(၇၁)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှတက်ရောက်

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှတက်ရောက်

================================================================================================================

 

နေပြည်တော် အောက်တိုဘာ ၆

 

ကမ္ဘာတစ်ဝန်းရှိ နေရပ်စွန့်ခွာမှုများ၊ ရွှေ့ပြောင်းသွားလာ မှုများ၊ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး၏ (၇၁)ကြိမ်မြောက် အလုပ် အမှုဆောင်ကော်မတီအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အွန်လိုင်းမှ ပါဝင်တက် ရောက်သည်။

 

ပါဝင်တက်ရောက်

 

အစည်းအဝေးသို့ UNHCR အမှုဆောင်ကော်မတီ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင် လေ့လာသူနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံများ၊ လေ့လာသူ အဖွဲ့အစည်း များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Fillipo Grandi၊ ကုလသမဂ္ဂအဖွဲ့၏ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့(UNICEF)၏ အမှုဆောင်ဒါရိုက်တာ Ms. Henrietta Fore တို့က အမှာစကားပြောကြားကြသည်။

 

ဆက်လက်၍ နိုင်ငံအသီးသီးမှ မိန့်ခွန်းပြောကြားသည့် အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာ မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခြင်းမရှိစေရဟူသောမူအတိုင်း ကာကွယ်တုံ့ပြန်မှု များ ဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် နေရပ် စွန့်ခွာသူများ၊ တိုက်ပွဲရှောင်ပြည်သူများ စသည့် ထိခိုက် လွယ်အုပ်စုများ၏ အရေးကိုလည်း ဦးစားပေးဆောင်ရွက် နေကြောင်း၊ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်နိုင်ရန် အတွက် စီမံချက်ရေးဆွဲ၍ နိုင်ငံတော်မှ ငွေကျပ် ၂ ဒသမ ၁ ဘီလီယံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လလယ်မှစ၍ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်လူနာများ စတင်တွေ့ရှိ ပြီးနောက်ပိုင်း ကာကွယ်၊ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်မှုလုပ်ငန်း များကို ထပ်မံတိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း။

 

ထောက်ပံ့ဆောင်ရွက်ပေးနေ

 

ရခိုင်ပြည်နယ် မြို့နယ် ရှစ်မြို့နယ်ရှိ အသွားအလာ ကန့်သတ်ထားသော ပြည်သူများအတွက် စားနပ်ရိက္ခာ အဆင်ပြေစေရန်အတွက် အစိုးရနှင့် ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့တို့ ညှိနှိုင်း၍ ထောက်ပံ့ဆောင်ရွက်ပေးနေ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီများလည်း ဆက်လက်ပေးအပ်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စိတ်လူမှု ဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဖြေရှင်းပေးနိုင်ရန် ၂၄ နာရီတယ်လီဖုန်းဝန်ဆောင်မှုဖြင့် ချိတ်ဆက်ဆောင်ရွက် ပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီ အစဉ်ဖြင့်ချိတ်ဆက်၍ နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာ စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် ကိုယ်ဝန်ဆောင် မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို လူမှုကာကွယ်စောင့်ရှောက်ရေးအထောက်အပံ့များ ပေးအပ် လျက်ရှိပါကြောင်း။

 

ကြိုးပမ်းဆောင်ရွက်သွားမည်

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်မှုများရှိနေ သော်လည်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပြန်လည် နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာ ပြည်သူများ၊ နေရပ်စွန့်ခွာသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများ စသဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်နေသကဲ့သို့ ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင် ပညာရှင်များ၊ ပါဝင်ပတ်သက်သူများဖြင့် ဆွေးနွေး၍ ဒေသ အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲနိုင်ရေးကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ပဋိပက္ခများချုပ်ငြိမ်းရေး အတွက် အလွန်အရေးပါသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ စတုတ္ထ အကြိမ်မြောက် ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးဆိုင်ရာ အခြေခံမူများ၊ ၂၀၂၀ ကာလအလွန် ရှေ့ဆက်ဆောင်ရွက်မည့်အချက်များအပေါ် သဘောတူညီမှုများ စသည့် အရေးပါသည့် တိုးတက် မှုများရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှု များစွာရှိသော်လည်း ဒီမိုကရေစီစနစ်ပြောင်းလဲရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အကျိုးသက်ရောက်မှုရှိ

 

ထို့နောက် နိုင်ငံအလိုက်ပြောကြားချက်များအပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mr. Fillipo Grandi က ပြန်လည်ဆွေးနွေးရာ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ခြင်းလုပ်ငန်းများအတွက် UNHCR ကလည်း ပါဝင် ကူညီဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရပါကြောင်း၊ အဆိုပါ သတင်းစကားများမှာ နေရပ်စွန့်ခွာသူများအတွက် အရေးကြီးပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ အခြေအနေ တိုးတက်ကောင်းမွန်မှုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်စတင်နိုင်ရေးနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများနှင့်စပ်လျဉ်း၍ အစိုးရ၏ဆောင်ရွက်ချက်များကို နေရပ် စွန့်ခွာသူများထံ ဆက်သွယ်၍ သတင်းစကားပါးနိုင်မည့် နည်းလမ်းများရှာဖွေလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်း ကြောင်း၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကိုလည်း လွတ်လပ်၍တရားမျှတပြီး ငြိမ်းချမ်းစွာ ဆောင်ရွက် နိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် ရွေးကောက်ပွဲ အလွန်ကာလတွင် ဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ဆက်လက်အားစိုက်ဆောင်ရွက်စေလိုပါကြောင်း ပြောကြား သည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၉ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်