အကုန်အကျနည်းအောင် အသုံးအစွဲကို ဆင်ခြင်ခြင်းက ချွေတာ ခြင်းပင်ဖြစ်သည်။ မိမိတို့ တစ်ဦးချင်းအနေဖြင့် ဖြစ်စေ၊ မိသားစု အတွင်း၌ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်ဖြစ်စေ အခြေအနေ အရ လိုအပ်လာပါက ချွေတာကြရသည်။ ချွေတာခြင်းဟူသည် သုံးစွဲမှုကို ပိတ်ပင်တားမြစ်ခြင်းမဟုတ်ဘဲ စိစစ်၍၊ ဆင်ခြင်၍ သုံးစွဲခြင်းဖြစ်ပြီး အလေ့အထကောင်းတစ်ရပ်ဖြစ်သကဲ့သို့ အကျိုး ရလဒ်ကောင်းကိုလည်း ရရှိစေသည်။
ယနေ့ကမ္ဘာ့ထိပ်တန်းနိုင်ငံများ ဒုတိယကမ္ဘာစစ်ပြီးကာလ ပြန်လည်ထူထောင်ရေးလုပ်ကြရသည့်အခါက ခြိုးခြံချွေတာရေး အစီအစဉ်များကို နှစ်ပေါင်းများစွာလုပ်ခဲ့ကြရသည်။ စားရေး ဝတ်ရေး နေရေး အဘက်ဘက်တို့တွင် ဝဝလင်လင်၊ ပေါပေါ များများ မစားခဲ့၊ မဝတ်ခဲ့ကြရဘဲ ခြိုးခြံချွေတာခဲ့ကြရသည်။ “တခြားတိုင်းပြည်တွေမှာ အဲဒီလိုချွေချွေတာတာ ကြိုးပမ်းပြီး တော့ အခုနေခါမယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နေ ကြတယ်။ ကျွန်တော်တို့တိုင်းပြည်က ကျပ်ကျပ်တည်းတည်း နေရတဲ့အထဲက ဒီလိုဗုံးပေါလအောသုံးကြတုန်း၊ စွဲကြတုန်းပဲ” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတစ်ရပ်တွင် ပြောကြားခဲ့ သည်။ မလိုအပ်ဘဲပို၍ သုံးစွဲနေရသည်များကို စိစစ်၍ ခြိုးခြံ ချွေတာလိုက်သည့်အခါ အပိုသုံးစွဲမှုများ လျော့ကျသွားခြင်းမှ ထွက်ပေါ်လာသည့် ပစ္စည်း၊ ငွေကြေး စသည်တို့ကို အခြားလိုအပ် ချက်များတွင် ဖြည့်တင်းနိုင်သည်။
ပစ္စုပ္ပန်ကာလ မိမိတို့နိုင်ငံတွင် အများသုံးစွဲနေကြသည့် ရေ၊ မီး(လျှပ်စစ်)၊ စားသုံးဆီ၊ စက်သုံးဆီ(ဒီဇယ်ဆီ၊ ဓာတ်ဆီ)တို့ကို သုံးစွဲသူတိုင်းက ကိုယ်စီချွေတာကြခြင်းအားဖြင့် တစ်ဦးချင်း အတွက်ရော နိုင်ငံအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်သည်။ ခြိုးခြံ ချွေတာခြင်းမှ မိသားစုအတွက် ငွေပိုငွေလျှံများ ထွက်ပေါ်လာသည့် အပြင် ယခင်ကထက်ပို၍ ကျန်းမာရွှင်လန်းသော နေ့စဉ်ဘဝများ ကိုလည်း ရရှိစေနိုင်သည်။ နိုင်ငံတော်အတွက်ဆိုလျှင်လည်း ပြည်ပမှ တင်သွင်းနေရသည့် စားသုံးဆီနှင့်စက်သုံးဆီများ ဝယ်ယူ မှုလျှော့ချရာမှ ထွက်ပေါ်လာသည့် နိုင်ငံခြားငွေဖြင့် နိုင်ငံအတွက် ပိုမိုအကျိုးရှိစေသည့် အခြားကဏ္ဍများတွင် သုံးစွဲနိုင်သည်။
ယခုနှစ် ၂၀၂၂ ခုနှစ်သည် မိမိတို့အတွက် စိန်ခေါ်သည့်နှစ်တစ် နှစ်လည်း ဖြစ်လာနေကြောင်း၊ စီးပွားရေးကို ပြန်၍ မတ်လာအောင် လုပ်မည်ဆိုလျှင် မိမိတို့အပေါ် ပြည်သူက ယုံကြည်မှုရှိလာမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) တွင် ပြောကြားခဲ့ပြီး ရည်မှန်းချက် (၃) ခုဖြစ်သည့် စီးပွားရေးတိုးတက်အောင်လုပ်မည်။ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလုပ်ငန်းများ လုပ်မည်။ ကာကွယ်ရေးစွမ်းပကား မြှင့်တင်မည်ဟူသော အချက်များကိုပါ ရှင်းလင်းပြောကြား ခဲ့သည်။ နိုင်ငံ၏စွမ်းအား သုံးရပ်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ ခြိုးခြံချွေတာရေးကို မဖြစ်မနေကျင့်သုံးကြရမှာဖြစ်သည်။ ပြည်သူ လူထုအတွင်း ခြိုးခြံချွေတာကြရမည်ဖြစ်သကဲ့သို့ ဝန်ကြီးဌာန များနှင့် လက်အောက်ဌာနများတွင်ပါ မလိုအပ်သည့် အသုံး အစွဲများကို သုံးစွဲခြင်းမပြုရန်၊ နိုင်ငံခြားငွေခြိုးခြံချွေတာရန်၊ စက်သုံးဆီ သုံးစွဲမှု၊ ဓာတ်အားသုံးစွဲမှု၊ စရိတ်စခများ သုံးစွဲမှုတို့ကို စိစစ်လျှော့ချရန်တို့ကို ဆောင်ရွက်လျက်ရှိသည်။
ခြိုးခြံချွေတာခြင်းသည် အသုံးအစွဲကို ဆင်ခြင်ခြင်းဖြစ်ပြီး လိုအပ်သလောက်ကိုသာ အထိရောက်ဆုံး၊ အကျိုးအရှိဆုံး သုံးစွဲ ခြင်းဖြစ်သည်။ ရေရှည်ကျင့်သုံးသွားရမည့် ရည်မှန်းချက်ဖြင့် အလေ့အကျင့်ကောင်းအဖြစ် ကျင့်သုံးသွားကြသည်နှင့်အမျှ မိမိ တို့အတွက်ရော နိုင်ငံအတွက်ပါ ကောင်းသောအနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ။