စည်းကမ်းလိုက်နာဘေးကင်းကွာ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉)အစဉ်အမြဲ သတိပြုကာကွယ်ပါ

Type
၁

ဆောင်းပါး

=======

 

စည်းကမ်းလိုက်နာဘေးကင်းကွာ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉)အစဉ်အမြဲ သတိပြုကာကွယ်ပါ

=============================================================

 

ဒေါက်တာသန်းနိုင်စိုး

(ကျန်းမာရေးအသိပညာ)

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကမ္ဘာ့ကပ်ရောဂါသည် ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအများအပြားသို့ ကူးစက်ပြန့်ပွား လျက်ရှိပါသည်။ အချိန်တိုအတွင်း နိုင်ငံနှင့်နေရာဒေသအများအပြားသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (Pandemic Disease)အဖြစ် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၆-၁၀-၂၀၂၀ ရက်နေ့၊ ည ၈:၃၀ နာရီအထိ ကမ္ဘာတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသူပေါင်း ၃၅ သန်းကျော် ရှိနေပြီဖြစ်ကာ ရောဂါကြောင့် သေဆုံးသူ တစ်သန်းကျော်ရှိပြီဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ တွင် ပထမဦးဆုံး ကိုဗစ် - ၁၉ ရောဂါ လူနာအား စတင် တွေ့ရှိခဲ့ရာ ၆-၁၀-၂၀၂၀ရက်နေ့ ညပိုင်းအထိ ကိုဗစ်- ၁၉ ရောဂါ လူနာ ၂၀၀၃၃ ဦးရှိ၍ ကိုဗစ် - ၁၉ ရောဂါဖြင့် သေဆုံးသူ ၄၇၁ ဦးရှိပါသည်။ ဇွန်လနှောင်းပိုင်းနှင့်ဇူလိုင် လများတွင် ပြည်တွင်းကူးစက်မှုများလျော့ကျပြီး ဖြစ်ပွား လူနာလျော့နည်းသယောင်ရှိခဲ့ရာမှ ဩဂုတ်လလယ်ခန့် မှစတင်ကာ ကိုဗစ် - ၁၉ ရောဂါသည် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်အသွင် စတင်ပြန့်ပွားလာခဲ့ရာမှ ယခု ရက်ပိုင်းတွင် အခြားပြည်နယ်/တိုင်းဒေသကြီးများ၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် လျင်မြန်စွာဖြင့် ကူးစက်မှုများပြား ပြင်းထန် နေခဲ့ပါသည်။

 

လွယ်ကူလျင်မြန်စွာကူးစက်စေ

 

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နေသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် ၄-၁၀-၂၀၂၀ ရက်နေ့အထိ ဖြစ်ပွားလူနာ ၈၁၄ ဦးရှိပြီ ဖြစ်ပါသည်။ ကူးစက်ခံရသူအများစု ၁၀၀ ကျော်မှာ ကာရာအိုကေဆိုင်(KTV)တစ်ခုမှ ဝန်ထမ်းများနှင့် အဆိုပါဆိုင်သို့ သွားရောက်ခဲ့သူများမှတစ်ဆင့် ကူးစက် ခံရသူများဖြစ်ကြပါသည်။ ကာရာအိုကေဆိုင်(KTV)များ၌ အလုံပိတ်အခန်း/air-conditioned အခန်းများ (enclosed settings) တွင် လူစုလူဝေးဖြင့် နေထိုင်ခြင်း (crowding)၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာ၍ ခပ်ခွာခွာမနေခြင်း(close contacts)၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ခြင်း၊ ကျယ်လောင်စွာ သီချင်းဆိုရာမှ ရောဂါပိုးများ အပြင်သို့ များပြားစွာ ထွက်ရှိလာခြင်း၊ မိုက်ကရိုဖုန်းများကို တစ်ဦးမှတစ်ဦးလက်ဆင့်ကမ်းသုံးစွဲသီဆိုခြင်း၊ အစားအသောက်/အဖျော်ယမကာများကို အတူတကွ နီးကပ်စွာ စားသောက်ခြင်း စသည့် ကိုဗစ် - ၁၉ ရောဂါကို လွယ်ကူ လျင်မြန်စွာကူးစက်စေသည့် အပြုအမူနှင့် အခြေအနေ များစွာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ် - ၁၉ ) ရောဂါပိုး ပါဝင်နိုင် သည့် အစက်အမှုန်ငယ် (droplets) များသည် အသက်ရှူထုတ်ခြင်းမှတစ်ဆင့် အနီးပတ်ဝန်းကျင် ငါးပေ ခန့်အထိ လည်းကောင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် တစ်စက္ကန့်လျှင် ၃၃ ပေနှုန်းအရှိန်ဖြင့် ခြောက်ပေခွဲခန့်အထိ၊ နှာချေခြင်းမှတစ်ဆင့် တစ်စက္ကန့်လျှင် ၁၆၄ ပေနှုန်းအရှိန်ဖြင့် ၁၉ ပေခွဲခန့်အထိ ရောက်ရှိနိုင်ပါသည်။ လတ်တလော သုတေသနတွေ့ရှိချက်များအရ အဆိုပါအစက်အမှုန်ငယ် (droplets) များသည် ပလတ်စတစ်ဘူးခွံများပေါ်တွင် ငါးရက် ခန့်၊ မှန်၊ သစ်သား၊ စက္ကူတို့ပေါ်တွင် ၄၊ ၅ ရက်ခန့် စတီး ပစ္စည်း (Stainless Steel) များပေါ်တွင် ၄၈ နာရီခန့် ရှင်သန်နေထိုင်နိုင်ပါသည်။ ထို့အပြင် ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ပိုး၏ မျိုးရိုးဗီဇပြောင်းလဲမှုများကြောင့် ပိုး၏ကူးစက် နိုင်မှု(infectivity)သည် ယခင်မျိုးရိုးဗီဇရှိသောပိုးနှင့် နှိုင်းယှဉ်လျှင် ဆယ်ဆခန့်အထိ မြင့်မားလာကြောင်း သိရှိရ ပါသည်။

 

ရောဂါကူးစက်ခံခဲ့ရ

 

ကာရာအိုကေဆိုင်(KTV)ဆိုင်များ၊ ညကလပ်များ စသည့် အလားတူလုပ်ငန်းများကိုမှီခို၍ အသက်မွေး ဝမ်းကျောင်း ဆောင်ရွက်နေရသူများသည် အထက် ဖော်ပြပါ အခြေအနေများကြောင့် ကာလတိုအတွင်း ကိုယ်တိုင်ရောဂါကူးစက်ခံရာမှ ထိုသူ၏မိသားစုများ အပါအဝင် အခြားသူများကိုပါ ရောဂါအဆင့်ဆင့် ဆက်လက်ကူးစက်သွားနိုင်သည့် အခြေအနေရှိပါသည်။ အလားတူပင် မြန်မာနိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားချိန် ဖြစ်သည့်မတ်လ၊ ဧပြီလတို့တွင် အခန်းငယ်ကျဉ်းကျဉ်း အတွင်း လူစုလူဝေးဖြင့် မိုက်ကရိုဖုန်းသုံး၍ ဘာသာရေး ဆိုင်ရာ ဟောပြောပွဲများ ပြုလုပ်ခဲ့မှုကြောင့် ဆက်စပ် ပတ်သက်ခဲ့ကြသော အင်းစိန်မြို့နယ်မှ ပြည်သူ ၇၂ ဦးခန့် ရောဂါကူးစက်ခံခဲ့ရပါသည်။

ကာရာအိုကေဆိုင်(KTV)များသို့ သွားရောက်သူများ ကိုပါ ရောဂါကူးစက်စေမှု များပြားစေခဲ့သည့်အတွက် ကာရာအိုကေဆိုင် (KTV)များ၊ ညကလပ်များ စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများစေသည့် လုပ်ငန်းများ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ရောဂါကူးစက်မှုများပြားချိန်တွင် လုံးဝ ပိတ်သိမ်းထားရန် လိုအပ်သကဲ့သို့ တရားမဝင်ဖွင့်လှစ် ထားရာနေရာများသို့လည်း လုံးဝမသွားရောက်ရန်လည်း ပြည်သူလူထုက နားလည်သဘောပေါက်ကြကာ လိုက်နာ ကြရန်လိုအပ်ပါသည်။

ရောဂါကူးစက်မှုကွင်းဆက်များကို လျင်မြန်ထိရောက် စွာ ဖြတ်တောက်နိုင်၍ လူမှုရေး၊ စီးပွားရေးလုပ်ငန်း ဆောင်တာများ အမြန်ဆုံး ပြန်လည်ပုံမှန်ဖြစ်စေရေး အတွက် ယခုအချိန်တွင် မိမိအိမ်တွင်သာ နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ စားဝတ်နေရေးအတွက် မဖြစ်မနေ စျေးဝယ်သွား‌ခြင်းကဲ့သို့ကိစ္စများကို ဆောင်ရွက် မည့်သူများအနေဖြင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးနှင့် ရောဂါပြင်းထန်၍ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အသက်ဘေးအန္တရာယ်အားငဲ့ကွက်၍ လည်းကောင်း၊ နေအိမ်တွင်ကျန်ခဲ့သော အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ် စသည့်နာတာရှည်ရောဂါရှိသူ မိသားစုဝင်များတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ အသက်ဘေးအန္တရာယ်အား ငဲ့ကွက်၍ လည်းကောင်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို ပိုမို၍ တိတိကျကျ အစဉ်အမြဲသတိပြု လိုက်နာကြ ရမည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ယခုအချိန်တွင် မိမိနေအိမ်တွင်သာနေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်၍ စားဝတ်နေရေး အတွက် မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက ကျန်းမာရေး ကောင်းမွန်သူ လူငယ်လူရွယ်များသာ ဖြစ်သင့်ပါသည်။ ထိုသို့ထွက်ရာတွင် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်း စည်းကို စနစ်တကျမပျက်မကွက်(မပျက်မကွက်) တပ်ဆင် ခြင်း၊ လူစုလူဝေးလုံးဝရှောင်ခြင်း၊ အခြားသူများနှင့် ခြောက် ပေအကွာဖြင့် ခပ်ခွာခွာနေထိုင်ခြင်း၊ အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်သော ရေမလိုလက်သန့် ဆေးရည်ကို ဆောင်ထား၍ အသုံးပြုခြင်း(သို့မဟုတ်) ဆပ်ပြာနှင့် ရေကိုအသုံးပြု၍ လက်ကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ မကြာခဏဆေးကြောခြင်း၊ အိမ်ပြန်ရောက်သည်နှင့် အပြင်ထွက်စဉ်ဝတ်ဆင်ထား သည့် အဝတ်များကို ဆပ်ပြာနှင့် ရေအသုံးပြု၍ မိနစ် ၃၀ ခန့် စိမ်၍ လျှော်ဖွပ်ခြင်း၊ နေ့စဉ်အိမ်အပြင်ထွက်ရသူ သည် နေအိမ်ရှိ အသက်/အရွယ်ကြီးရင့်သူ၊ ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ် စသည့်နာတာရှည်ရောဂါရှိသူ မိသားစုဝင်များနှင့် အနီးကပ်ထိတွေ့မှုမရှိအောင် နေထိုင် ခြင်းတို့ကို အပြင်ထွက်သူ တစ်ဦးချင်းစီက စည်းကမ်းတကျ လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။

 

အစဉ်ပြုမူနေထိုင်

 

ကိုဗစ် - ၁၉ ရောဂါ အမြန်ဆုံး ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူသာလျှင်အဓိက ဖြစ်သည်နှင့် အညီ တစ်ဦးတစ်ယောက်ချင်းစီမှစတင်ကာ ပြည်သူ အားလုံးအနေဖြင့် လူတိုင်း ကိုယ်စီကိုယ်င ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိဖြင့် အထက်ဖော်ပြပါလိုက်နာရန်အချက်များအား အစွမ်းထက်ထိရောက်ပြီး လုံခြုံ စိတ်ချသည့် ကာကွယ်ဆေးမရရှိမီအထိ အစဉ်အမြဲပြုမူ နေထိုင်ကြရမည် ဖြစ်ပါသည်။ “ယခုအချိန်ကာလတွင် အိမ်မှာနေပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ရသူများ အနေ ဖြင့် မိမိ၏အသက်ကို ဦးစွာစတင်ကာကွယ်ပါ၊ အိမ်တွင် ကျန်နေခဲ့သည့် မိသားစုဝင်များ၏ အသက်ကိုလည်း ကာကွယ်ပေးပါ၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန်” တိုက် တွန်းနှိုးဆော်လိုက်ရပါသည်။