ချယ်ဆီးကို အနိုင်ယူပြီး လီဗာပူးအသင်း ကာရာဘောင်ဖလားကို ကိုးကြိမ်မြောက်ဆွတ်ခူး


 

ကာရာဘောင်ဖလား    ဗိုလ်လုပွဲ အဖြစ်     ချယ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့      ပွဲစဉ်ကို တနင်္ဂနွေနေ့ညပိုင်းက  ဝင်ဘလေ အားကစားကွင်း၌    အကြိတ် အနယ်        ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက    ပယ်နယ်တီ အဆုံးအဖြတ်တွင်   အနိုင်ရရှိပြီး ကာရာဘောင်ဖလားကို    အသင်း သမိုင်းတစ်လျှောက်   ကိုးကြိမ်မြောက်  ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်သည် သာမန်ပွဲချိန်အတွင်း ဂိုးမရှိသရေကျ နေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်  ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို  မိနစ်   ၃၀ တွင်လည်း တစ်ဖက်နှင့်တစ်ဖက် အနိုင်၊ အရှုံးအဖြေမပေါ်သည့်အတွက်   ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး လီဗာပူးအသင်းက ၁၁  ဂိုး- ၁၀ ဂိုးဖြင့် အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ 
နည်းဗျူဟာပြောင်းလဲ
ဗိုလ်လုပွဲစဉ်ဖြစ်သည့်အတွက်   နှစ်သင်းစလုံး  အဓိက ကစားသမားအစုံအလင်ဖြင့်  ပွဲထွက်လာခဲ့သည်။  ပွဲချိန်  ၆၇ မိနစ်တွင်  လီဗာပူးအသင်းမှ ဂျိုးမာတစ် ဂိုးသွင်းယူနိုင်ခဲ့သော် လည်း   ဗွီအေအာရ်က ပယ်ဖျက်ခဲ့သည်။  ထို့နောက်တွင် ချယ်ဆီးအသင်းရော လီဗာပူးအသင်းပါ ကစားသမားအပြောင်း အလဲ၊   နည်းဗျူဟာအပြောင်းအလဲဖြင့် သွင်းဂိုးများရရှိရေး ကြိုးစားလာ‌ခဲ့သော်လည်း ပွဲချိန်ပြည့်သည်အထိ ရရှိခဲ့ခြင်း မရှိချေ။ 
တစ်ကျော့ပြန်ဆွတ်ခူး
ပယ်နယ်တီအဆုံးအဖြတ်တွင်    လီဗာပူးအသင်းမှ ကစားသမားများ အမှားအယွင်းမရှိ   ဂိုးသွင်းယူနိုင်ခဲ့ပြီး ချယ်ဆီးအသင်းမှ    ဂိုးသမားကီပါ    ဂိုးပေါက်လွဲချော်ခဲ့သည့် အတွက် လီဗာပူးအသင်းက   အနိုင်ရရှိခဲ့ခြင်း  ဖြစ်သည်။ လီဗာပူး အသင်းသည်    အဆိုပါဖလားကို   ၂၀၁၁-၂၀၁၂    ခုနှစ်က နောက်ဆုံးဆွတ်ခူးထားပြီး ယခုဗိုလ်လုပွဲတွင် ချယ်ဆီးကို အနိုင်ရရှိခဲ့သောကြောင့် တစ်ကျော့ပြန် ဆွတ်ခူးနိုင်ခဲ့သည်။ 
လာမည့်ပွဲစဉ်တွင် အက်ဖ်အေဖလားပြိုင်ပွဲအဖြစ် ချယ်ဆီး အသင်းက မတ် ၃ ရက်၌ လူတန်အသင်းနှင့်  ယှဉ်ပြိုင်ရမည် ဖြစ်ပြီး လီဗာပူးအသင်းက နော့ဝှစ်ချ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။                                                                    အောင်ဇော်