
မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေး နှီးနှောဖလှယ်ပွဲ ကျင်းပ
======================================================================
နေပြည်တော် စက်တင်ဘာ ၃၀
မြန်မာ့ရော်ဘာ အရည်အသွေးမြှင့်တင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေး နှီးနှောဖလှယ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်မည်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာ့သဘာဝ ရော်ဘာထုတ်ကုန်များ အရည် အသွေးပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ရုံပိုင်ရှင်များဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ် သက်သူများအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုမြင့်မားလာစေရေးတို့အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) လုပ်ငန်းစီမံချက်ကို ဦးစားပေးကဏ္ဍ ကုန်စည် ၁၁ ခု၊ ဝန်ဆောင်မှုနှစ်ခုနှင့် အထောက်အကူပြုကဏ္ဍ ငါးခု စုစုပေါင်း ၁၈ ခု သတ်မှတ်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရော်ဘာကဏ္ဍသည်လည်း ဦးစားပေးကဏ္ဍ တစ်ရပ်အနေဖြင့် ပါဝင်ပါကြောင်း၊ မြန်မာ့ရော်ဘာ စံအရည် အသွေးသတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်မှသာ ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင် ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့ရော်ဘာ ထုတ်လုပ် တင်ပို့ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲ၊ အတားအဆီး များကို Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူများ အားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထူးက ဘဏ္ဍာ နှစ်အလိုက် ရော်ဘာတင်ပို့နိုင်မှု၊ နိုင်ငံအလိုက်ဈေးကွက်ရရှိမှုနှင့် ရော်ဘာကဏ္ဍတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် ပညာရှင် များက စာတမ်းဖတ်ကြားခြင်း၊ ရော်ဘာစိုက်ပျိုးတောင်သူ များ၊ စက်ရုံပိုင်ရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် ရေတိုရေရှည် ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်