Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

 

==========================================================================================================================================================================================

 

 

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းဟာဆိုရင် ၁၄၃၀၀ ကျော် သွားပါပြီ။ သေဆုံးမှုက ၃၀၀ ကျော်သွားပါပြီ။ အရင်အပတ်တုန်းက ပြောခဲ့တဲ့အတိုင်းပဲ အခု မြန်မြန်ဆန်ဆန်သိရတဲ့ Test Kit တွေ သုံးတဲ့အခါမှာဆိုရင် တွေ့ရှိမှုက ပိုများလာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်လို့ပေါ့ နော်။ တွေ့ရှိမှုက ပထမပိုင်း ပိုများလာမယ်။ နောက်ပိုင်းမှာတော့ ကျသွားမယ်လို့ မျှော်လင့်ပါတယ်။ ပထမပိုင်းမှာ ပိုပြီးများ လာလို့လည်း သိပ်ပြီးတော့ စိုးရိမ်ကြောင့်ကြ မှုတွေမဖြစ်ပါနဲ့။ အရေးကြီးတာကတော့ စောစောစီးစီးသိရလို့ စောစောစီးစီး ကုနိုင် တာဟာ ကိုယ့်အတွက် ပိုပြီးကောင်းမယ်ဆို တာကို ပြည်သူတွေ သိဖို့ပဲဖြစ်ပါတယ်။

 

အခုကြည့်လိုက်တဲ့အခါမှာ ကိုဗစ် ရောဂါနဲ့ ပတ်သက်လို့ ကူးစက်မှုဟာ ရောဂါ လက္ခဏာရှိလို့ လာပြီးစစ်တဲ့ လူတွေထဲမှာ ဆိုရင် ၂၃ ဒသမ ၆ ရာခိုင်နှုန်းဟာ ရောဂါရှိ တယ်ဆိုတာတွေ့ရပါတယ်။ နောက်ပြီးတော့ ရောဂါရှိတဲ့သူနဲ့ ထိတွေ့မှုရှိလို့ လာပြီး တော့ အစစ်ခံတဲ့သူတွေထဲမှာဆိုရင် ၁၈ ဒသမ ၉ ရာခိုင်နှုန်းဟာ ရောဂါရှိတာကို တွေ့ရပါတယ်။ ပြည်ပ ဒါမှမဟုတ် ရောဂါ ပြန့်ပွားနေတဲ့ ပြည်တွင်းနေရာတွေကနေပြီး တော့ လာတဲ့လူတွေကို စစ်လိုက်တဲ့အခါမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ရောဂါပိုးရှိတယ် ဆိုတာကို တွေ့ရပါတယ်။ အရေးကြီးတာက တော့ ကိုယ့်မှာ ရောဂါလက္ခဏာရှိတာနဲ့ မြန်မြန်ဆန်ဆန် သွားပြဖို့ပါပဲ။

 

 

အဲဒါနဲ့ပတ်သက်ပြီး ပြည်သူတွေ တော်တော်များများ စိုးရိမ်နေတဲ့ကိစ္စက ဘာလဲဆိုတော့ အနံ့မရတဲ့ဟာပေါ့။ အနံ့မရတဲ့ ပုဂ္ဂိုလ်တွေမှာဆိုရင် ဘယ်လောက်အန္တရာယ် ရှိသလဲဆိုတာကို သိချင်ကြပါတယ်။ ကျွန်မတို့ သမား တော်ကြီးတွေအနေနဲ့ကတော့ အနံ့မရတဲ့လက္ခဏာတွေ ပေါ်ပြီဆိုရင် စောစောစီးစီး အစစ်ခံလိုက်ပါက ရောဂါက သိပ်ပြီးတော့ မဆိုးရွားနိုင်ပါဘူး။ ဒါပေမယ့် ရောဂါစစ်တာ နောက်ကျလေလေ ပိုပြီးတော့ ကုသရတာ ခက်လေလေပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရောဂါကိုစမ်းသပ်ပြီး ရှိ၊ မရှိ ဆိုတာကို Test Kit တွေနဲ့ စစ်နေပါပြီ။ ကိုရီးယားကနေပြီး Test Kit ပေါင်း နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ ဝယ်ယူတာက လေးသိန်းကျော်ပါပြီ။ နောက်ပြီးတော့ တောင်ကိုရီးယား အစိုးရကလည်း လှူဒါန်းတာတွေရှိပါတယ်။ အဲဒါတွေကို အခု ၂၉ ရက်နေ့ကနေစပြီးတော့ ရန်ကုန်တိုင်းဒေသကြီး မှာ စပြီးသုံးပါပြီ။ မြို့နယ်၊ ခရိုင် ဆေးရုံတွေမှာ စပြီး သုံးပါပြီ။ တခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း ဖြန့်ပြီးသုံးဖို့ စီစဉ်ပါမယ်။ အဲဒီတော့ မြန်မြန်ဆန်ဆန်သိလို့ ပထမပိုင်းမှာ ပိုပြီးများမယ်လို့ ထင်မြင်ရပေမယ့် ပိုပြီး ထိရောက်တဲ့ ကုသမှုတွေ ပေးနိုင်မယ်ဆိုတာကို ပြည်သူ တွေ နားလည်စေချင်ပါတယ်။

 

ဆေးရုံတွေမှာဆိုရင်လည်း ကုသမှုတွေ ပြည့်ပြည့် ဝဝပေးနိုင်ဖို့ ပစ္စည်းတွေ၊ ဆေးတွေ လုံလုံလောက်လောက် ရှိအောင် လုပ်ထားပါတယ်။ နောက်ပြီးတော့ ဆေးရုံလို သုံးရမယ့် နေရာသစ်တွေ လုပ်သလို ဆေးရုံအတွင်းမှာ လည်း အထူးအာရုံစိုက်ပြီး ကုသပေးနိုင်မယ့် ဌာနတွေကို ချဲ့ထွင်ပြီးလုပ်နေပါတယ်။ နောက်ပြီး ပြည်သူတွေသိတဲ့ အတိုင်းပဲ အများကနေပြီး စိုးရိမ်ပူပန်မှုရှိရင် မေးနိုင်မြန်း နိုင်အောင်လို့ တစ်ပတ်မှာ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ရက်တွေမှာ သမားတော်ကြီးများနဲ့ အမေးအဖြေ အစီအစဉ်လုပ်ပါတယ်။ အဲဒီ အမေး၊ အဖြေအစီအစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှု ကတော့ တော်တော်ကောင်းပါတယ်။ မေးခွန်း (၁၀၀၀) ကျော်လောက်ရောက်ပြီလို့ နားလည်ပါတယ်။ အဲဒီထဲမှာ ထပ်တဲ့မေးခွန်းတွေတော့ ရှိမှာပါ။ ဒါကို ကျွမ်းကျင်တဲ့ ကျွန်မတို့ရဲ့ ပညာရှင်ကြီးများက ဘယ်လိုပြန်ဖြေလဲဆိုတာ နားထောင်တဲ့ ပြည်သူတွေသိမှာပါ။ စိတ်ဝင်စားရင် နားထောင်ပါ။ အရင် ကျွန်မ သတိပေးသလိုပေါ့နော်။ ဆေးမြီးတိုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကုဖို့မကြိုးစားပါနဲ့။ တခြားသူတွေက ဘေးကနေ ဒီလိုလုပ်ရင်ရတယ်၊ ဟိုလို လုပ်ရင်ရတယ်လို့ပြောရင် ဒါတွေကို မယုံပါနဲ့။  သမားတော် ကြီး အစုအဖွဲ့ကို မေးနိုင်တဲ့ အစီအစဉ်တွေကနေ မေးပါ။ အွန်လိုင်းကနေပြီးတော့လည်း မေးခွန်းတွေကို ဖြေပေး နေတာတွေ ရှိပါတယ်။

ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတကာ သတင်းတွေကို လေ့လာမယ်ဆိုရင်လည်း တခြားနိုင်ငံ တွေမှာလည်း တော်တော်ပြန့်နေတယ်ဆိုတာတော့ သတိပြုမိမယ်လို့ ထင်ပါတယ်။ ဒုတိယလှိုင်းပေါ့။ တချို့ က တတိယလှိုင်းတောင်ရောက်ပြီလို့ ခန့်မှန်းတဲ့သူတွေ ရှိပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒုတိယလှိုင်း၊ တချို့ နိုင်ငံတွေမှာတော့ ရောဂါအခြေအနေကို ထိန်းထားနိုင် တယ်။ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာ ဘာကြောင့် ထိန်းထားနိုင်လဲလို့ ကြည့်လိုက်ရင် နိုင်ငံ ချမ်းသာတာနဲ့လည်း မဆိုင်ဘူး။ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ နောက်ဆုံးကျတော့ ပြည်သူတွေ စည်းကမ်း ရှိမှု၊ ပြည်သူတွေ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနဲ့ပဲ ဆိုင်တယ်ဆိုတာ ထပ်ပြီး ကျွန်မသတိပေးပါရစေ။

 

ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းဟာ၊ တကယ်တော့ အရိုးရှင်းဆုံးနည်းကတော့ တခြားလူစုလူဝေးနဲ့ ထိတွေ့မှု မရှိအောင်လို့ သီးသီးသန့်သန့်နေဖို့ပဲ။ အဲဒီတော့ ကိုယ့်အိမ် မှာ ကိုယ်နေပါ။ မလိုအပ်ဘဲ မထွက်ပါနဲ့။ မလိုအပ်ဘဲနဲ့ လည်း ဧည့်သည်တွေ လက်မခံပါနဲ့။ ဒါလည်း ကျွန်မ ပြောပြီးပါပြီ။ ထပ်သတိပေးပါရစေ။ ကိုယ်မထွက်ရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကတော့ အိမ်မှာထိုင်နေပြီး ဧည့်သည် တွေ ဒလဟော လာနေတယ်ဆိုရင် အပြင်မှာ ထွက်တာနဲ့ အတူတူပါပဲ။ မလွှဲမရှောင်သာလို့ ထွက်တယ်ဆိုရင် ထွက်တဲ့အခါမှာ Mask တပ်ပါ။ နောက်ပြီးတော့ လက်အိတ်ဝတ်နိုင်ရင် ဝတ်ပါ။ လက်အိတ်မဝတ်ဘူးဆိုရင် လည်း ပြန်လာတာနဲ့ လက်ဆေးတာ သေသေချာချာ သန့်စင်အောင်လို့ စက္ကန့် ၂၀ လက်ဆေးပါ။ နောက်ပြီး သွားရင်း လာရင်းနဲ့လည်း လက်သန့်စင်တဲ့ ဆေးရည်ဘူး ယူပြီးတော့၊ ဆေးရည်ပုလင်း အသေးလေးတွေလည်း အများကြီးရှိပါတယ်။ ယူသွားပြီးတော့ ကိုယ့်လက်ကိုလည်း မကြာခဏ သန့်စင်အောင်လို့ ဆေးရည်နဲ့သုတ်ပေးပါ။

 

အဲဒီနှစ်ခု လည်းလုပ်မယ်။ နောက်ပြီး တတ်နိုင်သမျှ လည်း ခြောက်ပေခွာပြီးတော့ နေမယ်ဆိုရင် အကာအကွယ် အများကြီးရပါတယ်။ တစ်ခါတလေတော့လည်း ခြောက်ပေအကွာကနေဖို့က ခက်တဲ့အခြေအနေတွေ ရှိတာပေါ့။ ဒါပေမယ့် ခြောက်ပေကွာအောင် နေဖို့ခက်တဲ့ အခြေအနေမှာ Mask လည်းတပ်ထားတယ်။ နောက်ပြီး တော့ လက်ကိုလည်း သန့်သန့်စင်စင်ဖြစ်အောင်လို့ လုပ်ထား မယ်ဆိုရင် ကူးစက်နိုင်တဲ့အလားအလာက အင်မတန်မှ နည်းပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒါကိုဦးတည်ဖို့ လိုပါ တယ်။ Stay at Home ဆိုပြီးတော့ အိမ်မှာနေဖို့ ကြေညာ ချက် ထုတ်ထားတဲ့ မြို့နယ်တွေမှာ ပြန့်ပွားမှုများလို့ ဒီလို ထုတ်ထားတာပါ။ အဲဒီလို ပြန့်ပွားမှုများလို့ ထုတ်ထားတာ ဆိုတော့ သေသေချာချာ လိုက်နာစေချင်ပါတယ်။ အဲဒီ မြို့နယ်တွေမှာ ရောဂါပြန့်ပွားမှု များနေတယ်ဆိုတော့ ကိုယ်ကအိမ်ပြင်ထွက်သွားပြီး အပြင်မှာတွေ့တဲ့ သူတွေဟာ ဘယ်သူ့မှာ ရောဂါပိုးရှိတယ်ဆိုတာ ပြောလို့မရပါဘူး။ ရောဂါ လက္ခဏာကို မပြတဲ့သူတွေကလည်း များပါတယ်။

ကိုဗစ်ရောဂါက ကြည့်လိုက်ရုံနဲ့ သူကတော့ ရောဂါရှိ တယ်၊ သူ့ကိုရှောင်ရမှာပဲဆိုပြီးတော့ ဒီလိုတွက်လို့ မရပါ ဘူး။ ဘာမှမဖြစ်တဲ့ပုံစံနဲ့၊ တချို့ဆိုရင် ရောဂါပိုးရှိမှန်း တွေ့ရ တာတောင်မှ ဘာရောဂါလက္ခဏာမှ ထင်သာမြင်သာ မပြ တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အတင့်မရဲပါနဲ့။ အဲဒီ နေရာမှာတော့ သတိအင်မတန်ထားပါလို့ ကျွန်မအနေ နဲ့ ထပ်ပြီးတော့ ပြောချင်ပါတယ်။

 

ဆေးတွေနဲ့ပတ်သက်လို့လည်း ဆေးရုံတွေမှာဆိုရင် နိုင်ငံတကာမှာပေါ့၊ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့တော့ တစ်ချိန်လုံး ပိုပိုပြီးတော့ ပြည်သူတွေတင်မကဘူး။ တစ်တိုင်းပြည်လုံးတင် မကဘူး၊ တစ်ကမ္ဘာလုံးက သာမန် ပြည်သူတွေရော၊ ဆေးပညာရှင်တွေရော ပိုပိုပြီးတော့ နားလည်လာတယ်။ အခုဆိုရင် ကိုဗစ်ရောဂါဖြစ်နေတာ လည်း ဒီနှစ်အစပိုင်းက ဖြစ်တာဆိုတော့ (၉)လ ကျော်လို့ (၁၀)လထဲ ရောက်သွားပြီ။ (၉)လကျော်လို့ (၁၀)လထဲ ရောက်သွားပြီဆိုတော့ အမျိုးမျိုး အခုမှ သိရတာတွေရှိပါ တယ်။ အဲဒီ သိရတာတွေအပေါ်မှာ အခြေခံပြီးတော့ ကျွန်မ တို့ကနေပြီး ကာကွယ်တာလည်း လုပ်တယ်။ ပြည်သူတွေရဲ့ နေရေးထိုင်ရေးကိုလည်း တတ်နိုင်သမျှ အဆင်ပြေအောင် လို့ ကြိုးစားပါတယ်။

ဥပမာဆိုရင် အခု ဆေးရုံဆင်းတဲ့ကိစ္စပေါ့။ ဆေးရုံဆင်း ဖို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း နောက်ဆုံးတွေ့ရှိချက် တွေကို တစ်ကမ္ဘာလုံးက ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ တွေ့ရှိ ချက်တွေအပေါ်မှာ အခြေခံပြီးတော့ စည်းမျဉ်းစည်းကမ်း တွေကို ပြန်ပြီးတော့ ပြောင်းပါတယ်။ ပြန်ပြီးတော့ ပြောင်းတယ်ဆိုတာ ပိုပြီးတော့ ဆေးရုံကနေ စောစောဆင်း နိုင်ရင်၊ ဆေးရုံက ဆင်းပြီးတဲ့အခါကျရင် Quarantine ကိုယ့်အိမ်မှာကိုယ် တစ်ပတ်နေရမယ်။ အဲဒါပြီးမှ ရောဂါ ကင်းစင်ပြီလို့ သတ်မှတ်လို့ရမယ်။ အဲဒီမှာ ပြန်ပြီးတော့ စစ်ဆေးရမှာပေါ့နော်။ ဒါပေမယ့် ရောဂါကင်းစင်သွားပြီ ဆိုရင်တောင်မှ ငါရောဂါမရတော့ဘူးဆိုတဲ့ အတွေးတော့ မထားပါနဲ့လို့ ကျွန်မ ထပ်ပြီးတော့ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိုဗစ်ရောဂါက နှစ်ခါမရနိုင်ဘူးလို့ ဘယ်သူကမှ အခုထိ ပြောလို့မရသေးပါဘူး။

 

တချို့ရောဂါတွေက တစ်သက်မှာ တစ်ခါပဲဖြစ်တဲ့ ရောဂါမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါက တစ်သက်မှာ တစ်ခါဖြစ်တဲ့ရောဂါမျိုး မဟုတ်ဘူးလို့ တော်တော်များများ ဆေးပညာရှင်တွေက မြင်ပါတယ်။ အဲဒါကြောင့် ကိုယ်က တစ်ခါဖြစ်ပြီးတော့ ကုသလို့ ကောင်းသွားပြီ။ ကောင်းသွားပြီဆိုရင် ပိုပြီးတော့ဂရုစိုက်ပါ။ နှစ်ခါပြန်မဖြစ်အောင်လို့ ဂရုစိုက်စေချင်ပါတယ်။ ကျွန်မ ထပ်တလဲလဲပြောနေတဲ့ကိစ္စက သက်ကြီးရွယ်အိုတွေက ပိုပြီးတော့ ဒီရောဂါအန္တရာယ်ကို သတိထားရပါလိမ့်မယ်။ နောက်ပြီးတော့ အခြေခံကျန်းမာရေး အားနည်းချက်ရှိတဲ့ သူတွေပေါ့။ ကျွန်မတို့ ပြည်သူပြည်သားတွေမှာ အများကြီး ရှိတာကတော့ သွေးတိုးရှိတယ်၊ ဆီးချိုရှိတယ်၊ ကျောက်ကပ် ရောဂါ တွေရှိတယ်။ အဲဒီရောဂါတွေ အခံရှိတယ်ဆိုရင် ကိုဗစ်ရောဂါရပြီဆိုတာနဲ့ ပိုပြီးပြင်းပြင်းထန်ထန် ခံစားရ တယ်။ ဒါကြောင့် ရောဂါရှိတဲ့သူများ အထူးသတိထားစေချင် တယ်။ မိသားစုထဲမှာ ဒီလို အခြေခံရောဂါတွေ ရှိတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ အဘိုး၊ အဘွားတွေရှိတဲ့ မိသားစုတွေ အိမ်တွေမှာဆိုရင် ပိုပြီးသတိထားပါ။

လူငယ်တွေက ဖြစ်နှုန်းပိုပြီး နည်းပေမယ့် လူငယ်တွေ က ခံနိုင်ရည်ရှိတယ်။ ခံနိုင်ရည်ရှိတဲ့အခါကျတော့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်တဲ့ လူငယ်တွေရဲ့ ရာခိုင်နှုန်းက နည်းတယ်။ ဒါပေမယ့် ဒီလူငယ်တွေဆီကနေ အိမ်မှာရှိတဲ့ အဘိုးအဘွားတွေ၊ ဒါမှမဟုတ် ကျန်းမာရေးမကောင်းတဲ့ မိဘတွေကို ကူးသွားမယ်ဆိုရင် ဒီမိဘတွေ၊ အဘိုးအဘွား တွေအတွက် အန္တရာယ်အများကြီး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒါကိုတော့ သတိပြုစေချင်ပါတယ်။ ကိုယ်တစ်ယောက်တည်းအတွက်တင် လုပ်နေတာမဟုတ် ပါဘူး။ အများအတွက် လုပ်နေတာပါ။ အများအတွက် သတိထားနေရမယ်ဆိုတာကို အားလုံးကနေ နှလုံးသွင်း ထားဖို့က အင်မတန်မှ အရေးကြီးပါတယ်။

 

ကိုဗစ်ရောဂါဟာ နေ့တိုင်း၊ နိစ္စဓူဝ ကိုယ့်ကိုယ်ကိုယ် သတိထားတတ်အောင်လို့၊ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာအောင်လို့ သင်ပေးနေတယ်လို့ပဲ စိတ်ထဲမှာထားစေ ချင်ပါတယ်။ အင်မတန်မှ နေရထိုင်ရတာ ကျပ်တည်းပါ တယ်။ တကယ်တင်းကျပ်ပါတယ်။ အပြင်မှာ လျှောက်ပြီး တော့ သွားချင်သလို သွားချင်ပါတယ်ဆိုတဲ့ စိတ်တွေက သဘာဝအားဖြင့်တော့ တော်တော်များများ တစ်ခါတလေ ဒီလိုပဲ ခံစားရမှာပါ။ ဒီအချိန်မှာ ထိန်းထိန်းသိမ်းသိမ်းနေဖို့က အရေးကြီးပါတယ်။

 

ကာကွယ်ဆေးထွက်မှ ကာကွယ်ဆေးကို ကျွန်မတို့ ပြည်သူတွေအားလုံးကို ထိုးပေးနိုင်ပြီးတဲ့အခါမှ ဒီရောဂါ ကို အောင်မြင်နိုင်ပြီလို့ သတ်မှတ်နိုင်မှာပါ။ နောက်ပြီးတော့ လည်း အခုကတည်းက ပြောထားရမယ်ဆိုရင် ဒီကာကွယ် ဆေးနဲ့ပတ်သက်လို့လည်း ကာကွယ်ဆေးထိုးခြင်းဟာ တစ်သက်လုံး ကိုဗစ်ရောဂါအတွက် ကာကွယ်မှုလားဆိုတာ ကိုလည်း ပညာရှင်တွေက သေသေချာချာ ပြောလို့မရပါဘူး။ အကာအကွယ်ပေးတယ်ဆိုရင်တောင်မှ ဒါဟာ နှစ်စဉ် ပြန်ပြီးထိုးရမယ့် ဟာမျိုးလား။ ဒါထက်ပိုပြီးတော့ ခြားပြီး တော့ ထိုးလို့ရမှာလား။ ဒါတွေလည်း သေချာမသိရသေး ပါဘူး။ အခု စစ်ဆေးနေတာကတော့ တချို့ကာကွယ်ဆေး ထုတ်တော့မယ်ဆိုတဲ့ နိုင်ငံတွေမှာတော့ ကာကွယ်နိုင် တယ် ဆိုတာကိုတော့ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက် သေချာနေပါပြီ။ ဘယ်လောက်ကြာကြာ ကာကွယ်နိုင် မယ်ဆိုတာတော့ မသေချာသေးပါဘူး။ တချို့ ကာကွယ် ဆေးတွေကျတော့ နှစ်စဉ်၊ နှစ်စဉ်ပြန်ပြီးတော့ ထိုးရတဲ့ ဆေးမျိုးရှိပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့လည်း ဒီလိုပဲဖြစ်နိုင်ပါတယ်။

ဒါကြောင့် ပြည်သူတွေက ကိုယ့်ရဲ့ အခြေခံကျန်းမာ ရေးကို သတိထားကြပါ။ အခြေခံကျန်းမာရေး ကောင်းတာနှင့်အမျှ ကျွန်မတို့ ဒီရောဂါကို ခံနိုင်မှာ ဖြစ်ပါတယ်။ အင်မတန်မှ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ တချို့နိုင်ငံတွေမှာဆိုရင် ကိုဗစ်ရောဂါ ပြန့်ပွားမှု အင်မတန်မှ မြန်ပါတယ်။ အင်မတန်မှ များပါတယ်။ သူတို့ ချမ်းသာလို့လည်း မဖြစ်ဘူးမဟုတ်ပါဘူး။ ဖြစ်တာပါပဲ။ တချို့နိုင်ငံတွေမှာ၊ တချို့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ သေဆုံးမှုနှုန်းမြင့်တဲ့၊ မြင့်မားတဲ့အကြောင်းတစ်ခုက ဘာလဲဆိုတော့ သူတို့နိုင်ငံတွေက ချမ်းသာတဲ့အခါကျ တော့ ပြည်သူတွေက အသက်ရှည်ကြတယ်။ ပျမ်းမျှခြင်း သက်တမ်းက မြင့်ကြတယ်။ မြင့်ကြတဲ့အခါကျတော့ သက်ကြီးရွယ်အိုတွေများတယ်။ များတဲ့အခါကျတော့ သက်ကြီးရွယ်အိုတွေက ကိုဗစ်ရောဂါရတဲ့အခါကျရင် သေဆုံးမှုများပါတယ်။ အဲဒါတွေ ထည့်တွက်လိုက်တဲ့ အခါကျတော့ အဲဒီနိုင်ငံတွေမှာ သေဆုံးမှုမြင့်မားလာ တာကို သတိပြုမိပါတယ်။ ဒါပေမယ့် သူတို့က ရောဂါအခံ ကြောင့် သေဆုံးမှု ပိုပြီးတော့နည်းပါတယ်။ ပြောရမယ် ဆိုရင် ကျွန်မတို့နိုင်ငံက ပြည်သူတွေနဲ့စာရင် သူတို့ရဲ့ အခြေခံကျန်းမာရေးက ပိုပြီးတော့ကောင်းတယ်။ အဲဒီ တော့ ကျွန်မတို့ အခု ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာဆိုရင် နောက်တစ်ခု သတိထားရမှာက ကိုယ့်ရဲ့ အခြေခံကျန်းမာရေး၊ အခြေခံကျန်းမာရေးဆိုတာက အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖို့ပါ။

 

အစားအသောက်ဆိုတာနဲ့လည်း ကျွန်မတို့ ထပ်တလဲလဲ သတိပေးပါတယ်။ သိပ် အငန်စားတာတို့၊ ဆီစားတာတို့၊ အချို စားတာတို့၊ ကိုယ်နဲ့မတည့်တဲ့ဟာတွေ စားတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ရမယ်။ သစ်သီးဝလံ များများစားရမယ်။ နောက်ပြီးတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်ရမယ်၊ စသဖြင့် အခြေခံကျန်းမာရေးအရ လိုက်နာရ မယ့် စည်းမျဉ်းစည်းကမ်းလေးတွေလုပ်တာ မပြောချင် ပါဘူး။ ကျန်းမာရေးနဲ့ ဆီလျော်တဲ့ နေပုံထိုင်ပုံကို လေ့ကျင့်ယူပါ။ လေ့ကျင့်ယူရင် ကျွန်မတို့ ပြည်သူတွေရဲ့ အခြေခံကျန်းမာရေး ပိုကောင်းလာခြင်းအားဖြင့် နောင်ကျရင် ကိုယ်ခံအားတွေဟာလည်း ပိုပြီးတော့ ကောင်းလာမှာပဲ။ ရောဂါဖြစ်သည့်တိုင်အောင် ရောဂါဟာ အန္တရာယ်ရှိတဲ့ အခြေအနေကို မရောက်သွားနိုင်အောင်လို့ ကိုယ့်ရဲ့ အခြေခံကျန်းမာရေးကောင်းခြင်းဟာ ထိန်းသိမ်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ အခု ကျွန်မတို့ ပြည်သူတွေ အနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ သိချင်တဲ့ အချက်တွေ ကိုလည်း တစ်ပတ်ကိုသုံးခါ သမားတော်ကြီးတွေကို မေးလို့ရပါတယ်။ အဲဒါတွေကို မေးပါ။ ပြောတဲ့ဟာတွေကို သေချာနားထောင်ပါ။ နောက်ပြီးတော့ အကြံပြုချက်တွေ ကို လိုက်နာပါ။ ကျွန်မအနေနဲ့လည်း တစ်ပတ်ကို နှစ်ခါ နောက်ဆုံးအခြေအနေတွေကို တင်ပြပါမယ်။

 

ပြည်သူတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ တာဝန်ဖြစ်တယ်ဆိုတာ ကျွန်မတို့ လက်ခံပါ တယ်။ နောက်ဆုံးကျတော့ ကိုယ့်ကျန်းမာရေးကောင်း ဖို့ဆိုတာ ကိုယ့်တစ်ယောက်ပဲ တတ်နိုင်ပါတယ်။ ဆရာဝန် က ဘယ်လိုပဲပြောပြော၊ ဆေးတွေ ဘယ်လိုပဲပေးပေး၊ ဥပမာဆိုရင် ဆေးတွေပေးပါတယ်။ ကိုယ်က ဆေးမသောက် ဘူး ဆိုရင်လည်း ကျန်းမာသွားမှာ မဟုတ်ဘူး။ ဆေးတွေ တော့ ပေးပါတယ်။ ဆေးတွေပေးတာလည်း သောက်ပါ တယ်။ ဒါပေမယ့် ညွှန်းထားတဲ့အတိုင်း စနစ်တကျ မသောက်ဘူးဆိုရင် အဲဒီဟာကလည်း ကိုယ့်ရဲ့ ကျန်းမာရေး ကို အကျိုးမပြုနိုင်ပါဘူး။ နိုင်ငံတော်နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေရဲ့ ကျန်းမာ ရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါမယ်။ နောက်ဆုံး ကျတော့ ကိုယ်ကိုယ်တိုင်သာ ကိုယ့်ကျန်းမာရေးကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့ ပုဂ္ဂိုလ်ဆိုတာ ကျွန်မတို့ ပြည်သူတွေ မမေ့ပါနဲ့လို့ ဆော်ဩရင်း၊ သတိပေးရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျန်းမာအောင်နေကြပါ။ ကျန်းမာမှ စိတ်ချမ်းသာမှာ။ ပြည်သူတွေ ကျန်းမာချမ်းသာမှ နိုင်ငံလည်း ချမ်းသာမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။