မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်     ဖေဖော်ဝါရီ    ၁၃  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ    တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင်  ဗန်းမော်မြို့   အောင်သာရပ်ကွက်   အမှတ်(အသ/၅၂)တွင်  ငှားရမ်း နေထိုင်သည့်    ချန့်ဟွေ့(ခ)အားတီနှင့်      မချစ်စုဝေတို့၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ     စိတ်ကြွရူးသွပ်ဆေးပြား   ၅၅၃၉   ပြားကို လည်းကောင်း။


ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန် မြို့နယ်  တံခွန်တိုင်ရပ်ကွက်ရှိ  ယာယီကားကြီးဝင်းအနီးတွင် စိုးဝင်း(ခ)အာကာစိုးနှင့်   မျိုးလှိုင်ဝင်း(ခ)ဝေကြီးတို့  နှစ်ဦးအား  မသင်္ကာဖွယ်  တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား   ၁၉၀၀  ကို လည်းကောင်း။ 


ဝင်ရောက်ရှာဖွေ


ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အမှတ်(ခဝ/၁၀၉)နေ   ရန်ကျားဝမ်၏   နေအိမ်သို့     ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၊ ဘိန်းဆီခဲ သုည ဒသမ ဝ၁၆ ကီလိုနှင့်  အဆင့်နိမ့်ဘိန်း သုည ဒသမ ၀၁၃ ကီလိုတို့ကို လည်းကောင်း။


ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင် မြို့နယ် လုံထန်ကျေးရွာအုပ်စု လုံထန်ကျေးရွာနေ  လော်လောက်ဖာ၏  နေအိမ်သို့   ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀နှင့်  ဘိန်းဖြူ သုည ဒသမ ၁ ကီလိုတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။


ရဲပြန်ကြား