
နေပြည်တော် မတ် ၄
“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ”၏ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သုံးသပ်ဆောင်ရွက်လျက်ရှိ
ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ နောင်ရေးအတွက် စိတ်အေး ရစေရန်နှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲရမှု အခြေအနေကို ရေရှည်တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေတည်ထောင်သည့်စနစ်ကို သုံးသပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွင်လည်း တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရန် ရည်ရွယ်ထားပါကြောင်း။
မိမိတို့နိုင်ငံတွင် ပင်စင်စားဦးရေ စုစုပေါင်း တစ်သန်း နီးပါးရှိပြီး ပင်စင်လစာများကိုလည်း ၂၀၁၉ ခုနှစ်က တိုးမြှင့် ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်စင်နှင့် ဆုကြေးအသုံးစရိတ် အတွက် တစ်နှစ်လျှင် မြန်မာငွေကျပ် ၁ ဒသမ ၁ ထရီလီယံ ခန့် သုံးစွဲလျက်ရှိပါကြောင်း၊ ဌာနများအနေဖြင့် ဝန်ထမ်း အသစ်များ အများအပြားခန့်အပ်လိုမှုများကို စိစစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောင်လာမည့် နှစ် ၂၀၊ နှစ် ၃၀ ဆိုလျှင် ပင်စင်အသုံးစရိတ်သည် အလွန်များပြားလာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ Central Provident Fund ကို ထူထောင်ရန် စဉ်းစားရခြင်းဖြစ်ကြောင်း၊ CPF ကို အစိုးရနှင့် ဝန်ထမ်းတို့၏ ထည့်ဝင်ငွေဖြင့် စုဆောင်းမည်ဖြစ်ပြီး လက်ရှိ နိုင်ငံ့ဝန်ထမ်းများကိုသာ အဓိကဦးတည်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းမှ လစာ၏ ငါးရာခိုင်နှုန်းထည့်လျှင် အစိုးရမှလည်း ငါးရာခိုင်နှုန်း စုဆောင်းလျှင် ရန်ပုံငွေ တစ်ခု ရရှိမည်ဖြစ်ပြီး ထိုရန်ပုံငွေသည် Central Provident Fund ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေဟု ခေါ်ဆိုထားပါကြောင်း၊ ရန်ပုံငွေကို ပြင်ပ ပညာရှင်များအပါအဝင် စီမံခန့်ခွဲမှုအဖွဲ့ဖြင့် ဥပဒေနှင့်အညီ ဆုံးရှုံးနိုင်ခြေမရှိသော(Risk Free)ရင်းနှီးမြှုပ်နှုံမှုများ ဆောင်ရွက်ပြီး အဖွဲ့ဝင်ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနှင့် လစဉ်အကျိုးခံစားခွင့် တို့ကို ပေးအပ်သွားရန် ဖြစ်ပါကြောင်း၊ ရန်ပုံငွေများကို အစိုးရမှရောင်းချသည့် ငွေတိုက်စာချုပ်များ၊ ငွေတိုက် လက်မှတ်များကိုဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသွားပါက ဆုံးရှုံး နိုင်ခြေ မရှိပါကြောင်း၊ ဥပဒေ စတင်အတည်ပြုသည့်နေ့မှ စ၍ ခန့်အပ်သည့် ဝန်ထမ်းသစ်များ၊ အမှုထမ်းသက် ၁၀ နှစ်အောက် ပင်စင်ခံစားခွင့် မရှိသေးသူများသည် CPF တွင် အကျုံးဝင်စေမည် ဖြစ်ပါကြောင်း၊ ပင်စင်ခံစားခွင့်ရှိသည့် အမှုထမ်းသက် ၁၀ နှစ်ပြည့်ပြီးသူများအား လက်ရှိအတိုင်း ခံစားခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟို ရန်ပုံငွေတစ်ရပ် ပေါ်ပေါက်လာစေရေး ဆောင်ရွက်လိုသည့် ပုံစံများကိုလည်း အကြီးအကဲများထံ တင်ပြခဲ့ပါကြောင်း။
ဝိုင်းဝန်းစဉ်းစားဆွေးနွေး
နှစ်ကြာလာသည့်အခါ ယခင်စနစ်မှ ပင်စင်ခံစားမည့် သူများသည် တဖြည်းဖြည်းနည်းသွားပြီး စနစ်သစ်ဖြင့် ခံစားမည့်သူများ များလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအား ရန်ပုံငွေများကို သုံးခွင့်ပေးထားခြင်းဖြစ်၍ နိုင်ငံတော်မှ အတိုးပေးနေရမည် ဖြစ်ပါကြောင်း၊ ပင်စင် ခံစားခွင့်ရှိသည့် အမှုထမ်းသက်မပြည့်သေးသည့် ဝန်ထမ်း များ၏ အမှုထမ်းသက်အတွက် ထည့်ဝင်ကြေးများကို နိုင်ငံတော်မှ ထည့်ဝင်ပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေကို ရေးဆွဲရန်ကိစ္စမှာ အရေးကြီးပါကြောင်း၊ အောင်မြင်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို ဝိုင်းဝန်းစဉ်းစားဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယခင်အစည်းအဝေးနှင့် ယခုအစည်း အဝေးကြားကာလတွင် အကောင်အထည်ဖော်မည့် ပုံစံနှင့် ပတ်သက်၍ အဆင့်ဆင့် တင်ပြလမ်းညွှန်မှုခံယူခဲ့ပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော်ဆောင်မည့်အချိန်ဇယား(Time Frame) ရေးဆွဲ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး Myanmar Sustainable Development Plan(MSDP)ကို ချိတ်ဆက်ပြီး အကောင်အထည်ဖော်ရန် Project Bank ထဲမှာလည်း မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် ထည့်သွင်းဆောင်ရွက်ထားပြီး လိုအပ်သည့် အသုံးစရိတ်များ လည်း ကျခံသုံးစွဲလျက်ရှိပါကြောင်း။
ပြင်ဆင်ဆောင်ရွက်နေ
နိုင်ငံ့ဝန်ထမ်းများ၏ အချက်အလက်များကို အတွင်း ရေးမှူးရုံးဖြစ်သည့် ပင်စင်ဦးစီးဌာနမှ ကြိုတင်ကောက်ယူ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အကောင်အထည် ဖော်မည့်ပုံစံနှင့်အညီ ပြုစုထားသည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ(ဒုတိယမူကြမ်း)ကို ဆက်လက်ဆွေးနွေး ကြမည်ဖြစ်ကြောင်း၊ ဤမူကြမ်းကို ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်း ရှင်းလင်း တင်ပြခဲ့ပါကြောင်း။
ကော်မတီအဖွဲ့ဝင်အချို့ကို ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံအစိုးရ ပင်စင်ရန်ပုံငွေစနစ်(Government Pension Fund-GPF)ကိုလည်း သွားရောက်လေ့လာစေခဲ့ ကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဝန်ထမ်းများအငြိမ်းစားယူသည့် အခါ သို့မဟုတ် နုတ်ထွက်သည့်အခါ စုဆောင်းငွေတစ်ရပ် ရရှိရန် General Provident Fund (GPF)ထူထောင်ရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းချက် အပေါ်တွင်လည်း အစီအစဉ်ရှိသည်ဟု ဖြေကြားခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်မှု ဆိုင်ရာ ကြိုတင်ဆောင်ရွက်ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဝန်ထမ်း နောင်ရေးဗဟိုရန်ပုံငွေဥပဒေ(ဒုတိယမူကြမ်း) ရေးဆွဲပြီးစီးမှု အခြေအနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီဇိုင်းပုံစံတို့အား ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်း အဝေးသို့ တက်ရောက်လာကြသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ကော်မတီ ဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်