
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း (၇၅)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဇီဝမျိုးကွဲဆိုင်ရာထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြား
===============================================================================================================
နေပြည်တော် စက်တင်ဘာ ၃၀
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ High-level Week အတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေး (Summit on Biodiversity) ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ကုစားရန် အချိန်တန်ပြီ
Video-recorded Statement တွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက လူသားများသည် ကမ္ဘာပေါ်ရှိ ဂေဟ စနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ယင်းတို့မှ ထွက်ရှိသည့် ပစ္စည်းများအပေါ် မှီခိုနေထိုင်ကြလျက်ရှိရာ ဇီဝမျိုးစုံ မျိုးကွဲများသည် အလျင်အမြန် ကျဆင်းလျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံး လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ ဆုံးရှုံးပျောက်ကွယ်မှုကြောင့် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ အဆက်မပြတ် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ အဆိုပါ အခြေအနေ များကို ကုစားရန် အချိန်တန်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် ၂၀၅၀ ပြည့်နှစ်အတွက် မျှော်မှန်းချက်ဖြစ်သည့် “သဘာဝတရားနဲ့ လိုက်လျောညီထွေနေထိုင်ခြင်း” (Living in Harmony with Nature) ကို ပြည့်မီနိုင်ရေး ၂၀၂၀ ပြည့် နှစ်နှောင်းပိုင်း ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမဟာဗျူဟာ မူဘောင်ကိုလည်း အားလုံးပူးပေါင်းပါဝင် ရေးဆွဲလျက်ရှိ ကြောင်း၊
မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို အလေးအနက်ထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးပျောက်ကွယ်မှုကို ရပ်တန့် နိုင်ရေးနှင့် စဉ်ဆက်မပြတ်အသုံးပြုမှုတို့အတွက် သဘာဝကို အခြေခံသောနည်းလမ်းများ (Nature-based Solutions) ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝကို အခြေခံသော နည်းလမ်းများသည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးကုန်ကျစရိတ် သက်သာသောနည်းလမ်းများဖြစ်ပြီး ပတ်ဝန်းကျင်၊ လူမှုရေး နှင့် စီးပွားရေးအကျိုးအမြတ်များကို တစ်ပြိုင်နက်တည်း ပံ့ပိုးပေးနိုင်ကာ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်စွမ်းကို လည်း မြှင့်တင်ပေးနိုင်ကြောင်း၊ သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဂေဟစနစ်များကို ပြန်လည် ထူထောင်ခြင်းသည် နိုင်ငံ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေး ၁၀ နှစ်စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ အကုန်ကျခံပြီး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၉ ခုတွင်လည်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်း ၁၀ နှစ်တာလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
မွမ်းမံပြင်ဆင်ပြီးဖြစ်
ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝသောနေရာများနှင့် အဏ္ဏဝါဧရိယာများကို ရာစုနှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ထိန်းသိမ်းလာသော ဌာနေ တိုင်းရင်းသားလူမျိုးစုများနှင့် ဒေသခံအစုအဖွဲ့များ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုပြီး သစ်တောစီမံ အုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် ပါဝင်လာ နိုင်စေရန် ဥပဒေများကိုလည်း မွမ်းမံပြင်ဆင်ပြီးဖြစ် ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေနိုင်ရေး သဘာဝကိုအခြေခံသော နည်းလမ်းများ ဖြစ်သည့် ပြန်လည်ထူထောင်ခြင်း၊ ကာကွယ်ထိန်းသိမ်း ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို စဉ်ဆက်မပြတ်စီမံခန့်ခွဲခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေးသည် ကုလသမဂ္ဂအထွေထွေညီလာခံအောက်မှ ကျင်းပသည့် ပထမဦးဆုံးသော ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်း အဝေးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ပတ်ဝန်းကျင် ရေးရာဝန်ကြီးများက Video-recorded Statement ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်