
အိုင်တီလုံခြုံရေးကုမ္ပဏီဖြစ်သော Coludflare ၏ လေ့လာမှုစစ်တမ်းအရ TikTok အသုံးပြုသူအရေ အတွက်သည် ဖေဖော်ဝါရီ၊ မတ်နှင့် ဇွန်လများတွင် Google သုံးစွဲသူအရေအတွက်ထက် ကျော်လွန်ခဲ့ပြီး သြဂုတ်လမှစ၍ အသုံးပြုသူအများဆုံး နံပါတ်တစ် အက်ပလီကေးရှင်းအဖြစ် ရပ်တည်နေကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် GLobal Times သတင်းစာ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။ တရုတ်ကုမ္ပဏီ Bytedance က ပိုင်ဆိုင်သည့် TikTok ကို ယခုနှစ် ဇူလိုင်လအတွင်း ဒေါင်းလုတ်ဆွဲသူအရေအတွက် သုံးဘီလီယံကျော် အထိရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းအသုံးပြုသူ တစ်ဘီလီ ယံကျော်ရှိနေပြီး သုံးစွဲသူများ ဆက်လက်တိုးပွားဖွယ် ရှိကြောင်းဆိုထားသည်။
ဆိုရှယ်မီဒီယာဗီဒီယို Software တစ်ခု
TikTok သည် ဗီဒီယိုအတိုများကို ဖန်တီးမျှဝေ နိုင်သည့် ဆိုရှယ်မီဒီယာဗီဒီယို Software တစ်ခု ဖြစ်သည်။ ၎င်း Software ကို ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ ပြင်ပဈေးကွက်သို့ စတင်ဖြန့်ဝေခဲ့ရာမှ ကမ္ဘာတစ်ဝန်းရှိ လူငယ်အများစု ကြိုက်နှစ်သက် သည့် အက်ပလီကေးရှင်းတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၎င်း၏နောက်တွင် TikTok၊ Amazon၊ Apple၊ Facebook၊ Microsoft၊ Netfilx တို့က ထိပ်ဆုံး ၁၀ နေရာ၌ ရပ်တည်ခဲ့သည်။ ယခုအခါ TikTok သည် သုံးစွဲသူအများဆုံး အက်တစ်ခုဖြစ်လာသည်။ လူငယ်ထုအတွင်း TikTok အပေါ် စွဲလမ်းမှုများပြား လာသည့်နှင့်အမျှ အခြားတစ်ဖက်တွင် ဆိုးကျိုးများ ရှိလာမည်ကို စိုးရိမ်ပူပန်မှုများရှိလာသည်။ ဆယ်ကျော်သက်များအကြား ထင်ပေါ်ကျော်ကြား လာသော်လည်း မိဘများအတွက် စိတ်ပျက်ဖွယ်၊ စိုးရိမ်ဖွယ်ကိစ္စများဖြစ်လာသည်။ TikTok ကို လူမျိုး ရေးအရ စော်ကားမှု၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များ ကာမ ရာဂစိတ်ဖြစ်သည့် ရုပ်ပုံများဖြင့် ဖန်တီးလုပ်ဆောင် လာမှု၊ အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင် ကြောင်းဝေဖန်မှု၊ ကန့်ကွက်မှုများရှိလာသည်။
ဖုန်းမှတစ်ဆင့် ဆိုရှယ်မီဒီယာ၏ သားကောင် ဖြစ်မှန်းမသိဖြစ်ခဲ့ကြရသည့် ဇာတ်လမ်းများမှာ မရေမတွက်နိုင်အောင်ပင်ဖြစ်နေသည်။ နည်းပညာ ကို ခုတုံးလုပ်၍ အနိုင်ကျင့်ခြင်း၊ ကိုယ်ပိုင်သတင်း အချက်အလက်နှင့် ကိုယ်ရေးကိုယ်တာကိစ္စများ ကိုရယူ၍ ကူးယူဖော်ပြခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ တစ်စုံတစ်ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် မဟုတ်မမှန်သတင်းများကို ဖန်တီးဖြန့်ဝေခြင်း၊ မိမိ ၏အမည်၊ ဓာတ်ပုံဖြင့်အကောင့်အတုဖွင့်၍ ရာဇဝတ် မှုကျူးလွန်ခြင်းများသည် ဆိုရှယ်မီဒီယာအပေါ်တွင် သားကောင်ဖြစ်ရခြင်း၏ အခြေခံအချက်များဖြစ်နေ သည်။
နိုင်ငံအချို့တွင် TikTok အက်ကို ပိတ်ပင်မှုများ၊ တားမြစ်မှုများ၊ TikTok ပေါ်မှ အမုန်းတရားများ၊ အကြမ်းဖက်မှုများ၊ သတင်းမှားများနှင့် သက်ဆိုင် သည့် ဗီဒီယိုဖိုင်များကို ဖျက်သိမ်းပေးရန် တောင်းဆို မှုများရှိလာခဲ့သည်။ TikTok သည် အသေးစားလုံခြုံ ရေး၊ အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူ တို့နှင့်ပတ်သက်သော လုပ်ဆောင်မှုများကို အလို အလျောက်ဖယ်ရှားပေးသည့်နည်းပညာကို စတင် အသုံးပြုခဲ့သည်။ နိုင်ငံအသီးသီးရှိ ၎င်းတို့၏ ဘေးကင်းရေးမူဝါဒများနှင့် ဆန့်ကျင်သည့် အကောင့်များ၊ ဗီဒီယိုဖိုင်များကို ဖယ်ရှားခဲ့သည်။ မြန်မာနိုင်ငံသည်ပင်လျှင် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်း လမ်းညွှန်ချက်ချိုးဖောက်သည့်အကောင့် ပေါင်း ၉ဝဝဝဝ ကျော်နှင့် ဗီဒီယို ၉ဝဝဝဝဝ နီးပါးကို မကြာသေးမီက ဖယ်ရှားခံခဲ့ရသည်။ နည်းပညာများ အံ့မခန်းတိုးတက်မှုနှင့်အတူ လက်ကိုင်ဖုန်းအသုံးပြု လာခြင်းသည် ခေတ်၏လိုအပ်ချက်အရဖြစ်သော် လည်း ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်း ယှဉ်တွဲပါလာမည်ဖြစ်သည်။ ဖုန်းအတွင်း ဂိမ်းဆော့ ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဆိုရှယ်မီဒီယာအသုံး ပြုခြင်း စသည်ဖြင့် အက်ပလီကေးရှင်းအမျိုးမျိုး အသုံးပြုလာကြသည်မှာ ရည်ရွယ်ချက်ကောင်းဖြင့် အသုံးပြုနေသူများရှိသကဲ့သို့ မသမာသောစိတ်ထား ဖြင့် အသုံးပြုနေသူများလည်းရှိနေသည်။ TikTok နှင့် ဗီဒီယိုဂိမ်းသည် ဆယ်ကျော်သက်များအတွက် စိတ်၏အပန်းဖြေစရာ၊ ပျော်ရွှင်စရာဖြစ်သော်လည်း ဆိုရှယ်မီဒီယာ၏ သားကောင်အဖြစ်မခံရစေရေး အတွက် အထူးသတိပြုဆင်ခြင်သုံးစွဲရန် လိုအပ် သည်။
ဗီဒီယိုဂိမ်းထုတ်လုပ်သည့်လုပ်ငန်းများ
ဗီဒီယိုဂိမ်းကို အလွန်အကျွံကစားကြခြင်း ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ ထိခိုက်ဆုံးရှုံးမှုများရှိလာသည်။ ကမ္ဘာပေါ်တွင် ဗီဒီယိုဂိမ်းထုတ်လုပ်သည့်လုပ်ငန်းများမှာ တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးထွားနေပြီး ဂိမ်းအမျိုး အစားပေါင်းများစွာကို မရေမတွက်နိုင်အောင် ထုတ်လုပ်ကာ ကော်ပီအရေအတွက် ဘီလီယံများစွာ ကမ္ဘာတစ်ခွင်ရောင်းချနေကြခြင်းဖြစ်သည်။ သုံးပုံ တစ်ပုံခန့်မှာ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုများနှင့် လှုပ်ရှားမှု၊ စွန့်စားမှုဂိမ်းများဖြစ်သည်။ အဆိုပါဂိမ်း များကို စွဲစွဲလမ်းလမ်းကစားကြခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာကြမ်းတမ်းလာပြီး ရန်လိုအကြမ်းဖက် လာကြသည်။ တိုက်ခိုက်သတ်ဖြတ်မှုများနှင့် ယဉ်ပါး လာကြသည်ဟူ၍ ဝေဖန်သုံးသပ်မှုများလည်း ရှိလာ သည်။ သုတေသနပြုချက်များအရ ဂိမ်းအလွန်အကျွံ ကစားသူများတွင် မလိုလားအပ်သော စွဲလမ်းမှုများ နှင့် ဦးနှောက်၏လုပ်ဆောင်ချက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိရသည်။
ဂိမ်းအလွန်အကျွံစွဲလမ်းနေသူများတွင် နေ့စဉ် ဂိမ်းကစားချိန်များလာခြင်း၊ မဆော့ရမနေနိုင်ဖြစ် ခြင်း၊ ဂိမ်းကစားပြီး အခြားအလုပ်များ လုပ်နေချိန် မှာပင် ဂိမ်းအကြောင်းဆက်လက်စဉ်းစားနေခြင်း၊ ဂိမ်းမြင်တိုင်း ဝင်ကစားကာ စိတ်ညစ်တိုင်းလည်း ဂိမ်းကစားခြင်း၊ ဘဝ၏အခြားလုပ်ငန်းဆောင်တာ များအပေါ်တွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း၊ အပေါင်းအသင်းများကို ရှောင်ကြဉ်လာကာ ဂိမ်း ကစားမှုကိုသာ စွဲစွဲလမ်းလမ်းလုပ်ဆောင်ခြင်း စသည်တို့မှာ ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း၏ လက္ခဏာများဖြစ်သည်။ ဂိမ်းအလွန်အကျွံစွဲလမ်း နေသည့် လူငယ်များတွင် အစာအာဟာရစားသောက် ခြင်း၊ အနားယူအိပ်စက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်း ရေးဆောင်ရွက်ခြင်းတို့ကို လျစ်လျူရှုလာကြပြီး သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာ ဆက်ဆံရေး၊ ကိုယ်လက်လှုပ်ရှားကျန်းမာရေး၊ ကျောင်းသင်ခန်းစာများ လေ့ကျင့်ကျက်မှတ်ရေး တို့ကို အချိန်မပေးနိုင်ဖြစ်လာကြသည်။
ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း
အချိန်တိုင်းတွင် ဂိမ်းကိုသာ စဉ်းစားပြီး ဂိမ်းကို သာ အာရုံထားနေခြင်းကြောင့် အခြားလိုအပ်သည့် အကြောင်းအရာများအတွက် စဉ်းစားတွေးခေါ်နိုင် ခြင်းမရှိ ဖြစ်လာကြသည်။ ဂိမ်းစွဲလမ်းခြင်းကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများစွာ ဖြစ်ပေါ် လာရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း (Gaming Disorder) ကို ရောဂါတစ်ရပ်အဖြစ် ၂၀၁၈ ခုနှစ်အတွင်းက စာရင်းသွင်းခဲ့သည်။ တန်ဆေး လွန်ဘေးဆိုသည့် ဆိုရိုးစကားအတိုင်းပင် ဗီဒီယိုဂိမ်းကစားခြင်းတွင် အကောင်းအဆိုးဒွန်တွဲနေပြီး အလွန်အကျွံကစားမှု များကြောင့် ဆိုးကျိုးများဖြစ်ပေါ်လာရသည်။
ဂိမ်းကစားခြင်းနှင့်Tik Tok ဆော့ခြင်းတွင် ဂိမ်း ကို စိတ်အပန်းပြေရုံသာကစားခြင်းက ဦးနှောက် ဖွံ့ဖြိုးမှု၊ ဖြတ်ထိုးဉာဏ်နှင့် ပင်ကိုအရည်အသွေးကို တိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက် အကူပြုနိုင်သည်ဟူ၍လည်း ဆိုထားသည်။ သင့်တင့် လျောက်ပတ်ကောင်းမွန်သည့်ဂိမ်းနှင့် Tik Tok အမျိုးအစားကို ရွေးချယ်ကာ နည်းမှန်လမ်းမှန်၊ စည်းကမ်းတကျ ဆော့ကစားခြင်းဖြင့် ကောင်းကျိုး ရလဒ်များကို ရရှိနိုင်မည်ဖြစ်သည်။ ဗီဒီယိုဂိမ်းကစား ခြင်းကို e-Sport အားကစားအဖြစ် နိုင်ငံတကာ အဆင့်ပြိုင်ပွဲများပင် ကျင်းပလျက်ရှိရာ ကောင်းသည့်ရည်ရွယ်ချက်ဖြင့်၊ အကောင်းဘက်ကို ဦးတည်ကြခြင်းဖြင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးရလဒ်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့်သွေဖည်၍ ဝတ်စားဆင်ယင်ခြင်း၊ ပြောဆိုပြုမူ ခြင်းများ ပြုလုပ်မည်ဆိုပါက ဂုဏ်သိက္ခာကို အချိန် ကုန်ငွေကုန်ခံ၍ ကိုယ်တိုင်လူသိရှင်ကြားချပြသကဲ့ သို့ ဖြစ်နေပေလိမ့်မည်ဖြစ်သည်။ TikTok ကစား ခြင်းမှာလည်း လူ့ဘဝကို ထိခိုက်ဆုံးရှုံးနိုင်သည်။
ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲလျက်ရှိ
Google နှင့် You Tube တို့မှ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်များ ရှာဖွေကြည့်ရှုခြင်းမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး ဒွန်တွဲလျက်ရှိနေကြသည်။ အသိပညာပေးဇာတ်ကားများ၊ စိတ်ခွန်အားဖြည့် ဇာတ်လမ်းများ၊ သမိုင်းမှတ်တမ်းကို ထင်ဟပ်စေ သော ဇာတ်ကားများရှိသကဲ့သို့ ပျက်စီးယိုယွင်းစေ သော ညစ်ညမ်းဇာတ်ကားများလည်း ရှိသည်။ ညစ်ညမ်းကားများမှတစ်ဆင့် မုဒိမ်းမှုများ၊ လိင် အကြမ်းဖက်မှုများ ကျူးလွန်နိုင်သည်။ လက်ကလေး တစ်ချက် ထောက်လိုက်ရုံနှင့် ကြည့်ချင်သမျှ ဘာမဆိုရှာဖွေကြည့်ရှုနိုင်သော ခေတ်ကြီးဖြစ်လာ သည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ အချိန်ပြည့် ဖုန်းသုံးနေလျှင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်၌ ထိခိုက်ဆုံးရှုံးလာနိုင်သည့် အတွက် TikTok နှင့် ဗီဒီယိုဂိမ်းဆော့ကစားခြင်းကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို သတိပြုရန် လိုအပ် ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
n
- Log in to post comments