ကိုဗစ်အလွန် အဆင့်မြင့်ပညာရေး (၁၂)တက္ကသိုလ်ကောင်စီ၏အခန်းကဏ္ဍ

Type
၁

ဆောင်းပါး

========

 

 

ကိုဗစ်အလွန် အဆင့်မြင့်ပညာရေး (၁၂)တက္ကသိုလ်ကောင်စီ၏အခန်းကဏ္ဍ

=========================================================

 

ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)

 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာန အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ၊ ဂျာမနီနိုင်ငံ ဂျာမန် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ အပြန်အလှန်နှီးနှော ဖလှယ်ရေးအဖွဲ့ (German Academic Exchange Service – DAAD) တို့ ပူးပေါင်းပြီး တက္ကသိုလ်ပဋိညာဉ် စာတမ်း (University Charter) နှင့် တက္ကသိုလ်ကောင်စီ (University Council) ဆိုင်ရာ Online အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် အဆင့်မြင့် ပညာရေးစနစ်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိရာ တက္ကသိုလ်များတွင် တက္ကသိုလ် ပဋိညာဉ်စာတမ်း ရေးဆွဲအတည်ပြုရေး၊ ယင်းပဋိညာဉ် စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီနှင့် မဟာ ဌာနကြီးများ (Faculty) ဖွဲ့စည်းရေး၊ သင်ကြား၊ သင်ယူ မှုနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်နိုင်ရေး၊ တက္ကသိုလ်များ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရေး (Public-Private partnership) နှင့် အသုံးချသုတေသနများ (Applied Research) ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။

 

ထို့နောက် ဂျာမနီနိုင်ငံ ဟန်နိုဗာတက္ကသိုလ် (Leibniz University Hannover) ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာခရစ်စကုရှ်က သူ၏ တက္ကသိုလ်ရှိ ပြည်နယ် အဆင့်မြင့်ပညာရေးဥပဒေအရ မိမိကိုယ်ပိုင်အုပ်ချုပ်ပုံ စနစ်များ၊ တက္ကသိုလ်ဖွဲ့စည်းပုံ၊ တက္ကသိုလ်ရှိ ကောင်စီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုကြပုံများ၊ အရေးကြီး ကိစ္စများကို ဆုံးဖြတ်ပုံစနစ်များအား ရှင်းပြခဲ့ပါသည်။ တက္ကသိုလ်ဗဟိုအဖွဲ့တွင် ပါမောက္ခချုပ်ဘုတ်အဖွဲ့၊ ဆီးနိတ်/တက္ကသိုလ်ပညာရေးအဖွဲ့၊ မဟာဌာနများ ကောင်စီနှင့် မဟာဌာနမှူးရုံးခန်းတို့ ပါရှိပါသည်။

 

တက္ကသိုလ်ကောင်စီ

 

တက္ကသိုလ်ကောင်စီတွင် ပြည်နယ်ဥပဒေအရ ခုနစ် ဦးပါဝင်ပြီး ပြည်နယ်ဝန်ကြီးဌာန ကိုယ်စားလှယ်တစ်ဦး၊ တက္ကသိုလ်ဆီးနိတ်မှရွေးချယ်သူ ကိုယ်စားလှယ်တစ်ဦး၊ အဆင့်မြင့် ပညာရပ်ကျွမ်းကျင်သူ ပြင်ပပညာရှင် ငါးဦး (သိပ္ပံ၊ နိုင်ငံရေးနှင့် ပုဂ္ဂလိကလုပ်ငန်းအတွေ့အကြုံ အခြေခံရှိသူများ)ဖြင့် ဖွဲ့စည်းထားပါသည်။ ကောင်စီ၏ အခန်းကဏ္ဍမှာ ပါမောက္ခချုပ် ဘုတ်အဖွဲ့ကို အကြံဉာဏ် ပေးရပြီး ပါမောက္ခချုပ်၏ လုပ်ငန်းများကို ထိန်းကျောင်း လုပ်ပေးသောအဖွဲ့ ဖြစ်ပါသည်။ တက္ကသိုလ်အသုံးစရိတ် ကိစ္စများကိုပါ တက္ကသိုလ်ကောင်စီက ဆုံးဖြတ်ပါသည် ဟူ၍ ဆွေးနွေးခဲ့သည်။

 

ဗီယက်နမ် - ဂျာမန်တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ သောမက်ဘင့်ဇ်က ဗီယက်နမ် - ဂျာမန် တက္ကသိုလ် (Vietnamese-German University- VGU) သည် ဗီယက်နန်နိုင်ငံ အများပိုင်ပြည်သူ့တက္ကသိုလ် (Public University) ဖြစ်ပါသည်။ နှစ်နိုင်ငံချစ်ကြည်ရေးအရ လွတ်လပ်စွာ စီမံခန့်ခွဲမှုရရှိထားသော တက္ကသိုလ် (Autonomous University) ဖြစ်ပြီး ဤတက္ကသိုလ်သည် အထူးသဖြင့် သုတေသန၊ သင်ကြားရေးနှင့် လုပ်ငန်းခွင် သင်တန်းတို့တွင် အင်ဂျင်နီယာ၊ သတင်းအချက်အလက် နည်းပညာနှင့် ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးတို့ကို ဦးစားပေးထားသော တက္ကသိုလ် ဖြစ်ပါသည်။

 

အောင်မြင်အောင်ဆောင်ရွက်နေသော တက္ကသိုလ်

 

အထူးသဖြင့် ဆန်းစစ်ဝေဖန်သော၊ အကဲဖြတ်နိုင်သော စဉ်းစားတွေးခေါ်မှုပညာ (Critical Thinking) ကို အခြေခံပြီး လက်တွေ့ဗီယက်နမ်နိုင်ငံအတွင်း တွေ့ကြုံနေရသော ပြဿနာများကို ဖြေရှင်းရန်တို့ကို အခြေခံထားပါသည်။ ငွေကြေးအားဖြင့် ၂၀၂၀ ဘတ်ဂျက်တွင် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၈၀၊ ဂျာမနီနိုင်ငံ အောက်ဆက်ဆိုနိပြည်နယ်မှ ယူရို ၂ ဒသမ ၁ သန်း၊ ဗီယက်နမ်အစိုးရမှ ယူရို နှစ်သန်း၊ DAAD အဖွဲ့အစည်းမှ ယူရို ၁ ဒသမ ၅ သန်းကို အခြေခံထား၍ ကျောင်းသား ကျောင်းသူများ၏ကျောင်းလခများမှ ယူရို သုံးသန်း ပူးပေါင်း ကာ အောင်မြင်အောင်ဆောင်ရွက်နေသော တက္ကသိုလ် ဖြစ်ပါသည်။ တက္ကသိုလ် ပဋိညာဉ်စာတမ်းအရ တက္ကသိုလ် ကောင်စီ၊ ပါမောက္ခချုပ်ဘုတ်အဖွဲ့၊ ပညာရေးအဖွဲ့၊ မဟာ ဌာနများကောင်စီတို့ ရှိပါသည်။

 

ပါမောက္ခချုပ်ဘုတ်အဖွဲ့

 

ပါမောက္ခချုပ်ဘုတ်အဖွဲ့တွင် ဂျာမန်မှ ပါမောက္ခချုပ် တစ်ဦး၊ ဗီယက်နမ်မှ ဒုတိယပါမောက္ခချုပ်၊ သင်ကြားရေး (Academic Affairs)၊ ဂျာမန်မှ ဒုတိယပါမောက္ခချုပ်၊ စီမံခန့်ခွဲရေး (Administration)နှင့် ဗီယက်နမ်မှ ဒုတိယ ပါမောက္ခချုပ်၊ သုတေသန (Research) တစ်ဦးစီတို့ ပါဝင် ပါသည်။ ပါမောက္ခချုပ်နှင့်အဖွဲ့သည် နှစ်စဉ်လုပ်ငန်းများကို တက္ကသိုလ်ကောင်စီသို့ အစီရင်ခံရပါသည်။ ပါမောက္ခချုပ် ရွေးချယ်ရေးကော်မတီတွင် ပညာရေးအဖွဲ့မှ နှစ်ဦး၊ တက္ကသိုလ်ကောင်စီမှ လေးဦး ပါဝင်ပါသည်။ ကော်မတီကို တက္ကသိုလ်ကောင်စီက မဲပေးရွေးချယ်ပြီး နောက်ဆုံး ဗီယက်နမ် ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခန့်အပ် ပါသည်။ တက္ကသိုလ်ကောင်စီတွင် ဗီယက်နမ်ဘက်က ၁၀ ဦး၊ ဂျာမနီဘက်က ၁၀ ဦးနှင့် အထူးသဖြင့် ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ ပညာရေးကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များ ပါဝင်ပါသည်။ တစ်နှစ်တစ်ကြိမ် ဗီယက်နမ် နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့တွင် အလှည့်ကျတာဝန် ထမ်းဆောင်ကြပါသည်။ မကြာခဏ Video Conferencing ဖြင့် အစည်းအဝေးလုပ်လေ့ရှိပါသည်။

 

ကောင်စီမှာ တက္ကသိုလ်လှုပ်ရှားမှုများ၊ သုတေသန လုပ်ငန်းများ၊ ကျောင်းလခနှင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ ဘတ်ဂျက်အစီအစဉ်များ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ကြပါ သည်။ မဟာဌာနများကောင်စီတွင် မဲပေး၍ မဟာဌာနမှူးကို ရွေးချယ်ပါသည်။ အဖွဲ့ဝင် ပါမောက္ခနှင့် ကထိကများက ကိုယ်စားလှယ်အဖွဲ့တွင် နှစ်ဦး၊ ဓာတ်ခွဲခန်းနှင့်သုတေသန ဝန်ထမ်းများက ကိုယ်စားလှယ် တစ်ဦးနှင့် ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်ပါသည်။ လုပ်ငန်း တာဝန်များမှာ သုတေသနလုပ်ငန်းများ၊ ပါမောက္ခချုပ် ခန့်အပ်ခြင်း၊ မဟာဌာနများ၏ ဘတ်ဂျက်၊ အထောက်အပံ့ ပစ္စည်းများ ပံ့ပိုးခြင်း၊ အကျိုးရှိသော ဘာသာရပ် အသစ်များ ပြောင်းခြင်း၊ မလိုအပ်သောဘာသာရပ် အဟောင်းများ ဖယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါသည်။ တက္ကသိုလ်ကောင်စီသို့ သင်ကြားရေး၊ သုတေသနလုပ်ငန်း အစီအစဉ်များ၊ ဒီဂရီဘွဲ့အသစ်ပေးခြင်း၊ အဟောင်း ဖြုတ်ခြင်း၊ ဌာနမှူးရွေးချယ်၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်ပါသည်။

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်

 

ဗီယက်နမ်နိုင်ငံ ဟနွိုင်းသိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (HUST – Hanoi University of Science and Technology)သည် ၁၉၅၆ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး (ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်မှာ ၁၉၂၀ ပြည့်နှစ်က တည်ထောင်ပါသည်) ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကို ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ တွင် တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တက္ကသိုလ် ၂၃ ကျောင်းမှစတင်ခဲ့ပြီး တက္ကသိုလ်ကောင်စီကိုအုပ်ချုပ်၊ စီမံခန့်ခွဲခွင့် အာဏာပိုပေးခဲ့ပါသည်။ နိုင်ငံတော်မှ ဘတ်ဂျက်ပေးခဲ့သော်လည်း ရိုးရိုးသာမန် နှစ်စဉ်ပေးသည် မှသည် တက္ကသိုလ်အချင်းချင်း စွမ်းဆောင်ရည် အလိုက် အပြိုင်အဆိုင်ပေးသည့်စနစ်ကို ပြောင်းခဲ့ပါ သည်။

 

ဤတက္ကသိုလ်သည် ၂၀၁၁ ခုနှစ်က ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ဆက်သွယ်ခွင့် ရသော်လည်း ငွေကြေးကိစ္စကိုမူ လွတ်လပ်စွာ စီမံခန့်ခွဲမှု မရသေးပါ။ နောက်ပိုင်းတွင်မှသာ ကျောင်းလခကို ကျောင်းသားတစ်ဦး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်း ကောက်ခံကာ သုတေသန၊ သင်ကြားရေး များကို စနစ်ကျစွာ စီမံခန့်ခွဲမှုရလာပါသည်။ တက္ကသိုလ်မှ သင်ကြားပေးသော ဘာသာရပ်များကို ကျောင်းသား ၏ စိတ်ဝင်စားမှု၊ အလုပ်အကိုင်နှင့်နိုင်ငံ၏ လိုအပ်ချက် များအပေါ်မူတည်၍ ပို့ချခဲ့ပါသည်။

တက္ကသိုလ်များတွင် အချိန်ပြည့်ကျောင်းသား ဘွဲ့ကြို ၃၀၀၀၀ နှင့် ဘွဲ့လွန် ကျောင်းသား ၃၀၀၀ ရှိပြီး အချိန်ပိုင်းကျောင်းသားလည်း ၂၀၀၀ ခန့် ရှိပါသည်။ ဆရာ ဆရာမ ၁၁၅၀ ခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းက ပါရဂူ ဘွဲ့ရကာ ၂၃ ရာခိုင်နှုန်းက ပါမောက္ခများ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံရှိ HCERES အဖွဲ့အစည်း၏ အရည်အသွေး အသိအမှတ်ပြုခြင်းအပြင် အခြား အဖွဲ့အစည်းများစွာ၏ အသိအမှတ်ပြုခြင်းများကိုလည်း ရရှိခဲ့ပါသည်။

 

ဗီယက်နန် ဟနွိုင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Hanoi University of Science and Technology - HUST ) ရှိ အဆင့်မြင့်ကျောင်းနှင့် သုတေသနဗဟိုဌာန များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆင့်မြင့်ပညာကျောင်း- Advanced Schools in HUST (၁၇) ခုမှာ-

(၁) ဇီဝနည်းပညာနှင့် အစားအသောက်နည်းပညာ အဆင့်မြင့်ကျောင်း (School of Biotechnology and Food Technology)၊

(၂) သတင်းအချက်အလက်နည်းပညာ အဆင့်မြင့် ကျောင်း (School of Information and Communication Technology)၊

(၃) စက်မှုအင်ဂျင်နီယာပညာ အဆင့်မြင့်ကျောင်း (School of Mechanical Engineering)၊

(၄) သယ်ယူပို့ဆောင်ရေးအင်ဂျင်နီယာပညာ အဆင့် မြင့်ကျောင်း (School of Transportation Engineering)၊

 

b စာမျက်နှာ ၂၂ မှ

(၅) ချည်မျှဉ်၊ အထည်အလိပ်နှင့် ဖက်ရှင်နည်းပညာ အဆင့်မြင့်ကျောင်း (School of Textile, Leather and Fashion)၊

(၆) လျှပ်စစ်အင်ဂျင်နီယာပညာ အဆင့်မြင့်ကျောင်း (School of Electrical Engineering)၊

(၇) အီလက်ထရောနစ်၊ တယ်လီဖုန်း၊ ရေဒီယို၊ တီဗွီ စသည့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာအဆင့် မြင့်ကျောင်း (School of Electronics and Telecommunications)၊

(၈) ပတ်ဝန်းကျင်သိပ္ပံနှင့် နည်းပညာအဆင့်မြင့်ကျောင်း (School of Environmental Science and Technology)၊

(၉) အပူ၊ အအေးပေးခြင်းလုပ်ငန်း အင်ဂျင်နီယာ နည်းပညာအဆင့်မြင့်ကျောင်း (School of Heat Engineering and Refrigeration)၊

(၁၀) ဒြပ်ဝတ္ထု သိပ္ပံနှင့်နည်းပညာအဆင့်မြင့်ကျောင်း (School of Material Science and Technology)၊

(၁၁) စီးပွားရေးနှင့်စီမံခန့်ခွဲမှုပညာ အဆင့်မြင့်ကျောင်း (School of Economics and Management)၊

(၁၂) ဓာတုအင်ဂျင်နီယာ အဆင့်မြင့်ကျောင်း (School of Chemical Engineering)၊

(၁၃) နိုင်ငံခြားဘာသာ အဆင့်မြင့်ကျောင်း (School of Foreign Languages)၊

(၁၄) အင်ဂျင်နီယာဘာသာသင်ကြားနည်းပညာ အဆင့် မြင့်ကျောင်း (School of Engineering Pedagogy)၊

(၁၅) အသုံးချသင်္ချာနှင့် အသိမြင်ပညာ အဆင့်မြင့်ကျောင်း (School of Applied Mathematics and Informatics)၊

(၁၆) အင်ဂျင်နီယာ ရူပဗေဒဘာသာ အဆင့်မြင့်ကျောင်း (School of Engineering Physics)၊

(၁၇) စဉ်ဆက်မပြတ်ပညာရေးဆိုင်ရာ နည်းပညာ အဆင့်မြင့်ကျောင်း (School of Continuing Education)။

မဟာဌာန (Faculty) ၃ ခုမှာ-

(၁) အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဌာန (Faculty of National Defense – Security Education)၊

(၂) ကာယပညာ မဟာဌာန (Faculty of Physical Education)၊

(၃) နိုင်ငံရေးသီအိုရီဆိုင်ရာ မဟာဌာန (Faculty of Political Theory)။

သုတေသနသိပ္ပံ၊ ဗဟိုဌာန (Institute/Centres) ၁၄ ခုမှာ-

(၁) အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ပညာပေးရေး ဒြပ်ဝတ္ထု သိပ္ပံ (International Training Institute for Material Science)၊

(၂) ဗီယက်နန်- ဂျပန် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာဗဟိုဌာန (Vietnam Japan International Training Institute for Science and Technology)၊

(၃) စက်မှုအလက်ထရောနစ် နည်းပညာသိပ္ပံ (Institute for Control Engineering and Automation - Mechatronics)၊

(၄) အာကာသနှင့် ရေအောက်နည်းပညာသိပ္ပံ (Institute of Space and Underwater Technology)၊

(၅) အပြည်ပြည်ဆိုင်ရာ တွက်ချက်နည်းနှင့် အင်ဂျင် နီယာသိပ္ပံ (International Institute for Computational Science and Engineering - ICSE) ၊

(၆) အပြည်ပြည်ဆိုင်ရာ သုတေသနသိပ္ပံ (International Research Institute: Multimedia, Information, Communication and Application - MICA)၊

(၇) အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဗဟိုဌာန (Advanced Institute for Science and Technology)၊

(၈) သဘာဝထွက်ပစ္စည်းများဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (Institute for Research and Development of Natural products – INAPRO)၊

(၉) ဇီဝဆေးပညာဆိုင်ရာ အီလက်ထရောနစ် ဗဟိုဌာန (Biomedical Electronic Centre)၊

(၁၀) နည်းပညာဖွံ့ဖြိုးရေး ဆန်းသစ်ပြောင်းလဲခြင်း ဗဟို ဌာန (Centre for Technology innovation – CTI) ၊

(၁၁) ပိုလီမာဗဟိုဌာန (Polymer Centre) ၊

(၁၂) ရော်ဘာသိပ္ပံနှင့် နည်းပညာဗဟိုဌာန (Centre for Rubber Science and Technology – CEBER) ၊

(၁၃) အရှေ့တောင်အာရှ ဂြိုဟ်တုဆက်သွယ်ရေး၊ မောင်းနှင် သွားလာခြင်းဗဟိုဌာန (Centre for Research and Development on Satellite Navigation Technology in SE Asia) ၊

(၁၄) ဘက်ခို အင်တာနက်လုံခြုံရေး ဗဟိုဌာန (Bach Khoa Internet Security)။

 

သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ဆိုသော်လည်း ကာယ ပညာ၊ ပညာရေးဌာနကအစ၊ စီးပွားရေးပညာဌာန အလယ်၊ နိုင်ငံရေး၊ ကာကွယ်ရေးဌာနများအဆုံး ဘာသာရပ်ပေါင်းစုံ သင်ပေးသော (Comprehensive University System) စနစ် ဖြစ်ပါသည်။ အရှေ့တောင်အာရှနှင့် အပြည်ပြည် ဆိုင်ရာ သုတေသနဌာနများစွာ ရှိပါသည်။

ကမ္ဘာ့တက္ကသိုလ်အဆင့် (World University Ranking) တွင် အင်ဂျင်နီယာဘာသာရပ်၌ အဆင့်- (၃၀၀) နှင့် (၄၀၀) အတွင်းရှိပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အဆင့်-(၄) ရှိပါသည်။ ဤတက္ကသိုလ်မှာ ဗီယက်နမ်နိုင်ငံ တစ်ခုလုံးတွင် စံပြနမူနာတက္ကသိုလ် (Role Model) ဖြစ်ပါသည်။ သုတေသနစစ်တမ်းအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် လေးနှစ်အတွင်း တက္ကသိုလ်ဝင်ငွေ ၄၅ ရာခိုင်နှုန်း တိုးလာပါသည်။ ဆရာ ဆရာမ၊ ဝန်ထမ်းများ၏ လစာ ၇၀ ရာခိုင်နှုန်း တိုး၍ရရှိလာပါသည်။

 

သုတေသနပြုလုပ်ခြင်းမှ ရရှိလာသောဝင်ငွေနှင့် တစ်ဦးချင်း၏ သုတေသနစာတမ်း များက ၁၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာပါသည်။ ဘွဲ့ရများ၏ ဘွဲ့ရပြီး အလုပ်အကိုင်ရရှိမှုမှာလည်း ဘွဲ့ရပြီး သုံးလအတွင်း ဘွဲ့ရစုစုပေါင်း၏ ၆၂ ရာခိုင်နှုန်းမှ ၇၄ ရာခိုင်နှုန်းအထိလည်းကောင်း၊ ဘွဲ့ရပြီး ခြောက်လအတွင်း ၈၉ ရာခိုင်နှုန်းမှ ၉၃ ရာခိုင်နှုန်းဘွဲ့ရများအထိ လည်းကောင်း အလုပ်အကိုင် ရကြပါသည်။

တက္ကသိုလ်မူဝါဒကို ဝန်ထမ်း အားလုံး၏ တွေးခေါ်မှုအလေ့အထ (Staff Mind-set) ကို သုံးစွဲသူ အလိုကျပုံစံ (Customer-oriented) နှင့် ဝန်ဆောင်မှုပေးရမည့်ပုံစံ (Service-Oriented) ကို ပြောင်းလဲပစ်ပါသည်။ အားကျအတုယူဖွယ်၊ နမူနာယူဖွယ် ကောင်းလှပါ၏။

ကျွန်တော်တို့နိုင်ငံတွင်လည်း ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်များအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ် ရှိသော တက္ကသိုလ်များ (Autonomous Universities) စတင်ပြောင်းလဲတော့မည်ဖြစ်ပါသည်။ ထိုတက္ကသိုလ် များတွင် ဂျာမနီနှင့် ဗီယက်နမ်တက္ကသိုလ်များကဲ့သို့ တက္ကသိုလ်ကောင်စီ (University Council) စနစ်တကျ ဖွဲ့စည်းကာ ထိုကောင်စီမှနေ၍ ဗဟိုချုပ်ကိုင်မှုမပါဘဲ (Decentralization)

(၁) ပါမောက္ခချုပ်များအဖွဲ့ (President's Board)၊ တက္ကသိုလ်ပညာရေးအဖွဲ့များ (Academic Senate) ကို စနစ်တကျကြီးကြပ်ခြင်း၊ ကွပ်ကဲကြပ်မတ်ခြင်း၊

(၂) တက္ကသိုလ် တစ်ကျောင်းနှင့်တစ်ကျောင်း အပြု သဘောနှင့် အပြိုင်အဆိုင်သင်ကြားရေး၊ သုတေသန လုပ်ကြကာ တိုင်းပြည်မှ အရေးတကြီး လိုအပ် လျက်ရှိသော (Demand Driven Courses)၊ ဘွဲ့ရပြီးလျှင် နိုင်ငံတော်အတွက် အလုပ်အကိုင် ချက်ချင်းရနိုင်သော (Good Employability) ဘာသာရပ်များကို နှစ်စဉ်ပြောင်းလဲသင်ကြား ပေးနိုင်ခြင်း အခွင့်အလမ်း၊

(၃) သုတေသနဇောင်းပေးသင်ကြားသော တက္ကသိုလ် (Research-Based University) အဖြစ်သို့ ပြောင်း၍ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက် နိုင်သော အသုံးချသုတေသနများ (Applied Research) များများလုပ်ဆောင်နိုင်သော ဘွဲ့လွန် သင်တန်းများ (Post-graduate Courses)၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများကို ကျွမ်းကျင် ဆရာ ဆရာမများစွာ ခန့်အပ်လျက် များများ တက်ရောက်စေခြင်း၊ (ဥပမာ - အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား နည်းပညာတက္ကသိုလ် - California Institute of Technology- Caltech တွင် စုစုပေါင်း ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၂၀၀၀ ခန့်မှာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူ ၁၀၀၀ ကျော်ရှိပြီး သုတေသနပြုလျက် ရှိပါသည်)။

 

(၄) ကျောင်းလခကိုလည်း သင့်တော် သလိုကောက်ခံ၍ တက္ကသိုလ်ဘတ်ဂျက်များ၊ ဆရာ ဆရာမ၊ ဝန်ထမ်း များ၏လခ၊ ဉာဏ်ပူဇော်ခစသည်တို့တွင် ပြန်လည်အသုံးပြုစေခြင်း၊ (နောင်တွင် နိုင်ငံတော် ဘတ်ဂျက်ကို လျှော့၍ သင်ကြားရေး၊ သုတေသန စွမ်းရည်ဖြင့် ဝင်ငွေများများ ရရှိစေခြင်း)။

 

(၅) ဤကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များတွင် အလုပ်လုပ်ကိုင်မည့် သင်ကြားရေးဆရာ ဆရာမ (Teaching Staff)၊ သုတေသနပညာရှင် (Research Staff)၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူ (Laboratory Technicians) နှင့် ရုံးလုပ်ငန်းဆိုင်ရာ ဝန်ထမ်းများ (Non-Teaching Staff) အတွက် နောင်တစ်ချိန်၌ လာရောက်လုပ်ကိုင်လိုသော၊ ကြိုးစား၍လုပ်ကိုင် လာချင်သော အစီအစဉ်များ ချမှတ်ပေးခြင်း၊ (ဥပမာ - နောင်တွင် လုပ်ရည်ကိုင်ရည်၊ သင်ကြားရေး၊ သုတေသန စွမ်းရည်အပေါ်မူတည်၍ အခြား တက္ကသိုလ်နှင့်ယှဉ်လျှင် လစာတိုးမြင့်ပေးခြင်း၊ ထိုမှသာ ဤတက္ကသိုလ်များတွင် ထူးချွန်သူများ  လာရောက်ပါမည်၊ တက္ကသိုလ် ကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ (Chairperson and Members of University Council) ၏ အခန်းကဏ္ဍ အလွန် အရေးပါလာပါသည်) စသည်တို့ မြန်မြန်ဆန်ဆန် ပြုလုပ်လိုက်မည်ဆိုပါက ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ အဆင့်မီ အသိအမှတ်ပြုတက္ကသိုလ်များ၊ အကောင်းဆုံးတက္ကသိုလ် (World-Renowned/ World-Reputable Universities/ Best Universities) များစွာရှိလာမည်၊ ဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်ပါသည်။ ။