အိမ်တွင်းအကြမ်းဖက်မှုမဖြစ်စေရေး

အယ်ဒီတာ့အာဘော်

==============

 

အိမ်တွင်းအကြမ်းဖက်မှုမဖြစ်စေရေး

=========================

 

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိသားစုဝင်ဖြစ်စေ၊ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်စေ ၎င်းတို့ကြားတွင် ဖြစ်လေ့ရှိသည့် ရည်ရွယ်ချက် ရှိရှိနှင့်ပြုလုပ်သော အကြမ်းဖက်မှုကို ဆိုလိုပါသည်။ အိမ်တွင်းအကြမ်းဖက် မှုသည် အသေးအမွှားလေးများမှ အစပြုပြီး ကြီးကြီးမားမား ဒုစရိုက်မှု ပုံသဏ္ဌာန်မျိုးအထိ ဖြစ်လာတတ်သည်ကို တွေ့ရသည်။ သို့သော် နယ်ပယ် အသိုက်အဝန်းတိုင်း၊ အိမ်တိုင်းအိမ်တိုင်းတော့ မဟုတ်ပေ။ အချို့ မိသားစုအိမ်တွင်း၌ ဖြစ်တတ်ကြသည်။

 

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင်မူ မိသားစု များသည် ကျန်းမာရေးကြောင့် နေအိမ်တွင်သာနေထိုင်ကြရသည့်အချိန်အခါတွင် မူလစိတ်အခံကြောင့်ဖြစ်စေ၊ မိမိတို့စိတ်ကျဉ်းကျပ်မှုကြောင့် ဖြစ်စေ၊ မိမိတို့စိတ်ထွက်ပေါက်မရသောကြောင့်ဖြစ်စေ၊ မည်သည့် အကြောင်းကြောင့်ဖြင့်ဖြစ်စေ မိမိတို့၏စိတ်ကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းဆင်ခြင်ပြီး အိမ်တွင်းအကြမ်းဖက်မှု မည်သည့်နည်းနှင့်မျှ မဖြစ်စေရအောင် အထူးဂရုစိုက် ဝိုင်းဝန်းကာကွယ်ရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေသောကာလအတွင်း အားနည်း သော အမျိုးသမီးနှင့် ကလေးငယ်အချို့သည် အိမ်တွင်းအကြမ်းဖက်မှုကို ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့တတ်သောကြောင့် လူမှုဝန်ထမ်းဦးစီးဌာန ဥပဒေ ရေးရာကုစားရေးအဖွဲ့က ပြည်သူလူထုအား မည်သည့်အကြောင်းပြချက် နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှုကို မကျူးလွန်ရအောင် အသိပညာပေး နှိုးဆော်တိုက်တွန်းသတိပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း နေအိမ်တွင်သာ နေထိုင်ရသော အစီအစဉ်ကြောင့် သာမန်လူတန်းစားများအနေဖြင့် အလုပ်အကိုင်များ ခေတ္တရပ်တန့်မှုများနှင့် ကြုံကြရသည်။ အလုပ်အကိုင်များရပ်တန့်မှုကြောင့် ငွေကြေးအကျပ်အတည်းဖြစ်ပေါ်လာပြီး မိသားစုအတွင်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ အိမ်တွင်းရေးတင်းမာမှု များ တိုးတက်မြင့်မားဖြစ်ပေါ်လာတတ်သည်။ အိမ်တွင်းရှိ အင်အားနည်းပါး သော အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ဦးတည်ထိုးနှက်မှုများ၊ အနိုင်ကျင့်မှုများ ရှိလာတတ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမြင့်မားလာသည်နှင့်အမျှ ပြည်သူများမှာ စိုးရိမ်ပူပန်မှုများ တိုးပွားလာတတ်ပြီး စိတ်ဖိစီးမှုများလည်း မိသားစုများ အတွင်း ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ စိတ်ဖိစီးမှုများကို လျှော့ချနိုင် ရန်အတွက် အိမ်တွင်းရှိ အမျိုးသားအချို့တို့က အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း အစရှိသည့် လွဲမှားသောအလေ့အထများနှင့် လွဲမှားသည့်အမူအကျင့်များ ပြုလုပ်လာတတ်သည်ကို တွေ့ရှိနိုင်ပါသည်။ ထိုအခါ မိသားစုဝင်များအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ခြင်း၊ စည်းရုံး ခြင်းကို ပြုလုပ်ကြပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားရမည်ဖြစ်သည်။

ကိုဗစ်ကာလတွင် အမျိုးသမီးများမှာ အများအားဖြင့် ဝန်ထုပ်ဝန်ပိုး ဖြစ်ကြရသည်။ အိမ်မှုကိစ္စများသည် အမျိုးသမီးများနှင့် သက်ဆိုင်ကြောင်း၊ ကလေးနှင့်နာမကျန်းသူများအား ပြုစုစောင့်ရှောက်ရန်တာဝန်မှာ အမျိုးသမီးများဖြစ်ကြောင်း စသည်ဖြင့် အမျိုးသမီးအများစုအပေါ် ဝန်ပိလာ ကြသည်။ ယခုကဲ့သို့ ရောဂါဘေးအန္တရာယ်ကြောင့် အိမ်တွင်းမှာပင် နေထိုင် ခြင်းနှင့် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ထားခြင်းကြောင့် လူမှုပေါင်း စည်းမှုများ၊ လူမှုအဆက်အသွယ် ဆက်ဆံမှုများ ပြတ်တောက်ဖြစ်ပေါ် လာပြီး ပိုမိုအထီးကျန်မှုများ၊ စိတ်ထွက်ပေါက်ရှာမှုများမှ အိမ်တွင်းအကြမ်း ဖက်မှုများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် ဖိနှိပ်မှုများ မပြုလုပ်မိစေရန် အထူးသတိပြုရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူများအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ပုံမှန်ထောက်ပံ့ကူညီပေးနေမှုများ အားနည်းသွားခြင်းနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိရန် ခက်ခဲ သွားခြင်းများ ရှိနိုင်ပါသည်။ ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားနေသည်ကို သိရှိတွေ့မြင်နေရပါက မိမိတို့နှင့်မဆိုင်သလို ဆိတ်ဆိတ်မနေဘဲ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံအပ်ပါ သည်။ ဆက်သွယ်ရေးကောင်းမွန်နေသော ကာလတွင် အိမ်တွင်းအကြမ်း ဖက်မှုကို ကြုံတွေ့ခံစားရပါက မိမိယုံကြည်ရသူတို့ကို ဖွင့်ဟပြောဆိုပြီး အကူအညီရယူနိုင်ပါသည်။ အိမ်တွင်းအကြမ်းဖက်မှုများ အပါအဝင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်၍ ဥပဒေအရဖြစ်စေ၊ အကူအညီအရဖြစ်စေ လူမှုဝန်ထမ်းဦးစီးဌာန ကို အကူအညီတောင်းခံနိုင်ပါသည်။

သို့ဖြစ်ရာ မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက် မှုများ မဖြစ်ပွားရန်၊ မကျူးလွန်မိရန် လိုအပ်ပါသည်။ ပုံမှန်အချိန်ကာလ များတွင် မဖြစ်ပွားနိုင်အောင်ပြုလုပ်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်ကာလ တွင် အိမ်တွင်းအကြမ်းဖက်မှုများ မဖြစ်ပွားအောင် မိသားစုဝင်များအဖို့ သတိပြုဆင်ခြင်ကြရပြီး ဖြစ်ပွားလာလျှင် အကြမ်းဖက်မှုတိုင်းအတွက် အကြမ်းဖက်သူတွင်သာတာဝန်ရှိ၍ ပြစ်မှုကျူးလွန်သူသည် ဥပဒေနှင့်အညီ အရေးယူခံရမည်သာဖြစ်သည်။ ထို့ကြောင့် မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှု မကျူးလွန်ရအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြဖို့ လိုအပ်ပါကြောင်း။ ။