ကိုဗစ်ရောဂါကဲ့သို့သော တစ်နိုင်ငံလုံးနှင့်ချီ၍ ထိခိုက်စေနိုင်သည့် ပြဿနာ ကြီးတစ်ခုလာတော့မည်ဟူသည့်အချိန်၊ တစ်ဖန် ထိုပြဿနာကြီးနှင့် အမှန်တကယ် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရသည့်အချိန်တို့တွင် ယင်းကို မည်သို့မည်ပုံ စနစ်တကျရင်ဆိုင်မည်လဲဆိုသည့် အစီအမံတို့ကို နယ်ပယ်စုံ နှင့် ညှိနှိုင်းပြင်ဆင်ကြရပါသည်။
အဓိကအကျဆုံးမှာ ကျန်းမာရေးဆိုင်ရာ နားလည်ကျွမ်းကျင်သူများ၊ ဆက်နွှယ်နေသော နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အုပ်ချုပ်ရေး နယ်ပယ်မှ စီမံခန့်ခွဲမှုရေးရာ ကျွမ်းကျင်သူများနှင့် အဆုံးအဖြတ်ပေး နိုင်သည့် ပေါ်လစီရေးရာ လုပ်ပိုင်ခွင့်ရှိသူများတို့ စုပေါင်းဆွေးနွေး ညှိနှိုင်း ကြရပါသည်။
ကျန်းမာရေးဆိုင်ရာ နားလည်ကျွမ်းကျင်သူဟု ဆိုရာတွင်ပင် ဆေးပညာဆိုင်ရာ၊ ကုသမှုဆိုင်ရာတို့သာမက ရောဂါပြန့်ပွားမှုဆိုင်ရာ ပညာရှင် (Epidemiologists) တို့က ဦးဆောင်စဉ်းစားပေးရမည့် ကိစ္စ များက ရှေ့တန်းရောက်ပါသည်။ ယနေ့ စစ်ဆေးတွေ့ရှိသည့် ပိုးတွေ့ လူနာအရေအတွက်၊ ဒေသရှိ လူဦးရေ၊ တိုးပွားမှုနှုန်း အစရှိသည်တို့ အပေါ်မူတည်ကာ နေအိမ်တွင်း၌သာ နေထိုင်ရေးလော၊ သံသယရှိသူများ ပိုးတွေ့လူနာများကို သီးခြားကန့်သတ်ထားသည့် ထိန်းချုပ်ရေးဌာနများ တွင် ထားရှိရေးလော အစရှိသည့် ဆုံးဖြတ်ချက်များကအစ အပေါ်ယံဖြင့် ဆုံးဖြတ်လို့မရ။ ရောဂါကူးစက်ပြန့်ပွားမှုသာမက လူတို့၏ အလုပ်အကိုင်၊ နေ့စဉ်နေထိုင်ရေးဘ၀ စားဝတ်နေရေး၊ စိတ်ဓာတ်ရေးရာ လုံခြုံမှု၊ စိတ် အတက်အကျတို့ကအစ၊ စီးပွားရေး၊ လူမှုရေး အထွေထွေဘက်စုံကို ချင့်ချိန်ရပါသည်။
ကိုဗစ်ပိုးတွင် ခန့်မှန်းလို့မရသည့် မြှုပ်ကွက်တို့က အများအပြား ရှိနေ၏။ ဗိုင်းရပ်စ်ပိုး၏ မာယာများမှုကြောင့် ရောဂါလက္ခဏာ မဖော်ပြ သော်လည်း ပိုးကူးစက်နိုင်သည့် အန္တရာယ်၊ အထိအတွေ့မရှိသော်လည်း ပိုးကူးစက်သွားနိုင်သည့် အန္တရာယ်၊ မည်သူ့ထံမှာ ပိုးရှိနေမှန်းမသိလိုက်ဘဲ ပိုးကူးစက်သွားနိုင်သည့်အန္တရာယ် စသည်ဖြင့် ဘက်ပေါင်းစုံမှ ခြိမ်းခြောက် နေ၏။ ထိုထိုသော ရောဂါပိုး၏ မာယာများမှုက ရောဂါပြန့်ပွားမှုဆိုင်ရာ ပညာရှင်တို့ (Epidemiologists) ပင် ရေကုန်ရေခန်း အဖြေရှာနေရဆဲ ဖြစ်၏။
ဤသည်က မြန်မာနိုင်ငံတစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံတကာ တွင် ရင်ဆိုင်နေရသည်ပင်။ အချို့အောင်မြင်၊ အချို့မအောင်မြင်၊ အချို့ အောင်မြင်နေသယောင်။
မြန်မာနိုင်ငံက အခြေခံအဆောက်အအုံအားနည်းမှု၊ မပြည့်စုံမှုတို့က ရှိနေသည်။ အဆောက်အအုံနေရာဌာန၊ ဆေးဝါးမှအစ ကျန်းမာရေး ဝန်ထမ်းအင်အားထိ အမှန်တကယ်လုံလောက်သည့် အရေအတွက် ပြည့်မီဖို့ အခက်အခဲရှိနေသည်။ ရှိသည့်အင်အားကို မျှတအောင်၊ နှံ့အောင် စီမံခန့်ခွဲရသည်ကပင် လွယ်ကူသည်မဟုတ်။ သည်လိုထဲတွင် ကျန်းမာ ရေးဝန်ထမ်းများကို ပိုးကူးစက်ခံရသည့်အတွက် သီးခြားကန့်သတ်ထား ရ၍ အင်အားလျော့ပါးမှုကလည်း ရှိနေသည်။ ပြဿနာကြီးထွားသည်နှင့် အမျှ လူ့စွမ်းအားရင်းမြစ် အင်အားလိုအပ်မှုက ကြီးထွားလာနေသည်။
ဥပမာအားဖြင့် ပိုးစစ်ဆေးရန် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် ယူရသည်ဆိုလျှင်ပင် နမူနာယူရုံမျှနှင့် ပြီးသည်မဟုတ်ဘဲ ယူထားသည့် နမူနာကို မည်သူ့ထံမှ၊ မည်သည့်အချိန်က၊ မည်သည့်နေရာက အစရှိသည့် အချက်အလက်တို့ကို မှတ်တမ်းတင်ရ၏။ ထိုမှတ်တမ်းကို နမူနာပစ္စည်း ပါဝင်သည့် ဘူးပေါ်တွင် တံဆိပ်ကပ်ရန် မလွဲမှားရန် အဆင့်ဆင့်လုပ်ရ၏။ စစ်ဆေးပြီးအဖြေကို ပြန်လည်ရရှိသည့်အခါ မူလမှတ်တမ်းဖြင့် တိုက်ဆိုင် စစ်ဆေးကာ ထိုသူ့ကို ရှာဖွေ အကြောင်းကြားရသည်။ အလုပ်အစီအစဉ်က အလွန်အမင်း များပြားလှသည်ဟု မဆိုနိုင်သော်လည်း စစ်ဆေးရသည့် ဦးရေနှင့် စစ်ဆေးပေးမည့်သူ၊ မှတ်တမ်းတင်ပေးမည့်သူ၊ နမူနာများကို စုစည်းပေးပို့ရသူ စသည်ဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်မှု နှင့် လူအင်အားကို လိုအပ်သည်က အမှန်ပင်ဖြစ်ပါသည်။
ဤသည်က မြောက်မြားလှစွာသော ကိစ္စများထဲက ကိစ္စတစ်ခုအနေ မျှသာ ဖော်ပြခြင်းဖြစ်ရာ များစွာသောအခြားဆောင်ရွက်စရာတို့ ရှိနေ သည်ကို နားလည်နိုင်ပါသည်။ ကုသရေးပိုင်းသာမက၊ ပိုးတွေ့သူများ၊ သံသယရှိသူများကို သီးခြားထားရှိရာတွင် စားရေး၊ သောက်ရေးမှအစ အိပ်ရာအနေအထိုင်မှအစ၊ အိမ်သာရေချိုးခန်းမှအစ၊ သောက်ရေသုံးရေ ရရှိရေး၊ အညစ်အကြေးစွန့်ထုတ်ရေး အစစသောကိစ္စများစွာကို ဖြေရှင်း နေကြရပါသည်။
ထိုထိုမျှသော ကိစ္စအဝ၀ကို ရှိသမျှသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာ ရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ကူညီသူ အစုစုနှင့် မည်သို့ ရုန်းကန်လှုပ်ရှား ဖြေရှင်းနေရမည်ကို စာနာမိနိုင်ကြပါသည်။ ယခု ဖြေရှင်းနေကြရာတွင် တာဝန်ကျေပွန်ရုံ လုပ်နေကြရသည်မကဘဲ စေတနာရော မေတ္တာပါ တွဲလျက် ရေကုန်ရေခန်း ကြိုးစားနေကြရခြင်းဖြစ်၍ ပြည်သူလူထုက လည်း ကျေးဇူးတင်ရပါသည်။
မည်သို့ပင်ဖြစ်စေ အားလုံးသည် မိမိတို့ ပြည်သူများဖြစ်လေရာ ပြည်သူလူထုကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် မူကို ကိုင်စွဲကာ လူတိုင်းဝေဒနာကင်းပျောက်အောင်၊ အသက်ရှင်သန် အောင်၊ နောက်ထပ်ကူးစက်မှုများ တိုးပွားမလာအောင် အင်အားရှိသမျှ အတတ်နိုင်ဆုံး ဝိုင်းဝန်းစောင့်ရှောက် ကူညီဆောင်ရွက်ကြရမည်သာ ဖြစ်ပါကြောင်း။ ။