
အာဖရိကနိုင်ငံများ ဖလား တတိယနေရာလုပွဲအဖြစ် ဆီမီး ဖိုင်နယ်တွင် ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့သည့် ဘာကီနာဖာဆို အသင်းနှင့် အီဂျစ်အသင်းကို ရှုံးနိမ့်ခဲ့သည့် အိမ်ရှင်ကင်မရွန်း အသင်းတို့ပွဲစဉ်ကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ ကင်မရွန်းအသင်းက ပယ်နယ်တီ အဆုံးအဖြတ်တွင် ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး တတိယ နေရာရယူခဲ့သည်။
ယခုပွဲစဉ်တွင် ဘာကီနာဖာဆို အသင်းသည် ကင်မရွန်းအသင်းကို မိနစ် ၇၀ နီးပါး သုံးဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုး များ ပြန်လည်ခွင့်ပြုပေးခဲ့ရကာ ပွဲအပြီးတွင် တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။ ထို့ကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရပြီး အချိန်ပိုတွင်လည်း တစ်ဖက်နှင့်တစ်ဖက် အနိုင် အရှုံး အဖြေမပေါ်သည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ ရခြင်း ဖြစ်သည်။
ပယ်နယ်တီတွင် ကင်မရွန်း အသင်းမှ ကစားသမားအားလုံး ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သော် လည်း ဘာကီနာဖာဆိုအသင်း မှ ဘလာတီတိုရေး ဂိုးဝင် အောင် သွင်းယူနိုင်ခြင်း မရှိသည့် အတွက် ကင်မရွန်းအသင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် ကင်မရွန်း အသင်းအတွက် နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့သော အဘူဘက်ကာ သည် ခုနစ်ပွဲတွင် ရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အဘူဘက်ကာသည် အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ဂိုးအများဆုံး သွင်းယူထားသူ စာရင်းတွင် ရှစ်ဂိုးဖြင့် ဦးဆောင် ထားပြီး ၎င်းနောက်တွင် အသင်း ဖော် အီကမ်ဘီက ငါးဂိုးဖြင့် ဒုတိယ၊ ဆီနီဂေါအသင်းမှ မာနေး က သုံးဂိုးဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။
အောင်ဇော်