
ယူအီးအက်ဖ်အေချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမ အကျော့ ပွဲစဉ်အဖြစ် စီးရီးအေကလပ် အင်တာမီလန် အသင်းနှင့် ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းတို့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက အင်တာ မီလန်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူး အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက် တစ်ဆင့် တက်ရောက်ရေး အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်ခဲ့သည်။
အင်တာမီလန်အသင်းသည် တိုက်စစ်တွင် အားထားရသည့် ဒီဇီကို၊ မာတီနက်ဇ်တို့ကို အသုံးပြု ကာ ပွဲထွက်လာခဲ့ပြီး လီဗာပူးအသင်းက မာနေး၊ ဂျိုတာ၊ ဆာလာတို့ကို အသုံးပြုကာ အင်တာမီလန် အသင်းကို ရင်ဆိုင်လာခဲ့သည်။ အင်တာမီလန်အသင်း သည် အိမ်ကွင်းတွင် ကစားရသော်လည်း ဂိုးရရှိနိုင် သည့် အခွင့်အရေးဖန်တီးမှု ပြုလုပ်ထားနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ပြိုင်ဘက်လီဗာပူးအသင်းက အင်တာမီလန်အသင်းထက် ဂိုးရရှိနိုင်သည့် အခွင့် အရေးဖန်တီးမှု၊ အသင်းလိုက် စွမ်းဆောင်ရည် ကောင်းမွန်မှု၊ နိုင်လိုစိတ်ပြင်းထန်မှုကို ပြသနိုင်ခဲ့ပြီး လိုအပ်သည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။
လီဗာပူးအသင်းသည် ယခုအနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်နိုင်ပွဲရရှိသည့် မှတ်တမ်းကောင်း ကို ပိုင်ဆိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၇၅ မိနစ်တွင် ဖာမီနိုက သွင်းယူပေးပြီး ဒုတိယ ဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ဆာလာက သွင်းယူပေးခဲ့ သည်။
ယခုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သည့် အင်တာမီလန် အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက် တစ်ဆင့် တက်ရောက်နိုင်ရေးအတွက် ဒုတိယ အကျော့ လီဗာပူးအိမ်ကွင်းတွင် ရလဒ်ကောင်းရရှိရေး ကြိုးစားရတော့မည် ဖြစ်သည်။
အောင်ဇော်