
ပရီမီယာလိဂ် ပွဲစဉ် (၂၇) အဖြစ် ဝက်စ်ဟမ်းနှင့် ဝုလ်ဖ်တို့ ဖေဖော်ဝါရီ ၂၇ ရက်က ယှဉ်ပြိုင် ကစားရာ ဆူခက်၏ သွင်းဂိုးဖြင့် ဝက်စ်ဟမ်းတို့ နိုင်ပွဲရရှိခဲ့သည်။
ဝက်စ်ဟမ်းတို့ ချန်ပီယံလိဂ် ဝင်ခွင့် နေရာအတွက် ယခုပွဲကို အနိုင်ရရှိရေး ကြိုးစားခဲ့ပြီး ဝုလ်ဖ် ကလည်း တန်ပြန်တိုက်စစ်မှ ဂိုးရရှိရေး ကြိုးစားခဲ့ရာ ပွဲမှာ အကြိတ်အနယ်ရှိခဲ့သည်။ ပထမ ပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ ပွဲချိန် ၅၉ မိနစ်တွင် ဝက်စ်ဟမ်းမှ အန်တိုနီယို၏ ပေးပို့မှုမှ ဆူခက်က ဝက်စ်ဟမ်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို သွင်းယူ ခဲ့သည်။ ယခုပွဲအပြီး ဝက်စ်ဟမ်း တို့ ၂၇ ပွဲကစား ၄၇ မှတ် ရရှိကာ ဝုလ်ဖ်က ၂၆ ပွဲကစား ရမှတ် ၄၀ ရရှိထားသည်။
ဖေဖော်ဝါရီ ၂၇ ရက်က နံနက် အစောပိုင်းတွင် ကစားခဲ့သည့် အဲဗာတန်နှင့် မန်စီးတီးတို့ပွဲတွင် မန်စီးတီးက ဖိုဒင်၏ သွင်းဂိုးဖြင့် အဲဗာတန်ကို အနိုင်ရရှိကာ ၂၇ ပွဲကစား ရမှတ် ၆၆ မှတ်ဖြင့် ဇယားထိပ်၌ ရပ်တည်နေ သည်။
အောင်ဇော်