အာရှဖလားပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်း ဆက်လက်ပြင်ဆင်မည်

 

ရန်ကုန်    ဇန်နဝါရီ    ၂၉
၂၀၂၂   အာရှဖလား  အမျိုးသမီးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်  မြန်မာ့လက်ရွေးစင်  အမျိုးသမီး ဘောလုံးအသင်းသည်  (၃၁) ကြိမ်မြောက်  ဆီးဂိမ်း ပြိုင်ပွဲအတွက်    ဆက်လက်ပြင်ဆင်သွားမည်ဖြစ် သည်။
မြန်မာ့လက်ရွေးစင်  အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၀ ရက်မှစ၍ အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် လေ့ကျင့်မှု ရပ်နားကာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုများကို ဖေဖော်ဝါရီလအတွင်း စတင်သွားဖွယ်ရှိနေသည်။ မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အာရှထိပ်သီး များဖြစ်သည့်  ဂျပန်နှင့်  တောင်ကိုရီးယား၊ အာဆီယံ ထိပ်သီးဗီယက်နမ်တို့နှင့်တစ်အုပ်စုတည်း ကျရောက် ခဲ့ပြီး   ရမှတ်တစ်မှတ်ဖြင့်  အုပ်စုအဆင့်မှ ထွက်ခဲ့ရ သည်။ မြန်မာအသင်းသည် ဂျပန်ကို ငါးဂိုး-ဂိုးမရှိ၊ တောင်ကိုရီးယားကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ကာ  ဗီယက်နမ်နှင့်         တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ် သည်။ မြန်မာအမျိုးသမီးအသင်းသည် နိုင်ငံတကာ ပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက်  ၂၀၂၁   ခုနှစ်   နှစ်ဝက်နောက်ပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာတွင် ကာဂျစ္စတန် နိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ ယခုနှစ် ဇန်နဝါရီတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ပြိုင်ပွဲ  နောက်ဆုံးအဆင့်တို့တွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ အမျိုးသမီးအသင်းသည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် အာရှဖလား အမျိုး သမီးပြိုင်ပွဲဝင် ကစားသမားများကိုအခြေခံကာ ပဏာမကစားသမားများ ဖြင့် လေ့ကျင့်မှုများပြုလုပ်သွားမည်ဖြစ်ပြီး နှစ်လဝန်းကျင် အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးတင် မြင့်အောင်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ပြီးခဲ့သည့် အာရှဖလား ပြိုင်ပွဲတွင် ခြေစွမ်းပိုင်းတိုးတက်လာခြင်းကြောင့် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်  လိုအပ်သည့်ပြင်ဆင်မှုများ  ပြုလုပ်သွားရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိသေးဘဲ ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု ရရှိထားကာ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည်။  (၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို မေလဆန်းပိုင်းတွင် စတင်ကျင်းပ မည်ဖြစ်ပြီး အသင်း ခုနစ်သင်းဝန်းကျင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုး သမီးဘောလုံးပြိုင်ပွဲမှာ အမျိုးသားပြိုင်ပွဲကဲ့သို့ အရှေ့တောင်အာရှနိုင်ငံ အားလုံး ယှဉ်ပြိုင်ခြင်းမရှိဘဲ အမျိုးသမီးဘောလုံးဖွံ့ဖြိုးမှုမရှိသည့် အသင်းအချို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။ 
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF