
နေပြည်တော် ဖေဖော်ဝါရီ ၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိ သောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူ နိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်းထံမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်မှု များနှင့်စပ်လျဉ်း၍ ထောက်ခံပေးရန်နှင့် ကာကွယ်စောင့်ရှောက်ပေးရန် ရည်ရွယ်၍ ပေးအပ်သော အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ (ခြောက် သိန်း)နှင့် အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာတို့ကို သုံးကြိမ်ခွဲ၍ လက်ခံရယူခဲ့ခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း (ရုံးချုပ်) ဖွင့်လှစ်ရန် မြေ ၁ ဒသမ ၈၆ ဧကနှင့် အဆောက်အဦတို့ကို လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လျော့နည်း သက်သာသောနှုန်းထားနှင့် ငှားရမ်းဆောင်ရွက်စေခဲ့ခြင်းကြောင့် နိုင်ငံတော်က ငွေကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် နေပြည်တော်ရှိ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ရန် ဥတ္တရသီရိမြို့နယ်ရှိ မြေဧရိယာ ၁၀၁ ဒသမ ၃၃ ဧကနှင့် ပုဗ္ဗသီရိ မြို့နယ်ရှိ မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို နေပြည်တော် စည်ပင် သာယာရေးကော်မတီထံမှ လျှောက်ထားရယူခဲ့ရာတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ထိုက်သင့်သည့် တန်ဖိုး ထက် များစွာလျော့နည်းလျက် ပေးချေခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ခြင်း။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးလုပ်ငန်း များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန် နေအိမ်အဆောက်အဦကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ အများပြည်သူမှ ထည့်ဝင်လှူဒါန်း ထားသော အလှူငွေများထဲမှ ငွေကျပ်သန်း ၁၆၀၀ ကျော်ကို သုံးစွဲဆောက်လုပ်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၅ အရလည်းကောင်း၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ရာ နေပြည်တော်သီးသန့် တရားရုံးတွင် ရုံးထိုင်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်သည်။
ထပ်မံစစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ရာထူးလက်ရှိ ဖြစ်ခဲ့စဉ် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းများအဆင်ပြေစေရန် အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်းပြ၍ ပေးအပ်သည့် အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း)ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေးကြိမ်ခွဲ၍ ရာထူး တာဝန်ကို အလွဲသုံးစားပြုကာ တံစိုးလက်ဆောင်အဖြစ် လက်ခံ ရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ်(၅)နယ်မြေရဲစခန်းတွင် ဖေဖော်ဝါရီ ၃ ရက်၌ ပထမ သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်