ချက်ပြုတ်စားသုံးမှုပုံစံ ပြောင်းလဲရေး

 

ဆီသည် လူတို့အတွက် အင်အားဖြစ်စေသော အစာအုပ်စုထဲတွင် ပါဝင်သည်။ သို့ရာတွင် လိုသည်ထက်ပို၍စားသုံးလျှင်မူ အင်အား ဖြစ်သည်ထက် ရောဂါထူပြောလာနိုင်သည်။ ထို့အပြင် စားသုံးရန် မသင့်သည့် ဆီအမျိုးမျိုးတို့ကို နည်းမျိုးစုံဖြင့် ပြုပြင်ဖန်တီး၍ စီးပွားရေးလောဘသမား မသမာသူတို့က ဈေးကွက်တွင် ရောင်းချ နေသော ဆီအတုများကို စားသုံးမိပြန်လျှင်လည်း ပို၍ပင် အကျိုး နည်းကြလိမ့်ဦးမည်  ဖြစ်သည်။   ဆီအတုများက  ဆီအစစ်များ ထက်ပင် ပို၍အရောင်လှ၊ ပို၍ အနံ့မွှေးပြီး ရောင်းချရာတွင် ပို၍ မျက်နှာပန်းလှသည်ဟု ဆိုကြရာ စိုးရိမ်ထိတ်လန့်ဖွယ်ရာဟုပင် ဆိုရမည်။

 


သို့ရာတွင် ဆီကိုလိုသည်ထက်ပို၍ စားသုံးခြင်းသည် လည်း ကောင်း၊ အရည်အသွေးညံ့ဖျင်းသည့် ဆီ၊ စားသုံးရန် မသင့်သည့်ဆီ၊ ဆီအတုတို့ကို စားသုံးမိခြင်းသည် လည်းကောင်း ကျန်းမာရေး ပြဿနာများ ချက်ချင်းလက်ငင်းထ၍ မဖြစ်နိုင်ခြင်းကြောင့် သူသူ ငါငါ မရှောင်သာဘဲ ဆက်၍ စားသုံးမိနေကြဦးမည် ဖြစ်သည်။ ပြည်သူများ  ဆီစားသုံးမှု  လျှော့ချရေး၊  ကျန်းမာရေးအတွက် ကောင်းမွန်သည့်   အရည်အသွေးအာမခံသော   ပြည်တွင်းမှ  ထုတ်လုပ်သည့် ဆီအစစ်အမှန်များကို သင့်တင့်လျောက်ပတ်စွာ စားသုံးရေးအတွက် နိုင်ငံတော်အစိုးရက မီဒီယာများမှတစ်ဆင့် အသိပညာပေး တိုက်တွန်းမှုများပြုလုပ်လျက်ရှိရာတွင် ပြည်သူ များ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန်၊ ပြည်တွင်းစားသုံး ဆီထုတ်လုပ်မှုကို အားပေးခြင်းဖြင့် စိုက်ပျိုးမှုမှသည် ထုတ်လုပ် ရောင်းချမှုလုပ်ငန်းစဉ်တစ်လျှောက် ပါဝင်လုပ်ကိုင်နေကြသည့် ပြည်သူများ အကျိုးစီးပွားဖြစ်ထွန်းရန်၊ နိုင်ငံခြားငွေယိုပေါက်တစ်ခု ကို   အတိုင်းအတာတစ်ရပ်အထိ  လျှော့ချနိုင်ရန်ဟူသည့်  အကျိုး ရလဒ်ကောင်းများ ရရှိစေရန် ရည်ရွယ်ရင်းဖြစ်သည်။

 


ကျန်းမာရေးအတွက် ဆီလျှော့စားရန် တိုက်တွန်းဖို့ လွယ်ကူ သော်လည်း လိုက်ပါဆောင်ရွက်နိုင်ရန် ခဲယဉ်းသည်ဟု ဆိုနိုင် သည်။   အကြောင်းရင်းမှာ   မိမိတို့  တစ်သက်လုံး  ချက်ပြုတ် စားသောက်လာခဲ့သည့် ပုံစံကိုပြောင်းလဲရန် ခက်ခဲခြင်းကြောင့် ပင်ဖြစ်သည်။  သို့ရာတွင်  မွန်၊  ရခိုင်၊  ကချင်၊   ရှမ်း  အစရှိသည့် တိုင်းရင်းသားရိုးရာ   စားသောက်ဆိုင်များ၊  တရုတ်၊   ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံခြားစားသောက်ဆိုင် များတွင် ရောင်းချသည့် ဆီမပါ၊ ဆီနည်းအစားအစာဟင်းလျာ များကို မြန်မာများ မြိန်ယှက်စွာ စားသုံးနေကြသည်ကို ကြည့်ခြင်း အားဖြင့် ဆီမပါ၊ ဆီးနည်းသော်လည်း အရသာရှိပါက အကြိုက် တွေ့ကြသည်သာ ဖြစ်သည်ဟူ၍ ကောက်ချက်ချနိုင်သည်။ သို့ဖြစ် သည့်အလျောက် မိမိနိုင်ငံပြည်တွင်းရှိ ဒေသအသီးသီးမှ ထွက်ရှိ သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သီးနှံတို့ကို ဆီမပါ၊ ဆီနည်း နည်းဖြင့် ကြော်လှော်ချက်ပြုတ်သည့် နည်းလမ်းများကို မီဒီယာ များမှတစ်ဆင့် သင်ကြားပေးခြင်း၊ အရသာနှင့်တကွ အာဟာရ တန်ဖိုးများ၊   ကျန်းမာရေးအတွက်  အကျိုးဖြစ်ထွန်းစေသည့် အချက်များကို အသိပညာပေးခြင်းတို့ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါဆောင်ရွက်လာစေရန်   စားသောက်မှု နှင့်   ချက်ပြုတ်မှုပုံစံများ  ပြောင်းလဲလက်ခံကျင့်သုံးလာစေရန် မီဒီယာနည်းလမ်းများဖြင့်      ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆင်သင့်  ဝယ်ယူစားသောက်နိုင်သည့်  ခေတ်မီသီးသန့်ဆိုင် များကို စွန့်ဦးတီထွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက  လုပ်ကိုင်လာ စေရန်  အားပေးသွားဖို့ လိုအပ်မည်ဖြစ်သည်။

 


မြန်မာပြည်သူတို့  အဓိကဝယ်ယူအားထားစားသုံးနေကြသည့် စားအုန်းဆီကို နိုင်ငံခြားမှ နှစ်စဉ်တန်ချိန် ကိုးသိန်းကျော် ဝယ်ယူ တင်သွင်းနေခဲ့ရာ ဈေးသက်သာခြင်းဟူသော အခြေခံအကြောင်း တရားကြောင့် ဖြစ်သည်။ စားအုန်းဆီသည် ကျန်းမာရေးအတွက် ဆင်ခြင်စားသုံးရမည့်   လိုအပ်ချက်ရှိနေသည့်အပြင်   ပြည်ပမှ ဈေးနှုန်းများကလည်း အဆမတန်မြင့်တက်လျက်ရှိသည်။ အခက် အခဲ၊ အကျပ်အတည်းနှင့်အတူ အခွင့်အလမ်းလည်း ရှိစမြဲဖြစ်ရာ ပြည်တွင်း ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်တွင်း ဆီစားသုံးမှုများပြားနေသည်ကို  လျှော့ချခြင်း၊   ချက်ပြုတ် စားသောက်မှုပုံစံများ ပြောင်းလဲခြင်းဖြင့် နိုင်ငံရော ပြည်သူပါ အကျိုးဖြစ်ထွန်းကြပါစေကြောင်း။          ။