တက္ကသီလာ မြကျွန်းသာမှာ ပညာရည်နို့သောက်စို့ခဲ့ပါသည် အပိုင်း(၅)

Type
၀၀၀၀၀၀၀၀၀

 

စန်းနီလာဝင်း

 

တက္ကသီလာ မြကျွန်းသာသို့ နှစ်တစ်ရာပြည့်အလွမ်း
• ကံ့ကော်ပျိုသည်
စိုစိုစိမ်းစိမ်း၊ မြရည်လိမ်းသို့
ယိမ်းနွဲ့ဘယ်ညာ၊ မြကျွန်းသာဝယ်
သဘာဝမှာ၊ ပသာဒကြောင့်
ရင်မှလှိုင်းထ၊ ကြည်နူးရ၏။
တက္ကသီလာ၊ မြကျွန်းသာဝယ်
ကဗျာဖွဲ့သီ၊ စာပန်းချီနှင့်
ဂီတတံတျာ၊ တေးသံသာနှင့်
ပညာစုံရာ၊ ကျောင်းမဟာ၏
ဝိဇ္ဇာသိပ္ပံ၊ ထိုဗိမာန်ကို
ဖန်ဖန်တသ၊ သတိရနေ
မြကျွန်းညိုညို၊ တက္ကသိုလ်ကို
ခုလိုအခါ၊ နှစ်တစ်ရာမှာ
ဇရာကထောင်း၊ အရွယ်ညောင်းလည်း
ပြန်ပြောင်းတသ၊ သတိရမြဲ
ရှိနေဆဲမို့၊ ဘယ်သို့ မေ့၍ရအံ့နည်း။
ယဉ်မဆုံးနိုင် ပင်လုံးခိုင်ညှာသဇင်ကို ယဉ်တမူမြင်သူ
မောပါဘိ
အလှတွင် အယဉ်ဆင့်၍ အသွင်တင့်သူ ကံ့ကော်တော က ချောနှမတို့သည် ညနေဆည်းဆာ၏ နေခြည်နုနုဖြင့် ရွှေရည်ဥ အုနေချိန်ဝယ် အင်းလျားကန်သာတစ်လျှောက် ၌ အပန်းဖြေနားနေလမ်းလျှောက်နေကြသည့် ပသာဒ မြင်ကွင်းအလှကို မြင်တွေ့ရသည်။ တစ်ယောက်သောသူမှာ အင်းလျားကန် ရေပြင်ပေါ်ဝယ် ရှပ်တိုက်ပြေးလွှားဆော့ကစားနေသည့် ရေလှိုင်းကလေးများနှင့်အတူ သူ့ရင်ထဲက အနုသယ သမုဒယလှိုင်းကလေးများနှင့် ရင်ဆိုင်ယှဉ်ပြိုင် ကာ လှိုင်းထနေပုံရသည်။ သို့သောအခါ သူ၏ သမုဒယ ဂီတသံစဉ်တွင် အနုအလှ ဂီတစာဆိုရှင် အလင်္ကာကျော်စွာ ဗိုလ်ကလေးတင့်အောင်၏ “တက္ကသိုလ်ကျောင်းသူတစ်ဦး” အမည်ရှိ တေးသံသာက တိုးညှင်းသာယာစွာ တိတ်တခိုး ထိုးဖောက်ဝင်ရောက်လာဟန်တူပါသည်။
တက္ကသိုလ်ကျောင်းသူတစ်ဦး
ရေး-ဗိုလ်ကလေးတင့်အောင်
ဆို- ကိုမင်းနောင်
ခြေဆင်း xx(တက္ကသိုလ်ကျောင်းသူတစ်ဦး x လှပုံထူး သမျှ တွေ့ရဖူးသည်မှာ x ကြည်စွာဘဝင် နှလုံးရွှင်ပြုံး မိတာ x ယနေ့သာတိုင် ဪ-မေ့ပါနိုင်ပဲ x တသက်သက် စိတ်ထဲမှာ x မျှော်ကာတွေး ငေးမိခါခါ)xx
xx(အင်းလျားကန်ပါး လျှောက်ခါသွားလို့ x အနားယူ သော တစ်နေ့မှာ ယဉ်စွာ ယဉ်စွာ ဆင်ယင်ထုံးဖွဲ့ x ပြုံးလဲ့လဲ့ ချစ်စရာ x ပွင့်သစ်စသည်ပန်း x လန်းသည့်ပုံပမာ x တက္ကသိုလ်ကျောင်းသူတစ်ဦး x ချစ်ကြည်နူးစရာ x လှပ ကြော့ယဉ်စွာ)xx
xx(တစ်ပတ်လျှို ဆံထုံးကြော့မှာ x တစ်ပွင့်ပန်း ပန်လာ x ရှုကာငေး နုဝါသွေး x လက်ရှည်ထူထူ လေးဝတ် ကာ x ကြက်သွေးနီနီ ထမီပန်းခက် x ယဉ်သထက်ယဉ် စွာ x နက်မှောင်ကတ္တီပါ x လှပယဉ်ကျေး ပုံတော်လေး နှင့်ပါ)xx
သံပြိုင် xx(မြန်မာဆန်ဆန် x အနောက်ဟန်မနှော မဖောက်ပြန်သော x သဘောထားဝတ်စားတန်ဆာ x ရှုတိုင်းယဉ် အဆင်ပြေစွာ x အချိုးအစားကျန လှပ၍ ချစ်စရာ x တွေ့ခဲ့ဖူးတဲ့ ကျောင်းသူတစ်ဦးပါ)xx
တေးစာသား၏ဂုဏ်၊ အသံ၏ဂုဏ်၊ ဂီတ၏ဂုဏ် သုံးပါးစလုံးဖြင့် ပြည့်စုံနေသော ဆရာဗိုလ်ကလေး တင့်အောင် ၏ သီကုံးဖွဲ့ဆိုမှုပညာနှင့် ဂီတ ၏ ညာသံ၊ ဘယ်သံကိုကျွမ်းကျင် ပိုင်နိုင်စွာ ကူးပြောင်းသီဆိုနိုင် သည့် ကရုဏာသံရှင် အဆို ကျော်ကြီး ကိုမင်းနောင်၏ အဆို ပညာတို့ကြောင့် နားဆင်ကြ ရသူ သောတရှင်တိုင်းမှာ နားထဲ သကြားခဲထည့်လိုက်သည့်ပမာ ချိုမြိန်လှစွာခံစားခဲ့ကြရသည်။ ဂန္ထဝင်တွင် စံတင်ထိုက်သည့် ထိုတေးသံသာ၌ တက္ကသိုလ် ကျောင်းသူတစ်ဦး၏ ဆင်ယင် ထုံးဖွဲ့မှုအလှသည် မြန်မာပီသ စွာ မြန်မာအလှကို ဖော်ကျူး ဖွဲ့ဆိုထားသဖြင့် ပူလောင် လှသော အလှမဟုတ်ဘဲ အေးမြ လှသော အလှတွင် အယဉ်ဆင့် ကာ အသွင်တင့်တယ်မှုကို ပေါ်လွင် ထင်ရှားစေသော xx မြန်မာဆန်ဆန် x အနောက် ဟန်မနှော မဖောက်ပြန်သော x သဘောထား ဝတ်စားတန်ဆာ x ရှုတိုင်းယဉ် အဆင်ပြေစွာ x အချိုးအစားကျန လှပ၍ ချစ်စရာ xx ဟူသော တေး စာသားက အလင်္ကာရသမြောက် စွာ သက်သေပြနေပါသည်။
သစ်ပုပ်ပင်ကြီးသိပါသည်
အမိရန်ကုန်တက္ကသိုလ်ကြီး၏ ဘွဲ့နှင်းသဘင် အဆောက်အအုံဆီသို့ ဦးတည်လားရာ အဓိပတိလမ်းမ ကြီးနံဘေးရှိ သိပ္ပံခန်းမဆောင်ကြီးရှေ့နားတွင် ငွားငွား စွင့်စွင့်၊ မားမားမြင့်မြင့် ရှင်သန်ရပ်တည်နေသော အထီးကျန်သက်တော်ရှည် သစ်ပုပ်ပင်ကြီးက အဆင့်မြင့် ပညာသင်မောင်မယ်တို့အား လောကီသားများဖြစ်ကြ၍ မိတ်ဆွေအပေါင်းအသင်းဘဝမှ စိတ်နေပြောင်းပြီး ချစ်မိ သွားလျှင်လည်း တစ်ဘဝလုံး ဘယ်မမုန်း၊ တစ်သက်လုံး ချစ်၊ ဘယ်မပစ်ဘဲ၊ နှစ်နှစ်ကာကာချစ်သွားနိုင်ကြပါစေဟု ဆုတောင်းပေးနေပုံရသည်။
တကယ်တော့ အမိရန်ကုန်တက္ကသိုလ်ကြီး၏ ဩကာသလောကအလှဝယ် ကဗျာသီကုံး စာပန်းချီမှုန်း၍ မဆုံးနိုင်သည့် အနှီသစ်ပုပ်ပင်ကြီးကို လူ့ဘဝသက်တမ်း ဖြင့် ကြည့်ရှုလေ့ရှိကြပြီး အထီးကျန် သက်တော်ရှည် သစ်ပုပ်ပင်ကြီးမှာ အခါနှောင်းလာကာ ဇရာထောင်းနေပြီ ဟု ဆိုကြသည်။ သို့တစေထိုသစ်ပုပ်ပင်ကြီးမှာ ကဗျာဆန် လှသဖြင့် ဇရာဟန်မပေါ်ဘဲ မဟာဆန်သော တော်ဝင် သစ်ပင်ကြီးအဖြစ် ထီးထီးမားမားကြီးကြီးထွားထွားဖြင့် ဣန္ဒြေရရ လှပတင့်တယ်နေသည်သာ ဖြစ်သည်။
ဖြစ်သနစ်၏ ဇာစ်မြစ်အား စိစစ်ကြည့်လိုက်သော အခါ အနှီသစ်ပုပ်ပင်ကြီးကို စောင့်ရှောက် စံမြန်းနေသော ရုက္ခစိုးနတ်သည် လူ့သက်တမ်းအရ နှစ်တစ်ရာတိုင်စေ တော့၊ သူတို့နတ်သက်တမ်းဖြင့် တွက်ချက်ကြည့်လျှင် နှစ်နှစ်သားအရွယ်သာ ရှိသေး၍ အလွန်နုပျိုငယ်ရွယ် လှသော နတ်ချာတိတ်ကလေးအရွယ် ဖြစ်နေပေသည်။ အကြောင်းမှာ ရုက္ခစိုး၊ ဘုမ္မစိုးတို့ တည်မှီစံပျော်ရာ “စတု မဟာရာဇ်နတ်ဘုံ” ရှိ နတ်သား၊ နတ်သမီးတို့၏သက်တမ်း မှာ လူသားတို့၏အသက် ၅၀ ပြည့်မှသာ သူတို့၏ အသက် မှာ (၁)နှစ်သာ ရှိသေးသောကြောင့်ပင်ဖြစ်သည်။ စတု မဟာရာဇ်နတ်ဘုံကြီးတွင် “စတရဋ္ဌ”၊ “ဝိရူဠက”၊ “ဝိရူပက္ခ”၊ “ကုဝေရ” အမည်ရှိသော နတ်မင်းကြီးလေးပါး တို့က စီမံအုပ်ချုပ်ကွပ်ကဲပြီး ထိုဘုံရှိ ရုက္ခစိုး၊ ဘုမ္မစိုး အပါအဝင် နတ်သားနတ်သမီးတို့၏ နတ်သက်တမ်းမှာ နှစ် ၅၀၀ ရှိသဖြင့် လူ့သက်တမ်းနှင့် နှိုင်းယှဉ်တွက်ကြည့် ပါက နှစ်ပေါင်းကိုးသန်း ရှိနေပါသည်။
သို့ရာတွင် နတ်ပြည်၌ နတ်သားနတ်သမီး ဖြစ်သွား ကြသူများမှာ နတ်သားဆိုလျှင် နတ်အသက်အားဖြင့် အသက် ၂၀ အရွယ် နတ်သားလူပျိုဘဝသို့ အလိုလို ရောက်ရှိနေနှင့်ပြီး နတ်သမီးဆိုလျှင် နတ်အသက်အားဖြင့် အသက် ၁၆ နှစ်အရွယ် နတ်သမီးအပျိုစင်ဘဝသို့ အလိုလို ရောက်ရှိနေနှင့်ပြီးဖြစ်သည်။ နတ်သားနတ်သမီးတိုင်းမှာ ဇရာဒုက္ခမရှိဘဲ နတ်သက်ခြွေရခါနီးမှသာ နတ်၏ ကိုယ်ရောင်ကိုယ်ဝါများ မှေးမှိန်လာပြီး ချွေးများထွက်ကာ မရဏဒုက္ခဖြင့် နတ်သက်ခြွေကြရရှာသည်။ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တို့သည် လူ့ပြည်လူ့ရွာ၏ လဆန်း၊ လဆုတ် ၈ ရက်နှင့် လပြည့်လကွယ်ဥပုသ်နေ့များတွင် လူ့ပြည် အနှံ့ရှိ လူကောင်းသူကောင်းများ (သုစရိုက်သမားများ)နှင့် လူဆိုးလူမိုက်လူယုတ်မာများ (ဒုစရိုက်သမား များ) ခွဲခြား၍ စာရင်းကောက်ယူကြရပြီး သင်္ကြန်ရက် များ၌ တာဝတိံသာနတ်ပြည်မှ သိကြားမင်းကြီးအား မာတလိနတ်သားမှတစ်ဆင့် စာရင်းပေး အစီရင်ခံကြ ရသည်။
အမိရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးကို စောင့်ရှောက်နေသော ရုက္ခစိုးနတ်သည်လည်း စတုမဟာ ရာဇ် နတ်ဘုံမှ နတ်တစ်ပါးဖြစ်နေသောကြောင့် တက္ကသီလာ မြကျွန်းသာ၏ ကံ့ကော်တောမှ ချောနှမများ ကိုသဘောကျ၍ မိတ်ဆွေအပေါင်းအသင်းဘဝမှစိတ်နေပြောင်းကာ ချစ်သူများဖြစ်သွားကြသူများအနက် တစ်ဘဝ လုံး ဘယ်မမုန်း၊ တစ်သက်လုံးချစ်၊ ဘယ်မပစ်ဘဲ နှစ်နှစ် ကာကာချစ်၍ ပစ်ပစ်ခါခါမလုပ်ဘဲ သစ္စာခိုင်မြဲသူများ ကို လူကောင်းသူကောင်းစာရင်းတွင် ရေးသွင်းပေးသည်။ နှစ်နှစ်ကာကာ မချစ်ဘဲ ပစ်ပစ်ခါခါလုပ်ရက်ကြသည့် မခင်မကြင် တမင်စိမ်းရက်သူ မောင်မယ်များကိုတော့ အချစ်လူဆိုးစာရင်းတွင် ရေးသွင်းပေးရမည်သာဖြစ်သည်။
အလှရွှန်းစို မြကျွန်းညိုမှာ ခဏကွန်းခိုရသော်လည်း ထာဝရအလွမ်းပိုနေရသူပါ
အမိရန်ကုန်တက္ကသိုလ်ကြီး၏ နှစ် ၅၀ ပြည့် ရွှေရတု သဘင်ပွဲတော်ကြီး၌ ပြဇာတ်ကပြရေး တာဝန်တွင် ပါဝင်တာဝန်ယူထားသည့် တစ်ယောက်သောသူသည် သူနေထိုင်ရာ ဒဂုံဆောင်သို့ ပြန်ရောက်သောအခါ ဂီတ စာဆို ဗိုလ်ကလေးတင့်အောင်၏ ဂန္ထဝင်စံတင်ရမည့် “ တက္ကသိုလ်ကျောင်းသူတစ်ဦး” တေးသွားအလှ ကို မယ်ဒလင်တူရိယာဖြင့် တီးခတ်နေမိတော့သည်။
သို့သောအခါ ထိုဂီတသံစဉ်အလှများမှ “ကဗျာခံစားချက်” ဖြစ်ပေါ်လာကာ “ ကဗျာစိတ်ကူးစိတ်သန်း”တို့နှင့်အတူ ပြဇာတ်၏ ဇာတ်ဝင်ခန်းတစ်ခန်း တွင် အသုံးပြုနိုင်ရန် ဤသို့ ကဗျာသီကုံးကာ စာပန်းချီမွှန်းခြယ်လိုက် လေသည်။
အလှတရား၏ စေစားရာ
• လက်လက်ထွားပျို၊ ဖြူနုစိုသား
ညိုမှောင်မျက်ခုံး၊ ပြုံးမျက်လုံးနှင့်
ငြှိုးနုံးမပါ၊ နှုတ်ခမ်းလွှာဝယ်
နီတျာပြုံးတုံ၊ မပြုံးတုံ့နှင့်
ဖြူပုံ့ဝင်းကြည်၊ ပါးပြင်ဆီတွင်
ကျုံ့ကျုံ့လင်လင်၊ သွေးကြောမျှင်တို့
စဉ်စဉ်နုနု၊ ဖြည်းဖြည်းအုသား
နုနုသွယ်ဟန်၊ ကဗျာဆန်သည့်
နှာတံလက်စွန်း၊ ချစ်မျက်ဝန်းသည်
ရွှန်းရွှန်းကြည်မြ၊ ကြယ်ရောင်လှသို့
ဆံစဆီတွင်၊ ပိတုံးမျှင်တို့
ညက်ညင်နက်စို၊ ပျိုပျိုသွယ်ဆင်း
သန့်ကြည်ဝင်းပွတ်၊ နုညွတ်ညွတ်သို့
ထွတ်ထွတ်မွေးလက်၊ ပန်းရောင်ယှက်၍
သွယ်လျက်နွယ်လျ၊ လည်တိုင်လှသည်
လျလျကြော့ရှင်း၊ ပပဝင်းသည့်
အဆင်းလှလှ၊ ချောနှမကို
မြင်ရခိုက်တွင်၊ ရင်ဝယ်လှိုင်းထ
ခံစားရသည်၊ လောကီသားမို့ ခွင့်လွှတ်ပါ၊*
• သို့တစေ-
ရှုလေခန္ဓာ၊ ရုပ်ပုံလွှာကို
ဝိပဿနာ၊ ဘာဝနာဖြင့်
ဇရာဒုက္ခ၊ အနိစ္စနှင့်
အနတ္တဖြင့်၊ ဆင်ခြင်တိုင်းထွာ
တရားရှာသော်၊ ဘယ်မှာ အလှရှိတော့မည်နည်း။
ကဗျာရေးစပ်ပြီးသွားသည်နှင့် ပြန်ဖတ်ကြည့်နေစဉ် ထိုစဉ်က မြန်မာစာနည်းပြဆရာလည်းဖြစ်၊ ဒဂုံဆောင် နည်းပြဆရာလည်းဖြစ်သော ဆရာဦးလှမြင့် (ကဗျာ ဆရာမောင်ပန်းမွှေး) အခန်းထဲသို့ လာနေကျအတိုင်း ဝင်ရောက်လာသည်။ ကဗျာကို ဆရာက တောင်းယူ ဖတ်ကြည့်ရင်း ပြုံးလိုက်ပြီး-
“ မင်းကဗျာက (Beauty of Words) စာသားလည်း လှတယ်၊ ‘ကာရန်’ (Rhyme) ရော ‘အသံ သွားအသံလာ’ (Rhythm) ပါ ကောင်းတယ်။ ဒါပေမယ့်ကွာ၊ မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဘိုးကြီး စိတ်ပေါက် နေသလိုပဲ။ မင်းကဗျာက “သမုဒယသစ္စာ”ကို “ဒုက္ခ သစ္စာ” တရားနဲ့ ဆန်းစစ်ဖွဲ့ဆိုထားတယ်။ အေးလေ၊ တကယ်တော့ ဒါဟာအမြဲမှန်နေတဲ့ မြတ်ဗုဒ္ဓရဲ့ ‘ပရမတ္တ သစ္စာတရားပဲလေ’ ဟု ဝေဖန်ခဲ့သည်ကို အမှတ်ရနေမိ သည်။
ဆရာနှင့် တစ်ယောက်သောသူတို့မှာ ရင်းနှီးခင်မင် ကြသည့်အလျောက် ဦးချစ်လက်ဖက်ရည်ဆိုင်ထိုင်သည့် အခါဖြစ်စေ၊ ညနေဘက်အဆောင်မှာ ထမင်းစားပြီး အင်းလျားကန်ပေါင်ရိုးဆီသို့ လမ်းလျှောက်သွားသည့်အခါ ဖြစ်စေ၊ ရန်ကုန်မြို့ထဲရှိ သတင်းစာတိုက်များ၊ မဂ္ဂဇင်းတိုက် များ၊ ပုံနှိပ်တိုက်များသို့ သွားသည့်အခါဖြစ်စေ မကြာခဏ အတူသွား အတူလာ အတူစား အတူစကားလက်ဆုံကျနေမြဲ ဖြစ်သည်။ ဆရာ ဂျပန်နိုင်ငံမှ ပြန်လာပြီးနောက် ဂျာနယ် များတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူစဉ်ကလည်း ကျွန်တော့်ဌာနသို့ မကြာခဏဝင်လာတတ်ပြီး ကျွန်တော့် ရုံးခန်းမှာပင် လက်ဖက်ရည်သောက်ရင်း၊ ထမင်းစားရင်း စာအကြောင်းပေအကြောင်း၊ ကဗျာအကြောင်း၊ ဘာသာ၊ သာသနာ၊ ဝိပဿနာအကြောင်းများ ပြောကြားရင်း စကားလက်ဆုံကျလေ့ရှိပါသည်။
“တို့ တက္ကသိုလ် ရာပြည့်နှစ်ကျမှပဲ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးဖြစ်ရတယ်လို့ကွာ။ ဆရာ အခုအသက် ၈၁ နှစ်တောင် ရှိနေပြီဖြစ်လို့ သေခါနီးနေပါပြီကွာ။ မသေခင်မှာတော့ ဒီရာပြည့်ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲ သွားချင်သေးတယ်ကွာ။ မင်းတို့၊ ငါတို့ အရင် နှစ် ၅၀ ပြည့် ရွှေရတုသဘင်၊ ၇၅ နှစ်မြောက် စိန်ရတုသဘင်တုန်းကလို ပေါ့ကွာ။”
အထက်ပါဆရာပြောခဲ့သော စကားသည် ဆရာ၏ အန္တိမစကားဖြစ်သွားလေရော့သလား မသိတော့ပါ။ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် သဘင်မတိုင်မီ နှစ်လ ကျော်အလိုတွင် နှလုံးရောဂါ ဝေဒနာကို မရဏတရားက လက်ဦးရယူသွားခဲ့ရာ “မမှန်းလင့်ဘဲ ပန်းတစ်ပွင့် နွမ်းလွင့် ကာ အကြွေစော” သွားရှာခြင်းကြောင့် “ကဝိဆရာ အတွက် မချိဗျာပါ” တက်ခဲ့ကြရသည်။ တပည့်တို့မှာ သည်းတမြေ့မြေ့ ကျွမ်းရသည်။ ပွဲတွေ့အလွမ်းနှင့်သာ မျက်မှောက်ပြုကြရင်းမှ အမျိုးဘာသာ သာသနာ အတွက် နိုးနိုးကြားကြား ကြိုးကြိုးစားစား ဆောင်ရွက်နေဆဲဖြစ် သော ဆရာ၏ သာသနာပြုလုပ်ငန်းများအား သာဓု အကြိမ်ကြိမ် ခေါ်နေမိပါတော့သတည်း။
• မြကျွန်းညိုညို၊ တက္ကသိုလ်ကို
ခုလိုအခါ၊ နှစ်တစ်ရာမှာ
ဇရာကထောင်း၊ အရွယ်ညောင်းလည်း
ပြန်ပြောင်းတသ၊ သတိရမြဲ
ရှိနေဆဲမို့၊ ဘယ်သို့မေ့၍ရအံ့နည်း ။ ။