
မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)ကို Quarantine Center အဖြစ် အသုံးပြုနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်း ဆောင်ရွက်ထား
===========================================================================
ရန်ကုန် အောက်တိုဘာ ၆
ဧရာဝတီဖောင်ဒေးရှင်းက မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် Quarantine Center အဖြစ် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဖြည့်ဆည်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ပြင်ဆင်ဆောင်ရွက်ထားမှုများကို လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ခံရသူများထားရှိရန်အတွက် နေရာအခက်အခဲမဖြစ်ပေါ် စေရန် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး)ကို Quarantine Center အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)အဆောက်အအုံ၌ Quarantine ဝင်မည့် စောင့်ကြည့်ခံရသူ ၁၀၀ နှင့် စေတနာ့ဝန်ထမ်း ၂၅ ဦး အဆင်သင့်နေထိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ပေးထားသည်။ ဧရာဝတီဖောင်ဒေးရှင်းသည် လိုအပ်သည့်ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး တစ်နေ့လျှင် လေးကြိမ် အစားအသောက်ကျွေးမွေး နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည်။
သတင်း - ရဲရင့်ရှိုင်း၊ ဓာတ်ပုံ - ကိုမိုး