မြန်မာကလပ် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်း  ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၂ AFC Cup ပြိုင်ပွဲ  အုပ်စုမဲခွဲပွဲပြုလုပ်

 

 

ရန်ကုန်  ဇန်နဝါရီ  ၁၇ 
မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်ခွင့်ရထားသည့်  ၂၀၂၂ AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၇ ရက်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ် ခဲ့သည်။ ၂၀၂၂ AFC Cup ပြိုင်ပွဲကို ဇုန်များခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ ကလပ်များမှာမူ အာဆီယံဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ဇုန်များ အဖြစ် အရှေ့အာရှဇုန်၊ အနောက်အာရှဇုန်၊ တောင်အာရှဇုန်၊ အာဆီယံ ဇုန်၊ အလယ်ပိုင်းဇုန်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းပေါင်း ၃၉ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အာဆီယံဇုန် အုပ်စုပွဲစဉ်များကို ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ Centralized Venue ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စု တစ်ခုလျှင် အိမ်ရှင်နိုင်ငံများရွေးချယ်ကာ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာကလပ်များဖြစ်သည့် ရှမ်းယူနိုက်တက်နှင့်  ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပြိုင်ပွဲတွင် လေးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဟံသာဝတီ အသင်းမှာမူ ပထမဆုံးယှဉ်ပြိုင်ခြင်းဖြစ်သည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၁ ခုနှစ်တွင် AFC Cup ပြိုင်ပွဲ အာဆီယံဇုန်ပွဲစဉ်များ ကျင်းပနိုင်ခြင်းမရှိဘဲ   ဖျက်သိမ်းခဲ့ရသည်။ အာဆီယံဇုန်တွင်   အသင်း ၁၂ သင်း  ပါဝင်မည်ဖြစ်ပြီး  လေးသင်း  သုံးအုပ်စုခွဲကာ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အာဆီယံ ဇုန်အုပ်စု (G) တွင်    ကာယာ (ဖိလစ်ပိုင်)၊   ဘာလီယူနိုက်တက် (အင်ဒိုနီးရှား)၊ ကီဒက်ရှ် (မလေးရှား)၊ ခြေစစ်ပွဲ အောင် အသင်း၊ အုပ်စု (H) တွင်   ကွာလာလမ်ပူစီးတီး (မလေးရှား)၊ ရှမ်းယူနိုက်တက် (မြန်မာ)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ မာကာဆာ (အင်ဒိုနီးရှား)၊ အုပ်စု (I) တွင် ဗီတယ်လ် (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ ဖနွမ်းပင် ခယောင်း (ကမ္ဘောဒီးယား)၊  ဟံသာဝတီ (မြန်မာ) တို့ ပါဝင်နေသည်။  ခြေစစ်ပွဲအဖြစ် ကမ္ဘောဒီးယားကလပ် ဗီဆာခါအသင်းနှင့်  လာအိုကလပ် Young Elephants အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရသည့် အသင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အာဆီယံ ဇုန်တွင် အုပ်စုတစ်ခုစီမှ ထိပ်ဆုံးသုံးသင်းနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံး အသင်းတို့မှာ ဇုန်ဆီမီးဖိုင်နယ်  တက်ရောက် ခွင့်ရမည်ဖြစ်ပြီး ချန်ပီယံ ဖြစ်သည့်အသင်းမှာ  အခြားဇုန်များမှ  ချန်ပီယံ အသင်းများနှင့်အတူ နောက်ဆုံးအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။                        ရဲရင့်လွင်