ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် ထာဝရစည်းလုံးညီညွတ်မှု

 

 

တောင်ပေါ်မြေပြန့် မခွဲခြားဘဲ  တစ်သွေးတစ်သားတည်းဟူသော ပြည်ထောင်စုစိတ်ဓာတ်ဖြစ်တည်မှုကို       နယ်ချဲ့ဝါဒီတို့အား လက်တွေ့ထုတ်ဖော်ပြသခဲ့သည့်  ပြည်ထောင်စုနေ့သည်  (၇၅)နှစ်မြောက် စိန်ရတုသို့ပင်ရောက်ရှိခဲ့ပြီ။  လွတ်လပ်ရေးအတွက် ကြိုးပမ်းပြင်ဆင်ခဲ့ကြရသည့်  ၂၀ ရာစုခေတ်လယ်ကာလ မြန်မာ့ အခြေအနေ၊ ကမ္ဘာ့အခြေအနေနှင့် မျက်မှောက်ခေတ် ၂၁ ရာစု၏ ဒုတိယဆယ်စုနှစ်လွန် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့မှာ ကွာခြားလျက်ရှိပြီဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ဖြင့်   ဖွဲ့စည်းထားသည့်   ပြည်ထောင်စုမြန်မာနိုင်ငံအဖို့ တိုင်းရင်းသားတို့၏   စည်းလုံးညီညွတ်မှုနှင့်   ပြည်ထောင်စု စိတ်ဓာတ်တို့မှာမူ မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင်မဆို မပြောင်းမလဲ ထာဝရတည်ရှိနေရမည်သာဖြစ်သည်။

 


ကမ္ဘာ့နိုင်ငံရေးကို  လေ့လာပါက  နိုင်ငံတိုင်းက  မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ဦးတည်ကာ လှုပ်ရှားဆောင်ရွက်နေကြ သည်ကို  တွေ့ရမည်။ မိမိနိုင်ငံကို  ကမ္ဘာတွင်  နံပါတ်(၁)ဖြစ်ရေး၊ မိမိနိုင်ငံကြီးကျယ်ခမ်းနားလာရေး၊   နယ်ပယ်ကျယ်ပြန့်လာရေး၊ အကျိုးအမြတ်များ  ပိုမိုရရှိရေး၊  အင်အားခိုင်မာတောင့်တင်းရေးတို့အတွက် “ထာဝရရန်သူ၊  ထာဝရမိတ်ဆွေဟူ၍ မရှိ၊ ထာဝရ အကျိုးစီးပွားသာရှိသည်”ဟူသော မူဖြင့် လုပ်‌ဆောင်နေကြခြင်းဖြစ် သည်။ စစ်ရေး၊ စီးပွားရေး   စသည့်အင်အားကြီးနိုင်ငံကြီးများ၏ အားပြိုင်မှုဝဲဂယက်တွင်     နိုင်ငံငယ်လေးများမှာ   တိမ်းစောင်း နစ်မြုပ်မသွားစေရန်  ရုန်းကန်ရလေ့ရှိသည်။ ၂၁ ရာစုကမ္ဘာတွင် ပထဝီနိုင်ငံရေးအရ   အရေးပါသော   နေရာတစ်နေရာတွင်  ရှိနေ သည့်    မြန်မာနိုင်ငံအဖို့   စည်းလုံးညီညွတ်မှုကို  အခိုင်အမာ တည်ဆောက်ထားမှသာ  အဓွန့်ရှည်တည်တံ့နိုင်မည်ဖြစ်သည်။ အထူးသဖြင့်   မည်သည့်အုပ်စု၏  နောက်ကိုမှ  မလိုက်သည့် မြန်မာနိုင်ငံတွင်  မိမိ၏ ကိုယ်ခံစွမ်းအားကို မိမိဘာသာပြည့်ဝ အောင် တည်ဆောက်ကြရမှာဖြစ်သည်။

 


ယခုအခါ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ လိုအင်ဆန္ဒဖြစ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ကို ပန်းတိုင်အဖြစ် ရည်မှန်း၍ တည်ဆောက်လျက်ရှိသည်။ ယင်း အတွက် အခြေခံလိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရရှိ ရန်အတွက်လည်း  နှစ်ပေါင်း ၇၀ ကျော်ကြာ အဖြေမထွက်သည့် လက်နက်ကိုင်လမ်းစဉ်ကို  စွန့်လွှတ်ကာ  စားပွဲဝိုင်းတွင်  တွေ့ဆုံ ဆွေးနွေးမှုများဖြင့် အဖြေရှာလျက်ရှိသည်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့် နိုင်ငံတကာ သက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြကာ ပစ်ခတ် တိုက်ခိုက်မှုများကို ရပ်ဆိုင်း၍ စစ်ရေးပဋိပက္ခများ လျော့ကျသွား စေခဲ့သလို      ငြိမ်းချမ်းရေးအတွက်    လျှောက်လှမ်းကြရမည့် လမ်းကြောင်းသည်လည်း  ပေါ်ထွန်းစေခဲ့သည်။

 


လာမည့် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် (၇၅)နှစ်မြောက် စိန်ရတုနှစ်ဖြစ်သည်။ ယင်းအချိန်ကာလအတွင်း မငြိမ်းချမ်းမှုများကြောင့် လွတ်လပ်ရေး၏ အရသာကို တင်းပြည့် ကျပ်ပြည့်မခံစားကြရသည့် နေရာဒေသများ၊ မဖွံ့ဖြိုးမတိုးတက် မှုကို  မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်  ခံစားခဲ့ကြရသူများရှိနေခဲ့ သည်။ နိုင်ငံတစ်ခုလုံးအနေဖြင့်လည်း ဒေသတွင်းနှင့် အိမ်နီးချင်း အဆင့်မှာပင်   နောက်သို့ရောက်နေခဲ့ပြီ။  ကမ္ဘာနှင့်ယှဉ်လျှင်မူ ရာစုနှစ် တစ်ဝက်စာပင်မက   ဖြစ်လိမ့်မည်။  ပြီးခဲ့သည့်နှစ်တစ်နှစ် က တိုင်းရင်းသားလူငယ်လေးများ သီဆိုခဲ့ကြသည့် သီချင်းတစ်ပုဒ် ကဲ့သို့ပင် “မငြိမ်းချမ်းလို့ မဖြစ်ဘူး”ဟူ၍ ထပ်ဆင့်ဆိုကြရမည်။

 


သံသယမြူခိုးတို့ ပိတ်ဆိုင်းနေ၍ ငြိမ်းချမ်းရေးလမ်းရှိပါလျက် မလျှောက်လှမ်းနိုင်ပါက   ခရီးမတွင်    ရှိနေမည်သာဖြစ်သည်။  ငြိမ်းချမ်းရေးဟူသည် တစ်ဦး၊ တစ်စု၊ တစ်ဖွဲ့၊ မျိုးနွယ်တစ်ခုတည်း နှင့်သာ  ဆိုင်သည်မဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင် သည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စည်းလုံးညီညွတ် ကြပြီ ဆိုလျှင်   တစ်နိုင်ငံလုံး၊  တစ်မျိုးသားလုံး၏   သာယာဝပြောမှု၊ ငြိမ်းချမ်းမှု၊  ဖွံ့ဖြိုးတိုးတက်မှုတို့  အလျင်အမြန်ဖြစ်ပေါ်လာမည် မလွဲဧကန်ဟု ယုံကြည်မှုဖြင့် ကျစ်လျစ်ခိုင်မာစွာ စည်းလုံးနိုင်ကြပါ စေကြောင်း။      ။