Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်


 

နေပြည်တော် အောက်တိုဘာ ၁၇


ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်)၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆောင်ဟွာက လှူဒါန်းမှု နှင့် ပတ်သက်၍ ပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးပစ္စည်း၊ ဓာတ်ခွဲပစ္စည်းကိရိယာ များကို ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊ ယခုနှစ် မေလတွင် ကိုရီးယားသမ္မတ နိုင်ငံမှ ကိုဗစ်-၁၉ ဓာတ်ခွဲပစ္စည်း များ ပေးအပ်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက (၇၃) ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးညီလာခံတွင် ကိုရီးယား သမ္မတနိုင်ငံသမ္မတ Mr. Moon Jae-in ပြောကြားခဲ့သည့် အချက်များအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါ ကြောင်း။
ကိုဗစ်-၁၉ ကို ရင်ဆိုင်တိုက်ဖျက် ရာတွင် နိုင်ငံများအချင်းချင်း သတင်း အချက်အလက်နှင့် အတွေ့အကြုံများ ဝေမျှခြင်းသည် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ သည် မျှော်မှန်းထားသည် ထက်ကြီးမားသော ပြဿနာရပ်ကြီး ဖြစ်ပြီး မိမိတို့အနေဖြင့် ရောဂါကူးစက် မှု ပထမလှိုင်းတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုရီးယားသမ္မတ နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ် ကင်းရှင်းစွာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံများကိုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ မျှဝေပေးခဲ့ပါ ကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် ရောဂါစစ်ဆေး နိုင်မှုအတိုင်းအတာသည် အရေးကြီး သဖြင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် Standard Q COVID-19 Rapid Antigen Diag-nostic Test Device များကို ထပ်မံ ပံ့ပိုးပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကို ရင်ဆိုင်ရာတွင် အကျပ် အတည်းများ တွေ့ကြုံရသကဲ့သို့ ကျန်းမာရေးကဏ္ဍဆိုင်ရာ တိုးတက် မှုများအတွက်လည်း အခွင့်အလမ်း များ ဖြစ်လာနိုင်ပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုရီးယား သမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားသမ္မတ နိုင်ငံအခြေစိုက် ကုမ္ပဏီများနှင့် လူမှု ရေးအဖွဲ့အစည်း စုစုပေါင်း ၂၂ ခုက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိ ဆေးပစ္စည်း ကိရိယာများနှင့် ဓာတ်ခွဲပစ္စည်း ကိရိယာများကို လှူဒါန်းခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် RT PCR စက်များဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးရန် ဓာတ်ခွဲပစ္စည်းများနှင့် Standard Q COVID-19 Rapid Antigen Diagnostic Test Device များ ပံ့ပိုးပေးအပ်ခဲ့သဖြင့် မိမိတို့ အနေဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေး မှုများကို ပိုမိုပြုလုပ်လာနိုင်ခဲ့ပါ ကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ ရင်းနှီး ချစ်ကြည်စွာပံ့ပိုးမှု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး နှင့် သံရုံးအဖွဲ့ဝင်များ၏ စေတနာ ပြည့်ဝစွာ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးမှုများကြောင့် မိမိတို့ အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ ပြတ်တောက်ခြင်းမရှိဘဲ ဆောင်ရွက် နိုင်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက် အလက်နှင့် အတွေ့အကြုံများကို ကိုရီးယားသမ္မတနိုင်ငံနှင့် အပြန် အလှန်ဝေမျှသွားမည်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ယခုကဲ့သို့သော ပံ့ပိုးမှု များသည် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုကို ပိုမိုမြင့်မားစေကာ ရေရှည် တွင် များစွာ အကျိုးရှိမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကိုရီးယားသမ္မတ နိုင်ငံ သံအမတ်ကြီးက Korea Inter-national Cooperation Agency (KOICA) မှ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ ငါးသိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Standard Q COVID-19 Rapid Antigen Diag-nostic Test Device ၉၅၀၀၀ ခုကို လွှဲပြောင်းပေးအပ်ရာ ဆေးသုတေသန ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး(ဝဲပုံ) မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ KOICA Myanmar မှ Chief Representative Ms. Lee Youn-Soo နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်