ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ ================================================================ နေပြည်တော် အောက်တိုဘာ ၁ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် က

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

================================================================

နေပြည်တော် အောက်တိုဘာ ၁

 

ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ပြဋ္ဌာန်းချက်များ လိုက်နာရန်လို

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၊ အရှေ့တောင်အာရှနိုင်ငံ များအဖွဲ့ (Association of South East Asian Nation-ASEAN) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် WTO ၏ ကုန်သွယ်မှုနှင့် ဆက်စပ်နေသော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် (Trade Related Aspect of Intellectual Property Rights - TRIPS Agreement)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တည်ဆောက်မည့် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ASEAN Framework Agreement on Intellectual Property Co-operation ပါ ပြဋ္ဌာန်း ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၂၀၊ ၂၁/၂၀၂၀ နှင့် ၃၁/၂၀၂၀ တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ ဗဟို ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ(၂) ဦးဆောင်၍ ဒုတိယဥက္ကဋ္ဌအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ပထမဦးစွာ လက်ရှိကျင့်သုံး နေသော ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသောစနစ် မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ်သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊ ထိုသို့ ကူးပြောင်းရာ တွင် အဆင်ပြေချောမွေ့စေရန် ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများ ကြိုတင်လက်ခံခြင်းအား ဆောင်ရွက် နိုင်ရေး ဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၃/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ် ကြောင်း၊ အမိန့်စာအရ ယနေ့မှစတင်ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းများကို ကြိုတင်လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုစတင်ဖွင့်လှစ်သည့် ကနဦးလက်ခံခြင်း ကာလတွင်လည်း ပထမအဆင့်အနေဖြင့် ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့ (WIPO) ၏ WIPO File စနစ်ကို အသုံးပြုမည်ဖြစ် သဖြင့် ယခုကဲ့သို့သော ကိုဗစ်-၁၉ ကာလတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုကိုလည်း အထောက် အကူပြုစေမည်ဟု မျှော်လင့်ပါကြောင်း၊ ဒုတိယအဆင့် တွင်လည်း ကိုယ်တိုင်လာရောက် လျှောက်ထားမှုများကို ဆက်လက်လက်ခံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်နိုင်စေ ရန်အတွက် လိုအပ်သောနည်းဥပဒေများ၊ လျှောက်လွှာ များ၊ အခကြေးငွေများ အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေအာဏာ သက်ဝင် ပြီးလျှင် အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းဖြင့် မူပိုင်ခွင့်များကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ခြင်း၊ မျှတသည့် ယှဉ်ပြိုင်မှုများ ပေးနိုင်ခြင်း၊ တီထွင် ဖန်တီးမှုများကို အားပေးနိုင်ခြင်း၊ ကုန်သွယ်မှုမြင့်တက် လာစေနိုင်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြင့်တက်လာ စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ် ပါကြောင်း၊ မူပိုင်ခွင့်စနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ဆောင်ရွက်ရာတွင် အစဉ်တစိုက် ဥပဒေပိုင်း ဆိုင်ရာ အကြံဉာဏ်များနှင့် အီလက်ထရောနစ်စနစ် အသုံး ပြုခြင်းအတွက် WIPO Solutions များစသည့် အကူအညီ များကို ပံ့ပိုးပေးနေသော WIPO ၊ USAID ၊ JICA နှင့် JPO တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မူပိုင်ခွင့် စနစ်တစ်ရပ် ကျင့်သုံးပေါ်ပေါက်နိုင်စေရန် မူပိုင်ခွင့်ဥပဒေ များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ပြင်ဆင်ဆောင်ရွက်နိုင်စေရေးအတွက် ကဏ္ဍ အသီးသီးအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလို ပါကြောင်း ပြောကြားသည်။

 

ကောင်းမွန်သည့် အခွင့်အလမ်း

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အွန်လိုင်းစနစ်ကို အသုံးပြုပြီး ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို စနစ် သစ်ဖြင့် စတင်ဖွင့်လှစ်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ မူပိုင်ခွင့်သည် စီးပွားရေးကဏ္ဍနှင့်များစွာ ဆက်စပ်မှုရှိသော ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ဆောင်ရွက်ရခြင်းသည် ကောင်းမွန်သည့် အခွင့်အလမ်းတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ အနေဖြင့် မူပိုင်ခွင့်ဥပဒေများ မူကြမ်းပြုစုရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်းတွင် အတည်ပြုပြဋ္ဌာန်း နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာအစည်းအဝေးပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ ကို ကိုယ်စားလှယ်များစေလွှတ်ပြီး တက်ရောက်နိုင်စေခဲ့ သည့်အပြင် တက္ကသိုလ်များနှင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများအတွက် အသိပညာပေးဆွေးနွေး ပွဲများကိုလည်း ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တွင် မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ အပါအဝင် နည်းပညာနှင့် ဥပဒေဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးပြီး ပူးပေါင်း ဆောင်ရွက်ပေးနေကြသည့် ပြည်ပအဖွဲ့အစည်းများနှင့် အစိုးရဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် လုပ်ငန်းရှင်များအသင်း (MIPPA)၊ မူပိုင်ခွင့်အစည်းအရုံး များ စသည်တို့အပါအဝင် ပြည်တွင်းအဖွဲ့အစည်းများနှင့် ပညာရှင်များအားလုံးတို့ကို ကျေးဇူးများစွာတင်ရှိပါ ကြောင်းနှင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေ လိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့(WIPO)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Yoshiyuki TAKAGI ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ US Embassy Myanmar မှ Charge' d'Affaires ဖြစ်သူ Ms. Gwendolyn Cardno ၊ JICA Myanmar Office မှ Chief Representative ဖြစ်သူ Mr. Noriji SAKAKURA နှင့် Japan Patent Office (JPO)မှ Deputy Commissioner ဖြစ်သူ Mr. Susumu IWASAKI တို့က မြန်မာနိုင်ငံတွင် မူပိုင်ခွင့်အကာအကွယ်ပေးနိုင်စေရန် စတင်ဆောင်ရွက်သည့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဌာန၏ အင်တာနက် စာမျက်နှာ www.ipd.gov.mm ကို တရားဝင်မိတ်ဆက် အသိပေးပြောကြားပြီး အခမ်းအနား ပထမပိုင်းအစီအစဉ် ကို ရုပ်သိမ်းသည်။

 

ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ ၁ နာရီတွင် ဆက်လက် ကျင်းပခဲ့ရာ မူပိုင်ခွင့်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ကုန်အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းများအားလက်ခံမည့် အီလက်ထရောနစ် မှတ်ပုံတင်စနစ် (WIPO File) ကို လည်းကောင်း၊ မူပိုင်ခွင့် ဌာန ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအပါအဝင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်