စိုက်ပျိုးမွေးမြူ ကုန်ကြမ်းမှသည် တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်

 

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရေးက   အရေးကြီးသည်။   မြန်မာနိုင်ငံသည်   စိုက်ပျိုးရေး အခြေခံစီးပွားရေးနိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူထုတ်ကုန် များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ရာ အဓိက   စိုက်ပျိုးထုတ်ကုန်များဖြစ်သည့်  ဆန်၊  ပဲ၊  ပြောင်း တို့ကို  ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး  ကူညီပံ့ပိုးတွန်းအားပေးဖို့ လိုအပ်သည်။

 


ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ပြည်ပနိုင်ငံများသို့ ပို့ကုန်များ ယခုထက်ပိုမိုတင်ပို့ရန်၊ သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်ရေး အားပေးရန်၊ စိုက်ပျိုး မွေးမြူရေး   ထုတ်ကုန်ပစ္စည်းများကို   တန်ဖိုးမြင့်   ထုတ်ကုန်၊ အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်အောင် ကြိုးပမ်းကြရန် ပြောကြားခဲ့ရာ လက်တွေ့ကျကျ အားထုတ်ဆောင်ရွက်ကြခြင်း အားဖြင့်   အလုပ်အကိုင်   အခွင့်အလမ်းများ   ပိုမိုရရှိလာသည့် အကျိုး၊    နိုင်ငံအတွက်   ပြည်ပဝင်ငွေများ   တိုးတက်ရရှိသည့် အကျိုးတို့ ဖြစ်ထွန်းလာမည်ဖြစ်သည်။

 


နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရောင်းချနေသည့် ခေတ်မီကုန်တိုက်ကြီးများ၊ စတိုးဆိုင်များတွင် ဆန်၊ ပဲ၊ ပြောင်း တို့ကို အခြေခံ၍ ထုတ်လုပ်ထားသည့် စားသောက်ကုန်အမယ် များစွာကို ရာနှင့်ချီ၍ တွေ့မြင်နိုင်သည်။ အရည်အသွေး၊ အနံ့ အရသာတို့ ကောင်းမွန်ပြီး ဝယ်ချင်စရာကောင်းအောင် ဆွဲဆောင် လှပသည့် ထုပ်ပိုးမှုများဖြင့် ရောင်းချနေသည့် အဆိုပါ စားသောက် ကုန်များကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ကိုရီးယား၊ တရုတ်၊ ဂျပန် စသည်တို့မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်းကိုလည်း   လေ့လာတွေ့ရှိနိုင်သည်။    အချို့သော စားသောက်ကုန်များမှာ မိမိတို့ နိုင်ငံကဲ့သို့သော စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည့်နိုင်ငံများမှ ကုန်ကြမ်းများကို ဝယ်ယူပြီး ၎င်းတို့ နိုင်ငံတွင် တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်ကာ ပြန်လည် တင်ပို့ရောင်းချကြခြင်းဖြစ်သည်။ မိမိနိုင်ငံအတွင်း စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့် ထုတ်ကုန် များကိုပါ ထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုပါက နိုင်ငံအတွင်း စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ    ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိလာကြ မည်ဖြစ်သည်။

 


သယံဇာတများကို   အမှီပြုရသည့်   စီးပွားရေးမှာ    အကန့် အသတ်နှင့်သာဖြစ်သည်။ သဘာဝသယံဇာတများဆိုသည်မှာ ကုန်ခန်းသွားမည်သာဖြစ်သည့်အတွက်          စိုက်ပျိုးမွေးမြူ  ထုတ်လုပ်ခြင်း၊  တန်ဖိုးမြင့်  စားသောက်ကုန်၊  လူသုံးကုန်များ ထုတ်လုပ်ခြင်းတို့မှစတင်ကာ  အနာဂတ်တွင်  နည်းပညာမြင့် စက်မှုလုပ်ငန်းများ ထူထောင်နိုင်သည်အထိ မျှော်မှန်းဆောင်ရွက် သွားကြရမှာဖြစ်သည်။    လက်ရှိအခြေအနေတွင်မူ     ကိုဗစ်-၁၉  ကပ်ရောဂါ        ကမ္ဘာအနှံ့တွင်     ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည့် အလျောက် ဆန်၊ ပဲ၊ ပြောင်းကဲ့သို့သော စားသောက်ကုန်များ  ထုတ်လုပ်မှုမှာ အရေးပါနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နယ်နိမိတ်ချင်း    ထိစပ်နေသော     အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်များရှိနေခြင်းက အားသာချက်တစ်ရပ်ဖြစ်သည်။

 


နည်းပညာမြင့်   ထုတ်ကုန်များ၊    စက်မှုထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များက တန်ဖိုးအားဖြင့် လွန်စွာနည်းပါးသည်။ သို့ရာတွင် အသက်ရှင်သန်ရေးတွင် မစား၍ မရသည့်အတွက်   စိုက်ပျိုးမွေးမြူထွက်ကုန်    စားသောက်ကုန် များက မရှိမဖြစ်အရေးကြီးပြန်သည်။ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီစေပြီး တန်ဖိုးမြင့်ထုတ်ကုန်၊ အရည်အသွေးမြင့်ထုတ်ကုန် များ  ထုတ်လုပ်ခြင်းက  မိမိတို့နိုင်ငံအတွက် အဖြစ်နိုင်ဆုံးသော ခြေလှမ်းပင်ဖြစ်သည်။ မိုင်ရာချီမည့် ခရီးစဉ်အတွက် ပထမဆုံး ခြေလှမ်းသည်   စတင်တာထွက်ခြင်းပင်ဖြစ်ပြီး     ခေတ်မီဖွံ့ဖြိုး တိုးတက်သော နည်းပညာမြင့် စက်မှုနိုင်ငံပန်းတိုင်ဆီသို့ ဦးတည် လျှောက်လှမ်းကြရမည်ဟု ယုံကြည်ပါကြောင်း။       ။