
ရေကြည် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ရေနံ့သာကျေးရွာအုပ်စု ရေနံ့သာကျေးရွာ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဦးဉာဏ်လင်း (၇၀နှစ်)၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင် ကာ နေအိမ်သုံးလုံး မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ နယ်မြေခံတပ်မှ တပ်ရင်းမှူး ဝင်းမြင့်ဌေးနှင့် တာဝန်ရှိသူများ၊ ရေကြည်မြို့နယ်မှ မြို့နယ်ရဲမှူး ရဲမှူး အောင်ကိုကိုနှင့် တာဝန်ရှိသူများ၊ ကုန်းပြင်နယ်မြေရဲစခန်းမှ ရဲအုပ် ခင်မောင်ဌေးနှင့် တာဝန်ရှိသူများ၊ ရေနံ့သာစစ်ဆေးရေးဂိတ်မှ ဒုရဲအုပ် ကျော်စွာထက်နှင့် တာဝန်ရှိသူများ၊ ငါးသိုင်းချောင်းမြို့ မီးသတ်ဦးစီး ဌာနမှ လက်ထောက်ဦးစီးမှူး ဦးနိုင်နိုင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ရေနံ့သာကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအုန်းမြင့်နှင့် ဒေသခံပြည်သူများ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်သုံးလုံး မီးလောင်ပျက်စီးပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရကာ မီးပေါ့ဆစွာ အသုံးပြုသူ ဦးဉာဏ်လင်းအား ကုန်းပြင်နယ်မြေရဲစခန်းတွင် အမှုဖွင့် ထားကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)