
ကျောက်တော် မတ် ၄
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ၌ ယမန်နေ့ ညနေ ၆ နာရီခန့်က မီးလောင်မှု ဖြစ်ပွား၍ နေအိမ်ငါးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ဦးမောင်ဝေဖြိုး၏နေအိမ်၌ လူစောင့်မရှိဘဲ ဟင်းအိုးတည်ထားခဲ့ရာမှ အနီးရှိထင်းပုံမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဦးမောင်ဝေဖြိုး၏ နေအိမ်အပါအဝင် စုစုပေါင်း အိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၁၈၀၀၀၀ ခန့်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး တို့မှ မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း၊ မီးဘေးဒုက္ခသည် ကျား ၁၆ ဦး၊ မ ၁၄ ဦးတို့အား ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် ယာယီနေရာချထားပေးကာ မီးလောင်မှုနှင့်ပတ်သက်၍ ဦးမောင်ဝေဖြိုးအား ကျောက်တော်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)