စင်ကာပူနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေး

စင်ကာပူနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ စတင်ပေး

===================================================================

 

နေပြည်တော် အောက်တိုဘာ ၂

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် စင်ကာပူရောက် မြန်မာနိုင်ငံသား များသည် စင်ကာပူမြို့ မြန်မာသံရုံး၌ ယမန်နေ့မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် အောက်တိုဘာ ၁ ရက်တွင် မဲဆန္ဒရှင် ၈၀၀ ခန့်နှင့် ယနေ့တွင် မဲဆန္ဒရှင် ၁၄၀၀ ခန့် ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကြိုတင်ချိန်းဆို မဲပေး

 

မဲဆန္ဒရှင်များအနေဖြင့် သံရုံးမှ သတ်မှတ်ပေးထား သည့် လူစုလူဝေးမဖြစ်စေရန် ခပ်ခွာခွာနေခြင်း (Safe Distancing) စည်းကမ်းများနှင့်အညီ တန်းစီစောင့်ဆိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ကြရပြီး မဲလက်မှတ်များထုတ်ယူ၍ ဆန္ဒမဲပေးရကြောင်း၊ ကိုဗစ် ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် မဲဆန္ဒရှင်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း မရှိစေရန် အတွက် မိမိဆန္ဒမဲလာရောက်ပေးလိုသည့် နေ့ရက်နှင့် အချိန်တို့အတွက် သံရုံး၏ဝက်ဘ်ဆိုက်တွင် Online Appointment ကြိုတင်ချိန်းဆို ရယူထားရပြီး မဲပေးသည့် နေ့တွင် အဆိုပါ Appointment Letter ကို ပြသရန်လိုအပ် ကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်သည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) အိုင်စီကတ်၊ ယာဉ်မောင်း လိုင်စင်စသည့် အထောက်အထားတစ်ခုခု ပြသရန်လိုအပ် ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံမှ ကြိုတင်ဆန္ဒမဲပေးခွင့်ရသည့် စင်ကာပူ ရောက်မြန်မာနိုင်ငံသား ၃၂၀၀၀ ခန့်ရှိပြီး ဆန္ဒမဲပေးမှု ကို အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အထိ မဲရုံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူပင် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း ဆိုးလ်မြို့ မြန်မာသံရုံးတွင် ယနေ့မှစတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ် လျက်ရှိသည်။

 

ကိုရီးယားသမ္မတနိုင်ငံ အနှံ့အပြားတွင် ရောက်ရှိနေ ထိုင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား  မဲဆန္ဒရှင် ၁၄၀၀ ကျော်ခန့်သည် ဆန္ဒမဲပေးရမည့် ပထမနေ့ဖြစ်သည့် ယနေ့တစ်ရက်တည်းတွင်ပင် အနယ်နယ်အရပ်ရပ်မှ အဝေးပြေးကားကြီးများကို စင်းလုံးငှား၍ အဖွဲ့လိုက် သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း သံရုံးသို့လာရောက်၍ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

 

ပံ့ပိုးပေးခဲ့

 

ဆိုးလ်မြို့ မြန်မာသံရုံးကလည်း ကြိုတင်မဲလာရောက် ပေးသူများအား ကိုရီးယားသမ္မတနိုင်ငံမှ ချမှတ်ထားသော စည်းကမ်းများ၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ဖြစ်စေရန်အတွက် လက်သန့်ဆေးရည်များ၊ နှာခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ်များ ပံ့ပိုး ပေးခဲ့သည်။

 

ကိုရီးယားသမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာ နိုင်ငံသားများမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲပေးရန်အတွက် ပုံစံ(၁၅)ဖြည့်စွက်၍ ကြိုတင်ဆန္ဒမဲလက်မှတ်တောင်းခံထားသူ မြန်မာနိုင်ငံသား ဦးရေ ၉၈၁၀ ရှိပြီး ဆန္ဒမဲပေးမှုကို အောက်တိုဘာ ၂ ရက်မှ ၁၁ ရက်အထိ မဲရုံဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

 

သတင်းစဉ်