
ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုဆောင်းပါး
=========================
ဆရာများအတွက် ထာဝရကမ္ဘာ့ဆရာများနေ့
=================================
အောင်ခိုင်မြင့်(ပညာရေး)
ဆရာကောင်း
- အကျင့်သီလနှင့်ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရမည်။
- သမာဓိနှင့်ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာ ဖြစ်ရ မည်။
- ပညာနှင့်ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာဖြစ်ရမည်။
- တပည့်များမသင့်လျော်ပြောဆိုမှုကို တွေ့မြင်လျှင် လျစ်လျူမရှု၊ ကြောင့်ကြပြုပြီး ပြောဆိုဆုံးမနိုင်ရ မည်။
- သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှုဟူသမျှကို သည်းခံနိုင်ရမည်။
- နက်နဲသော တရားစကားပြောကြားနိုင်ရမည်။
- တပည့်များ မသင့်လျော် မလျောက်ပတ်သောအရာ တို့တွင် ခိုင်းစေခြင်းမပြုရ။
ထိုကဲ့သို့သော ဆရာကောင်းကို မှီဝဲမှသာ တပည့် ဖြစ်သူ၏ သီလ၊ သမာဓိ၊ ပညာ တိုးပွားနိုင်မည်ဖြစ်သည်။
(အင်္ဂုတ္တရနိကာယ သတ္တနိပါတ်ဒေသတာဝဂ် ဒုတိယမိတန္တသုတ်)
“ရိုသေ၊ ချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့် လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊ ဓမ္မံနက်နဲ ဟောခိုင်မြဲ၍ ကျိုးနည်းမတွန်း၊ ခုနစ်ခန်းနှင့်ပြည့်လျှမ်းညီညာ၊ ဤဆရာရှာဖွေ တပည့်ခံ” ဟူ၍ စာရေးသူတို့ ကျောင်းသားဘဝက ကျက်မှတ်ခဲ့ဖူး ပါသည်။
ကမ္ဘာ့ဆရာများနေ့ စတင်ဖြစ်ပေါ်လာခြင်း
၁၉၆၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ် (ILO) နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့က ထောက်ခံတင်ပြချက် များကို အတည်ပြုလက်မှတ်ရေးထိုးသော အထိမ်းအမှတ် အဖြစ် အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်သည့် အထူးညီလာခံကြီးက အောက်တိုဘာ လ (၅) ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers Day)အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဆရာများ၏ အခွင့် အရေးနှင့်တာဝန်များ၊ အစပျိုးလေ့ကျင့်သင်တန်းပေး သည့်အခါတွင် ရှိသင့်သော ကျွမ်းကျင်မှုစံသတ်မှတ်ချက် များ၊ ရှေ့ဆက်လက် ပညာတိုးတက်စေရန် ဆည်းပူး သင်ကြားရေးကိစ္စများ၊ ဆရာများစုဆောင်းရေးကိစ္စများ၊ ရာထူးခန့်ထားရေးကိစ္စများ၊ သင်ကြားသင်ယူမှုအခြေ အနေများနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် အလေးထားစဉ်းစားပေးသည့် ခရီးအစဟု ဆိုနိုင်ပါသည်။
ကမ္ဘာ့နိုင်ငံများတွင် စတင်ကျင်းပခြင်း
၁၉၉၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှ စတင် ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် ကမ္ဘာ့ဆရာများ နေ့အဖြစ် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။ ရည်မှန်း ချက်အနေဖြင့် ပညာရေးမျှော်မှန်းချက်များ ပေါက် မြောက်အောင်မြင်မှုများကို မှတ်တမ်းတင်ရန်နှင့် ဆရာ အတတ်ပညာဖွံ့ဖြိုးရေးအတွက် ကျန်ရှိနေသေးသည့် စိန်ခေါ်မှုများကို ပြန်လည်ထင်ဟပ် သုံးသပ်ရန်ဟူသည့် အချက်များကို အခြေခံသည်။
မြန်မာနိုင်ငံတွင်စတင်ကျင်းပခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ပညာရေး ဝန်ကြီးဌာနကဦးစီး၍ ကမ္ဘာ့ဆရာများနေ့ကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့် အခမ်း အနား စတင်ကျင်းပခဲ့သည်။ ကျင်းပသည့် ရည်ရွယ်ချက် များမှာ-
- မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တောအနန္တ ဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ် လေးစားတန်ဖိုးထားလာစေရန်၊
- အာစရိယဆရာများနှင့် ဥပဇ္ဈာယ်ဆရာ၊ အရည် အသွေးများပြည့်ဝသည့် မြတ်ဆရာများ ပိုမို ပေါ်ထွန်းလာစေရန်၊
- “ဆရာများနေ့” အခမ်းအနားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ကျင်းပ၍ ဆရာ များ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုရန်တို့ ဖြစ်ပါသည်။
ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်များ
ကမ္ဘာ့ဆရာများနေ့ကို နှစ်စဉ်ကျင်းပရာတွင် ဦးတည်ချက်ဆောင်ပုဒ်များ ချမှတ်ကာ ဆောင်ရွက်ခဲ့သည်။ ဆောင်ပုဒ်များ ရွေးချယ်ချမှတ်ရာတွင် ဆရာတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အားလုံးအကျုံးဝင်ပါဝင်နိုင်စေရေး၊ အရည်အသွေးရှိသော ဆရာနှင့် အရည်အသွေး ရှိသော ပညာရေးဖြစ်စေရေး၊ သာတူညီမျှ ပညာရေးဖြစ်စေ ရေး၊ ဆရာတို့၏ အနာဂတ်ဘဝလှပစေရေး၊ လွတ်လပ်စွာ သင်ကြားနိုင်ရေး၊ လူငယ်ဆရာများခန့်ထားရေး၊ ဆရာများ အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး စသည့်ရည်ရွယ်ချက် များထားရှိကာ ဆောင်ပုဒ်များကို ချမှတ်ကြောင်း လေ့လာ တွေ့ရှိရသည်။
၂၀၀၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ချမှတ်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်များကို စာရေးသူမှတ်သား မိသမျှ ဖော်ပြအပ်ပါသည်-
ခုနှစ် ဆောင်ပုဒ်
၂၀၀၆ - Quality Teachers for Quality Education.
ပညာအရည်အသွေးကောင်းမွန်ရေး၊ အရည်
အသွေးကောင်းမွန်သည့် ဆရာများရရှိအောင်
ပျိုးထောင်ပေး။
၂၀၀၇ - Better Working Condition for Teachers.
ဆရာ့လုပ်ငန်းခွင် သာလွန်ကောင်းမွန်ရေး၊
အခြေအနေကောင်းများ ဖော်ဆောင်ပေး။
၂၀၀၈ - Teachers Matter.
ဆရာသည်သာအခရာ။
၂၀၀၉ - Build the Future; Invest the Teacher Now.
ယနေ့ဆရာများအတွက် ရင်းနှီးမြှုပ်နှံစို့။
၂၀၁၀ - Recovery Begins with Teachers.
ပြန်လည်ထူထောင်ရေးစွမ်းဆောင်မှု၊
ဆရာများဖြင့်အစပြု။
၂၀၁၁ - Teachers for Gender Equality.
ဆရာ၊ ဆရာမ တန်းတူညီ၊ လူ့ဘောင်ပြည်ရွာ
သာယာမည်။
၂၀၁၂ - Take a Stand for Teachers.
ဆရာတို့ဘက်က ရပ်တည်ပေးကြ။
၂၀၁၃ - A Call for Teachers.
အနာဂတ်ဘဝလှပဖို့၊ ဆရာများက ကြိုးပမ်းစို့။
၂၀၁၄ - Invest in the Future; Invest in Teachers.
အနာဂတ်ဘဝလှပဖို့၊ ဆရာများအတွက် ရင်းနှီးမြှုပ်နှံစို့။
၂၀၁၅ - Empowering Teachers; Building Sustainable Society.
လူ့အဖွဲ့အစည်းစဉ်ဆက်မပြတ်တိုးတက်ရေး၊
ဆရာစွမ်းရည်မြှင့်တင်ပေး။
၂၀၁၆ - Valuing Teachers; Improving their
status.
ဆရာတို့ကို တန်ဖိုးထားလို့၊ သူတို့အဆင့်
အတန်းကို မြှင့်တင်စို့။
၂၀၁၇ - Teaching in Freedom, Empowering Teachers.
လွတ်လပ်စွာသင်ကြားဖို့၊ ဆရာများကို
အားပေးစို့။
၂၀၁၈ - The Right to Education Means the Right
to a Qualified Teachers.
ပညာအခွင့်အလမ်းရရှိဖို့၊ အရည်အသွေး ပြည့် ဆရာဖြည့်ဆည်းစို့။
၂၀၁၉ - Young Teachers; The Future of the
Profession.
လူငယ်ဆရာများ ခန့်ထားလို့၊ အနာဂတ်စွမ်း
ဆောင်ရည်မြှင့်တင်စို့။
ဤသို့နှစ်စဉ်ချမှတ်ပေးသည့် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်များသည် ဆရာများအတွက် လမ်းညွှန်မှုလည်း ဖြစ်သည်။ တွန်းအားလည်းဖြစ်သည်။ စွမ်းအားလည်း ဖြစ်ပါသည်။
ဆရာဟူသည်
နှစ်စဉ် အောက်တိုဘာလ (၅) ရက်နေ့သည် ကမ္ဘာ တစ်ဝန်းလုံးမှ ဆရာများကို ဂုဏ်ပြုသည့် ကမ္ဘာ့ ဆရာများနေ့ ဖြစ်သည်။ ဆရာတို့၏ စွမ်းရည်၊ ဆရာတို့၏ အခန်းကဏ္ဍ၊ ဆရာတို့၏ ဘဝမြှင့်တင်မှုတို့ကို ကမ္ဘာက အသိအမှတ်ပြုရန် အထူးလိုအပ်နေပြီဟူသည့် ခေတ်စနစ်၏ တောင်းဆိုချက်များကလည်း ကမ္ဘာ့ ဆရာများနေ့ကို နှစ်စဉ်ကျင်းပရခြင်း အကြောင်းရင်း တစ်ရပ် ဖြစ်လာသည်။
“ဆရာ” ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုလျှင် “ပညာသင် ကြားပေးသူ” “သွန်သင်ဆုံးမသူ”ဟုအဓိပ္ပာယ်ရသည်။ “သင်ဆရာ”၊ “မြင်ဆရာ” ၊“ကြားဆရာ” ဟူ၍လည်း ခွဲခြား နိုင်သည်။ မိဘတို့သည်လည်း လက်ဦးဆရာများဖြစ်ကြ သည်။ ဆရာထက် တပည့်လက်စောင်းထက်ရန် သင်ကြားပေးကြရသည် ဖြစ်သည်။ မသိသူကို သိအောင်၊ မတတ်သူကို တတ်အောင်၊ မကျွမ်းသူကို ကျွမ်းကျင်အောင်၊ မယဉ်ကျေးသူကို ယဉ်ကျေးအောင်၊ မလိမ္မာသူကို လိမ္မာလာအောင် စာကိုလည်းသင်၊ လူကို လည်းပြင်ပေးရမည့်သူမှာ ဆရာများပင် ဖြစ်သည်။
သို့ဖြစ်၍ ဆရာများ စွမ်းအားရှိဖို့လိုသည်။ ဆရာ များ ဝမ်းစာပြည့်ရန်လိုသည်။ ဆရာများ အရည်အသွေး ပြည့်ဝရန်လိုသည်။ ဆရာများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရန် လိုသည်။ ဆရာများသည် အနန္တောအနန္တဂိုဏ်းဝင်ဟု ဆိုကာ ပီတိကို အမြဲစားနေ၍မဖြစ်နိုင်၊ လက်တွေ့မကျနိုင်၊ ဆရာများအတွက် အမှန်တကယ်လိုအပ်ချက်များကို ဖြည့်တင်းပေးရန် ကာယကံရှင်များက အားထုတ်ရန် လိုသကဲ့သို့ နိုင်ငံတော်ဘက်ကလည်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ပေးရန် လိုအပ်ပါသည်။ ၂၀၁၆ ခုနှစ် ဩဂုတ်လ (၄) ရက်နေ့ နေပြည်တော်၌ကျင်းပသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (ဆရာအတတ်ပညာကဏ္ဍ) ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ဆရာဆရာမတွေရဲ့ အခက်အခဲတွေကိုလည်း ကျွန်မ မသိမဟုတ်ပါဘူး။ ဆရာ ဆရာမတွေဆိုတာလည်း ကိုယ့်ဘဝ ကိုယ် ရပ်တည်ဖို့လိုတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ပြောရမယ်ဆိုလို့ ရှိရင် လစာနည်းတာ၊ များတာတွေက စကားပြောပါတယ်။ ပီတိချည်းပဲစားလို့တော့ လက်တွေ့မကျပါဘူး။ ထမင်းလည်း စားဖို့လိုပါတယ်။ အဲဒါတွေကြောင့်မို့လို့ ကျွန်မတို့ ပြောင်းလဲတဲ့နေရာမှာ ထည့်ပြီးတော့ တွက်ဖို့ဖြစ်ပါတယ်။ ဒီလိုအခက်အခဲတွေ ထည့်ပြီးတော့တွက်မှ ကျွန်မတို့ တကယ်ကို တပည့်ကောင်းတွေ မွေးထုတ်ပေးနိုင်တဲ့ ဆရာ ဆရာမကောင်းတွေ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်ကို မှတ်သားမိပါသည်။ နိုင်ငံ၏ အနာဂတ်သည် လူငယ်များလက်ဝယ်တွင်ရှိသည်။ လူငယ်များသည် ဆရာများ၏ လက်ဝယ်တွင်ရှိသည်ဟု ဆိုပါမူ နိုင်ငံ၏အနာဂတ်သည် ဆရာများ၏လက်ဝယ် တွင်ရှိပါ၍ အရည်အသွေးပြည့်ဝသည့် ဆရာများကသာ အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလျက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက် သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုလိုက်ရပါ သည်။ ။
- Log in to post comments