
ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၂ ဦးအား ပြန်လည်ခေါ်ဆောင်
============================================================
နေပြည်တော် အောက်တိုဘာ ၃
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကင်ဘာရာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဩစတြေးလျနှင့် နယူးဇီလန်မှ ၈၈ ဦး၊ ပါပူဝါ နယူးဂီနီမှ ၃၄ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၂၂ ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွား အလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ၇ ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့မှ ကယ်ဆယ်ရေးလေယာဉ် ငါးကြိမ် ပျံသန်းပြေးဆွဲခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်