမှာဖြစ် ပါတယ်။ ဒါပေမယ့် စောစောက တင်ပြခဲ့သလိုပဲ နိုင်ငံတကာမှာလည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ရှုထောင့်အမြင်များရှိဖို့ လိုပါတယ်။

 

တစ်ဖက်သားကို ထိတ်လန့်စက်ဆုပ်ဖွယ်ရာအဖြစ် ဆိုးရွားစွာ ပုံဖော်ဝေဖန်ပုတ်ခတ်ခြင်းဟာ ရှေးအကျဆုံး သော ဝါဒဖြန့်ချိမှုနည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ယင်းမှာ မဟာမိတ်များ ဂိုဏ်းဂဏစုဖွဲ့ပြီး တရားနည်း လမ်း မှန်ကန်မျှတမှုမရှိသော ရည်မှန်းချက် အာဂျင်ဒါ တစ်ခုအတွက် “တစ်ဖက်ရန်သူ”လို့ ၎င်းတို့သတ်မှတ် ထားသူအပေါ် အခြားသူများက မလိုမုန်းထားမှုများ ဖြစ်ပေါ်လာစေရေး လှုံ့ဆော်ပေးတာပဲဖြစ်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသူများအနေနဲ့ အရည်အသွေး အဆင့် အတန်းထိန်းသိမ်းမှုနဲ့ သမာသမတ်ကျမှုတို့ရဲ့ အမြင့် မားဆုံးသော စံနှုန်းတွေကို လိုက်နာကြဖို့နဲ့ သူတို့ကို ပံ့ပိုးထောက်ခံနေသူတွေ သဘောကျ ကျေနပ်စေဖို့ အတွက် မျက်နှာလုပ် ဆောင်ရွက်တာမျိုးတွေ မပြုမိဖို့ အလွန်အရေးကြီးပါတယ်။

 

မြန်မာနိုင်ငံအပေါ် ဆိုးရွားပြင်းထန်တဲ့ စွပ်စွဲမှုတွေ ပြုလုပ်လျက်ရှိကြပါတယ်။ ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား အထင်အရှားနဲ့ စုံစမ်း စစ်ဆေးတရားစီရင်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိဘဲ “အပြစ် ရှိကြောင်းစီရင်ချက်”ကို နိုင်ငံတကာအသိုက်အဝန်းမှ အချို့သောသူများက ချမှတ်ခဲ့ပြီးတဲ့ ပုံစံမျိုးတွေ့မြင်နေ ရပါတယ်။ တိကျခိုင်လုံမှုမရှိတဲ့ သတင်းအချက်အလက် တွေကို အသုံးပြုပြီး အလွန်အမင်းဆိုးရွားစွာ ပုံဖော်ဝေဖန် ပုတ်ခတ်မှုဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နဲ့ ပြည်သူများအချင်းချင်းအကြား အမုန်းတရားကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီအမုန်းတရားဟာ နာကြည်း မုန်းတီးမှုနဲ့ ပဋိပက္ခတို့ ပေါ်ပေါက်လာစေတဲ့ ရှေ့ပြေး နိမိတ်ပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂပဋိညာဉ် စာတမ်း အခြေပြုရာဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည် ထားတဲ့ ပင်မမျှော်မှန်းချက်တွေကို အားလျော့စေမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ မျှတတဲ့ဆက်ဆံမှုကိုသာ တောင်းဆိုခြင်း ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်ထင်မြင်ချက်တွေအရ ကောက်ချက်မချမီမှာ မြန်မာနိုင်ငံအပေါ် အပြုသဘော မဆောင်တဲ့ ပြောကြားချက်တွေကို စေ့စပ်သေချာစွာနဲ့ ဘက်လိုက်မှုမရှိဘဲ ဆန်းစစ်လေ့လာကြဖို့ ပန်ကြားလို ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြသူအားလုံးအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ ရရှိစေရေး အတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ် နိုင်ငံတကာအသိုက်အဝန်းက နားလည်မှုရှိပြီး၊ ဆက်လက်ထောက်ခံအားပေးမှုများကို အထူးတန်ဖိုးထား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျေးဇူးတင်ပါတယ်၊ သဘာပတိကြီးခင်ဗျား။