
လုံးဝ၊ လုံးဝ၊ လုံးဝ ပေါ့လို့မရပါဘူး။ ကျွန်တော်တို့ အနေအထားက
ဒီအချိန်မှာ ပိုမိုအာရုံစိုက်ဖို့ လိုပါတယ်။
================================================
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
===============
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းအဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက် ပါသည်-
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး
[ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်)]
၁၆ - ၁၀ - ၂၀၂၀ ရက်နေ့ ကိုဗစ်နဲ့ပတ်သက်ပြီး ရန်ကုန်ရဲ့ အနေအထားက တဖြည်းဖြည်းကျဆင်းလာ တာပေါ့နော်။ ဒါက အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီအပေါ်မှာ ဘာပဲဖြစ်ဖြစ် တစ်နေ့ကို ၂၀၀၀ တို့၊ ၁၅၀၀ တို့ ထွက်နေရာကနေ ဒီနေ့အတွက် ၈၉၈ ရှိပါတယ်။ ကိုဗစ်စင်တာကို ပြောင်းရွှေ့ကုသရမယ့်အနေအထားပါ။ ဒါကြောင့် ကိုဗစ်စင်တာအားလုံးမှာ လူနာတက်ရောက် ကုသနိုင်တဲ့ ခုတင်ပေါင်း ၁၀၀၂၉ ခုတင်ရှိတာဖြစ်တဲ့ အတွက် ယခုအချိန်မှာ လူနာ ၇၀၀၀ ကျော်ပဲ ကုသရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်စင်တာများမှာ နေရာ အလွတ်တွေနဲ့ ပိုမိုကုသနိုင်တဲ့ အနေအထားတွေ ရှိပါ တယ်။
ဒီကိုဗစ်စင်တာများကို ပြောပြရရင် ဝေဘာဂီ၊ တောင်ဥက္ကလာပ၊ ဖောင်ကြီး၊ လှိုင်စင်တာ၊ လှိုင် (မြတ်လေး)၊ ရိုးမ (၁) နဲ့ ရိုးမ(၂)၊ အောင်မြင့်မိုရ်စင်တာ၊ ရန်ကင်းပညာရေးကောလိပ်၊ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်၊ သုဝဏ္ဏဧရာစင်တာ၊ Fortune Plaza ၊ အရှေ့ ပိုင်းဆေးရုံအနီးမှာ ဗိုလ်တထောင်စင်တာ ရှိပါတယ်။
ကျွန်တော် ပြည်သူလူထုကို အသိပေးချင်တာက အဲဒီစင်တာတွေဟာ တိုက်ရိုက်သွားရောက်ပြီးတော့ ကုသလို့ရတဲ့ စင်တာတွေ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ဆေးရုံကြီးတွေမှာ သွားရောက်ပြသပြီး အဲဒီဆေးရုံကြီး တွေကနေတစ်ဆင့် ကိုဗစ်စစ်ဆေးပြီး တွေ့ရှိတဲ့အခါကျ မှသာ ပြောင်းရွှေ့ကုသရတဲ့စင်တာများ ဖြစ်ပါတယ်။ အဲဒီလို ကုသရေးစင်တာနဲ့ ကုသရေးဌာနပေါင်း ဝေဘာဂီ တို့၊ တောင်ဥက္ကလာပတို့ အပါအဝင် ၁၅ ခုရှိပါတယ်။
အဲဒီလို စင်တာတွေ၊ ကုသရေးဌာနတွေကို သွားရောက်မကုသခင်၊ တကယ်လို့ ရောဂါလက္ခဏာတွေ ရှိတယ်၊ ပြသချင်တယ်ဆိုရင်တော့ ပြသလို့ရတဲ့နေရာ များက ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အရှေ့ပိုင်း ဆေးရုံ၊ အနောက်ပိုင်းဆေးရုံ၊ သန်လျင်၊ လှိုင်သာယာ တို့အပြင် မြို့နယ်ဆေးရုံတွေအားလုံးမှာ သွားရောက် ပြသလို့ ရပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ အသိပေးပါ တယ်။
ဆေးရုံတွေ အကုန်လုံးမှာ ကျွန်တော်တို့ ပစ္စည်း အပြည့်အစုံရှိပါတယ်။ အဲဒီဆေးရုံတွေမှာ သွားရောက်ပြသ ရင် အဲဒီကနေတစ်ဆင့် စစ်ဆေးမှုတွေ၊ ကုသမှုတွေ ပြုလုပ်ပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။ အဲဒီကနေ စစ်ဆေးပြီးတဲ့အခါကျမှသာလျှင် စောစောက စင်တာ တွေကို ပို့ဆောင်ကုသခြင်းဖြစ်ပါတယ်။
ယခုအနေအထားအရ ရောဂါလက္ခဏာပြင်းထန်သူ များကို တွေ့ရှိရပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်သူတွေ၊ အတော်အသင့် ပြင်းထန်သူတွေ အရေအတွက်ဟာ များပြား လျက်ရှိကြောင်း တွေ့ရပါတယ်။ ဒါဟာ ရောဂါလက္ခဏာ မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာ မရှိတဲ့သူတွေကို စင်တာတော်တော်များများမှာ ပို့ဆောင်ပြီး ကုသနိုင်ပေမယ့်၊ ရောဂါလက္ခဏာ ပြင်းထန်သူနဲ့ အတော်အသင့် ပြင်းထန်သူ တွေကို ဝေဘာဂီ၊ တောင်ဥက္ကလာပ၊ ဖောင်ကြီး၊ သုဝဏ္ဏတို့ မှာ ကုသတာဖြစ်ပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာဆေးရုံကြီးများမှာလည်း ကုသနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ ဒါကြောင့် ဒီရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေနဲ့ အတော်အသင့် ပြင်းထန်သူတွေဟာ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်း အရှေ့ပိုင်း၊ အနောက်ပိုင်း၊ သန်လျင်၊ လှိုင်သာယာနဲ့ မြို့နယ်ဆေးရုံတွေ ကို သွားရောက်ပြသပြီး ကုသလို့ရပါတယ်။
ဒါ့အပြင် ယခုတွေ့ရှိချက်အရ ရောဂါလက္ခဏာရှိသူ တွေဟာ ဆေးရုံကိုရောက်ရှိတာ တချို့ နောက်ကျတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အမြန်ဆုံး ရောဂါလက္ခဏာ ပေါ်လာတာနဲ့ အမြန်ဆုံးကုသမှုခံယူဖို့၊ ပြသဖို့ လိုအပ်ပါ တယ်။ ဒါတွေအတွက်လည်း ကျွန်တော်တို့ နားလည်ပါ တယ်။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတွေမှာ ဆေးရုံရောက်ရောက်ချင်း အခက်အခဲတွေ ဖြစ်ခဲ့တာကို ယခုဆိုရင် ကြိုးစားပြီးတော့ ရောက်ရှိလာတဲ့သူတွေ အမြန် ဆုံးသက်သောင့်သက်သာ နေရာထိုင်ခင်းရရှိရေးနဲ့ ကုသမှု ခံယူနိုင်ရေးကို ကြိုးစားပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူလူထုအနေနဲ့ ရောဂါလက္ခဏာပေါ်လာတာနဲ့ သက်ဆိုင်ရာဆေးရုံတွေကို အမြန်ဆုံး လာရောက်ကုသမှု ခံယူဖို့ ဒီနေရာမှာ အသိပေးလိုပါတယ်။ အခြေခံရောဂါအခံရှိ သူတွေအနေနဲ့ ကိုယ့်ရဲ့အခြေခံရောဂါကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့ လိုအပ်ပါတယ်။ ဥပမာ - ဆီးချို၊ သွေးတိုး၊ ရင်ကျပ် ဒါတွေကို စဉ်ဆက်မပြတ် ကုသမှုခံယူနေဖို့ လိုပါ တယ်။
ဒါ့အတွက်လည်း အထွေထွေရောဂါကုဆရာဝန်တွေ ကို ကုသမှုပေးနိုင်ဖို့ ယခုစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အထွေထွေ ရောဂါကု ဆရာဝန်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဒီဟာတွေကို ပိုမိုပြီးဆောင်ရွက်နိုင်အောင် ယခုအခါမှာ အလေးပေးပြီး ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။
ဒါဟာ ပြည်သူလူထုအနေနဲ့ အနီးစပ်ဆုံး ဆရာဝန် တွေနဲ့ အမြန်ဆုံးတွေ့နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အထွေထွေရောဂါကုဆရာဝန် (General Practitioner) တွေဟာ အရေးကြီးတဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက် မှု (Primary Healthcare)တွေကို ဦးဆောင်နေတဲ့၊ ဆောင်ရွက်နေတဲ့သူတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆရာဝန်တွေဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အဓိကနေရာက ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ယခုအချိန်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ သတ်မှတ်ပြီး ပါဝင်နိုင်အောင်၊ ဆောင်ရွက်နိုင်အောင် ဒါတွေကို အသေးစိတ်ဆွေးနွေး ဆောင်ရွက်နေပါတယ်။ အလားတူ ပုဂ္ဂလိကဆေးရုံတွေရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်နိုင်အောင်၊ ပါဝင်နိုင်အောင် ကျွန်တော်တို့ ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော့်အနေနဲ့ အသိပေးလိုပါတယ်။
ဒါ့အပြင် ပြည်သူလူထုကို အထူးသဖြင့် အသိပေးလို တာက လုံးဝ၊ လုံးဝ၊ လုံးဝ မပေါ့ပါနဲ့။ ဒီဟာကျွန်တော်တို့ ဘက်က သေချာပေါက် ကျဆင်းလာပြီး အသာစီးရရှိလာ ပြီလို့ ပြောဖို့ခက်ပါသေးတယ်။ စောပါသေးတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ Social Distancing ၊ Mask တပ်ခြင်း၊ ကိုဗစ်-၁၉ နဲ့ ပတ်သက်တာတွေကို စည်းကမ်း လိုက်နာခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်။
ယခင်က ပြောကြားခဲ့သလိုပါပဲ အစာစားတာက အစ၊ နေတာထိုင်တာ ကိုယ်လက်သန့်စင်တာကအစ အစစအရာရာ အိမ်မှာမိသားစုနဲ့ နေတာထိုင်တာ၊ အဖွဲ့အစည်းနဲ့ နေတာထိုင်တာကအစ အရေးကြီးပါတယ်။ လုံးဝ၊ လုံးဝ၊ လုံးဝ ပေါ့လို့မရပါဘူး။ ကျွန်တော်တို့ အနေ အထားက ဒီအချိန်မှာ ပိုမိုအာရုံစိုက်ဖို့ လိုပါတယ်။ ပိုမို တင်းကျပ်ပြီး လိုက်နာဖို့ လိုပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်အရ ဒီဟာ အပြောင်းအလဲနဲ့ ခုနက ကုန်စည်စီးဆင်းမှုတို့၊ အရောင်း အဝယ်တို့ ဒါတွေအတွက် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှု တွေ ဆောင်ရွက်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း ပိုမို စည်းကမ်းတင်းကျပ်လိုက်နာမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်း စီအနေနဲ့ အခုပိုမိုအာရုံစိုက်ပြီးတော့ ဒီဟာကို မကူးစက် ရအောင် နေထိုင်ဖို့၊ သွားလာဖို့ လိုအပ်ကြောင်း ဒီနေရာ မှာ အထူးအလေးအနက်ထားပြီး သတိပေးလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထက်လျှံ
- Log in to post comments