
နေပြည်တော် မတ် ၅
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် (ည)ရပ်ကွက် လေးထောင့်ကန်လမ်းရှိ AGD Bank ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ဘဏ်ဓားပြ တိုက်သူများအနေဖြင့် Hiace အမျိုးအစားခဲရောင်ယာဉ်ဖြင့် ဘဏ်သို့ရောက်ရှိလာပြီး Wifi တပ်ဆင်သူများ အသွင်ဖြင့် လုံခြုံရေးဝန်ထမ်း သုံးဦးကို သေနတ်ဖြင့်ထောက်၍ ချုပ်နှောင်ကာ ဘဏ်၏ ဒုတိယထပ်သို့ ခေါ်ဆောင်သွားခဲ့ပြီး မီးခံသေတ္တာအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ၍ ဘဏ်စာရွက်စာတမ်းများ၊ ဘဏ်၏ CCTV ထိန်းချုပ်စက်၊ ကွန်ပျူတာများနှင့် ငွေကျပ် ၆၃၉၅၉၇၀၁ တို့ကို ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။
ပြည်သူလူထု ပူးပေါင်းပါဝင်
ဓားပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံ များအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ် ၄ ရက်တွင် ဓားပြတိုက်မှုဖြစ်စဉ်၌ တရားခံများ အသုံးပြုခဲ့သည့် Toyota Hiace (ခဲရောင်)ယာဉ်အား မှတ်တမ်းတိုက်ဆိုင်စစ်ဆေးခြင်း နှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင် သတင်းပေးချက် များအရ ယာဉ်ပိုင်ရှင်မှာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့သစ် ရန်ကုန်သစ်ရပ်ကွက် နှင်းဆီဖြူ လမ်းနေ ဒေါက်တာကောင်းချစ်စိုး ပိုင်ဆိုင်ကြောင်း သိရှိရသဖြင့် ၎င်း၏နေအိမ်အား စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ရာ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင် သော တရားခံ ရှိုင်းထက်အောင် (၂၈)နှစ်ကို မင်္ဂလာ တောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်၌ ယာဉ် အမှတ် 4N/7883 Nissan ယာဉ်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
တရားခံ ရှိုင်းထက်အောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် ဘဏ်ဓားပြတိုက်မှုအား ဦးဆောင်သူ ဒေါက်တာကောင်းချစ်စိုး၏ သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏမြို့သစ် ရန်ကုန်သစ်ရပ်ကွက် နှင်းဆီဖြူလမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ နေအိမ်အတွင်း၌ ဒေါက်တာ ကောင်းချစ်စိုး(၃၄)နှစ်၊ သီဟအောင် (၂၈)နှစ်၊ ပြည်သိမ်းခိုင်(၂၈)နှစ်၊ ပိုင်စစ်(ခ)ပိုင်စစ်သွေး(၂၅)နှစ် တို့ လေးဦးကို ငွေစက္ကူရောရာ ငွေကျပ် ၅၀၆၉၅၀၀၊ အမေရိကန်ဒေါ်လာ ၈၀၀၀၊ လက်ကိုင်ဖုန်းမျိုးစုံ လေးလုံး၊ CCTV အထိုင်စက် တစ်လုံး၊ Hard Disk ကိုးခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော သံကျောက်ဖြတ်အဝိုင်းပြား ၁၅ ပြား၊ တူ နှစ်လက်၊ သံတူရွင်း နှစ်ချောင်း၊ ကတ်ကြေး နှစ်လက်၊ ယာဉ်အမှတ်၊ 8K/2658 Toyota Hiace (ခဲရောင်)မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ငါးဦးကို ငွေစက္ကူ ရောရာ ငွေကျပ် ၅၀၆၉၅၀၀၊ အမေရိကန်ဒေါ်လာ ၁၀၀ တန် အရွက် ၈၀(ဒေါ်လာ ၈၀၀၀)၊ လက်ကိုင်ဖုန်းမျိုးစုံ လေးလုံး၊ CCTV အထိုင်စက် တစ်လုံး၊ Hard Disk ကိုးခုနှင့် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဒေါက်တာ ကောင်းချစ်စိုးသည် ၂၀၁၉ ခုနှစ်တွင် ဇနီး ဖြစ်သူနှင့်အတူ ဆေးဆိုင်ဖွင့်လှစ်ရောင်းချခဲ့ရာ၌ ဝယ်ယူထားသည့် ဆေးပစ္စည်းများမှာ အရှုံးပေါ်၍ ဆေးကုမ္ပဏီများနှင့် ငွေကြေးပြဿနာများ ဖြစ်ပေါ် ခဲ့ပြီး အမှုရင်ဆိုင်ခဲ့ရသဖြင့် ငွေကြေးလိုအပ်မှုများ ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် သင်္ဃန်းကျွန်း မြို့နယ် (ဇ)မြောက်ရပ်ကွက် လေးထောင့်ကန်လမ်းရှိ AGD Bank အား ဘဏ်ပိတ်ရက်တွင် ဝင်ရောက် လုယက်ရန် ၎င်း၏ ဆေးပစ္စည်းကုမ္ပဏီမှ အလုပ် သမားများဖြစ်သော ရှိုင်းထက်အောင်၊ သီဟအောင်၊ ပြည်သိမ်းခိုင်၊ ပိုင်စစ် (ခ) ပိုင်စစ်သွေးတို့နှင့်အတူ တိုင်ပင်ပြောဆိုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်ရာတွင် အသုံးပြုရန် ဖောက်ခွဲ ရေးပစ္စည်းများနှင့် ပစ္စတိုအတု တစ်လက်အား Online Shop မှ မှာယူခဲ့ပြီး အခြားလိုအပ်သော ပစ္စည်းများကို အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များမှ ဝယ်ယူခဲ့ကြောင်း၊ ယာဉ်အမှတ်၊ 8K/2658 Toyota Hiace (ခဲရောင်) မော်တော်ယာဉ်အား ကားအငှားလုပ်ငန်းလုပ်ကိုင်သူ ကျော်စိန်ဝင်းထံမှ တစ်ရက်လျှင် ငွေကျပ် ၅၀၀၀၀ ဖြင့် ငှားရမ်း အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်သို့ သွားရောက်လေ့လာ
ယင်းနောက် တရားခံ ကောင်းချစ်စိုး၊ ရှိုင်းထက် အောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်နှင့် သီဟအောင်တို့ ငါးဦးသည် AGD Bank ၏ ဖွဲ့စည်းပုံ၊ အခန်းအနေ အထားနှင့် လုံခြုံရေးဝန်ထမ်းများ စောင့်ကြပ်မှု အခြေအနေများကို သိရှိနိုင်ရန်အတွက် ဘဏ်သို့ ငွေသွင်း/ငွေထုတ်သူများပုံစံဖြင့် သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်မှု ကျူးလွန်မည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကောင်းချစ်စိုး၊ ရှိုင်းထက်အောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ သီဟအောင်တို့ ငါးဦး သည် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့သစ် ရန်ကုန် သစ်ရပ်ကွက် နှင်းဆီဖြူလမ်းရှိ ဆေးကုမ္ပဏီရုံးမှ ငှားရမ်းထားသည့် ယာဉ်အမှတ် 8K/2658 မော်တော် ယာဉ်ဖြင့် ထွက်ခွာလာပြီး ကံကော်ရိပ်သာလမ်းသွယ် အတွင်း၌ မော်တော်ယာဉ်အား ယာဉ်အမှတ် 5M/5959 ယာဉ်နံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်း နှင့် Myanmar Net စာတန်းပါ စတစ်ကာကပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
လုံခြုံရေးဝန်ထမ်းများကို ချုပ်နှောင်
၎င်းတို့ ငါးဦးသည် AGD Bank အနီးသို့ Myanmar Net ကုမ္ပဏီဝန်ထမ်းများ အသွင်ဖြင့် သွားရောက်ခဲ့ပြီး ကောင်းချစ်စိုးသည် ဘဏ်လုံခြုံရေး ဝန်ထမ်းအား Laptop အားသွင်းလိုသည်ဟု ပြောဆို ၍ ဘဏ်အတွင်းသို့ လုံခြုံရေးဝန်ထမ်းနှင့်အတူ ဝင်ရောက်သွားခဲ့ကြောင်း၊ ထို့နောက် သီဟအောင် သည် ပစ္စတိုအတု ကိုင်ဆောင်၍ ပြည်သိမ်းခိုင်၊ ပိုင်စစ်သွေးတို့နှင့်အတူ ဘဏ်အတွင်းသို့ ထပ်မံ ဝင်ရောက်ခဲ့ပြီး လုံခြုံရေးဝန်ထမ်းများကို ချုပ်နှောင် ထားရှိခဲ့ကာ ဘဏ်အတွင်းရှိ CCTV ကြိုးများအား ဖြတ်တောက်၍ ဘဏ်ငွေတိုက် အမိုးမျက်နှာကြက် ပေါ်မှ ကျောက်စက်ဖြင့် ဖောက်ထွင်းကာ ငွေတိုက် ခန်းအတွင်းသို့ ဝင်ရောက်ပြီး ငွေများယူဆောင် ခဲ့ကြောင်း၊ ယင်းနောက် ကောင်းချစ်စိုးနှင့် ပြည်သိမ်း ခိုင်တို့ နှစ်ဦးသည် ဘဏ်ငွေတိုက်ပတ်လည်၌ လက်လုပ်မိုင်း ငါးလုံးအား အချိန်ကိုက်ပေါက်ကွဲစေရန် တပ်ဆင်ခဲ့ပြီး ဓာတ်ဆီလောင်း၍ ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဘဏ်ဓားပြတိုက်ရာတွင် ရရှိခဲ့သော ငွေကျပ် သိန်း ၆၁၀ အား ကောင်းချစ်စိုးသည် သီဟအောင်၊ ပိုင်စစ်သွေး၊ ပြည်သိမ်းခိုင်၊ ရှိုင်းထက်အောင်တို့ လေးဦးကို တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ စီ ခွဲဝေ ပေးခဲ့ပြီး ကျန်ငွေများအား ၎င်းမှ ယူဆောင်ခဲ့ပြီး ထိုငွေများမှ ငွေကျပ်သိန်း ၁၆၀ အား အမေရိကန် ဒေါ်လာဖြင့် လဲလှယ်ခဲ့ရာ ဒေါ်လာ ၈၀၀၀ ရရှိခဲ့ ကြောင်း၊ ကောင်းချစ်စိုးသည် ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ကျော်စိန်ဝင်းထံသို့ ပြန်လည် ပေးအပ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်နှင့်ပတ်သက်၍ လိုက်လံရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သောကြောင့် ကျော်စိန်ဝင်း ထံမှ မော်တော်ယာဉ်အား ငွေကျပ်သိန်း ၂၅၀ ဖြင့် အပိုင်ဝယ်ယူခဲ့ကြောင်း၊ ကောင်းချစ်စိုးသည် လုယက် ရာမှ ရရှိသည့်ငွေများဖြင့် ယာဉ်အမှတ် 4N/7883 Nissan ယာဉ်အား ငွေကျပ်သိန်း ၉၀ ဖြင့် ထပ်မံ ဝယ်ယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် တရားခံများအနေဖြင့် CRPH ၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူလူထုကို ထိတ်လန့်ကြောက်ရွံ့စေရန် ဆောင်ရွက်မှုအပေါ် အခွင့်အရေးတစ်ရပ်အနေဖြင့် အသုံးချကာ လုယက် မှုများ ကျူးလွန်လာခဲ့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့ အစည်းများ၊ မသမာသူများမှ နိုင်ငံတော်အား ထိခိုက် ပျက်စီးစေရန် ဆောင်ရွက်နိုင်မှု မရှိစေရေးအတွက် ၎င်းတို့၏ လှုပ်ရှားသွားလာမှုများအား လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း၊ သတင်းပေးပို့သူ များကို ထိုက်တန်စွာ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် AGD Bank ဓားပြတိုက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် တရားခံများ ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်