ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး တို့အတွက် အစိုးရနှင့် တပ်မတော်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းတွင် တစ်ခါမှမရှိခဲ့ဖူးသည့် လိုက်လျောကမ်းလှမ်းချက် နှစ်ခုကို ဆောင်ရွက်ထားသည်။ လာမည့် ၂၀၂၃ ခုနှစ်သည် မြန်မာ နိုင်ငံ လွတ်လပ်ရေးရသည့် (၇၅) နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ “နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိ ပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကိုလည်း သိရှိကြပြီး ဖြစ်သည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သမိုင်းတွင် တစ်ခါမှ မရှိခဲ့ဖူးသည့် လိုက်လျောကမ်းလှမ်းချက် နှစ်ခုဟုဆိုရာတွင် (၁) တပ်မတော် က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းနှင့် (၂) ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက် မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး ဖိတ်ကြားခြင်းတို့ဖြစ်သည်။ စင်စစ်အားဖြင့် အဆိုပါလိုက်လျော ကမ်းလှမ်းချက်နှစ်ရပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ အဆိုပြုချက်များပင် ဖြစ်ပြီး ၎င်းအဆိုပြုချက်များကို အကောင်းဆုံးဖြေရှင်းပေးထားခြင်းလည်း ဖြစ်သည်။ ယခင်က တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသည့် အခွင့်အလမ်းများလည်းဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြသူတိုင်းက လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်အသုံးပြုနိုင်ကြသည်နှင့် အမျှ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာဝရငြိမ်းချမ်း ရေး တည်ဆောက်နိုင်ရေးဆီသို့ ဦးတည်သွားစေမည်ဖြစ်သည်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ ယခု ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ လေးနှစ်ကျော်ကြာအောင် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားရာ ငြိမ်းချမ်းရေး ကို လိုလားစွာဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် လက်တွေ့အကောင်အထည်ဖော်နေခြင်းပင် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးက ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆီသို့ ပါဝင်ကာ အကောင်အထည် ဖော်ကြခြင်းဖြင့် နှစ်ပေါင်း ၇၀ ကျော်ကြာ အဖြေမထွက်ခဲ့သည့် လက်နက်ကိုင်နည်းလမ်းအစား ဒီမိုကရေစီနည်းကျ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသည့်နည်းဖြင့် အဖြေထွက်နိုင်မည်ဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတို့က အနာဂတ်နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အခြေခံအုတ်မြစ်များဖြစ်သည့်အတွက် မဖြစ်မနေ တည်ဆောက်ကြရန်လိုသည်။ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည် နှင့်အမျှ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ တစ်ပါ တည်းဖြစ်ထွန်းလာသည်ကို ရှေ့တွင် မိမိတို့ တွေ့ကြုံခံစားခဲ့ကြ ရပြီးဖြစ်သည်။ ဒေသတစ်ခုမျှမကျန် တစ်နိုင်ငံလုံး ငြိမ်းချမ်းနိုင် ပြီဆိုပါက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးကိုလည်း စည်းလုံးညီညွတ်သည့် အင်အားများဖြင့် အမြန်ဆုံးတည်ဆောက်သွားနိုင်မည်သာဖြစ်သည်ဟု ယုံကြည် ပါကြောင်း။ ။