
ရန်ကုန် မတ် ၅
မြန်မာကလပ်များသည် ၂၀၂၂ AFC Cup ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သဖြင့် အာရှဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဇုန်အုပ်စုများ အပြောင်းအလဲ ပြုလုပ်ခဲ့ရသည်။
မြန်မာကလပ်များသည် အာရှအဆင့် ကလပ်ပြိုင်ပွဲများမှ နှစ်နှစ် ဆက်တိုက် နုတ်ထွက်ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း အုပ်စုများမဲခွဲပြီးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၊ AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနှစ်သင်းသည် ၂၀၂၁ ခုနှစ်တွင်လည်း အာရှအဆင့်ပြိုင်ပွဲ များမှ နုတ်ထွက်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်များ နုတ်ထွက်မှုကြောင့် အာဆီယံဇုန်အုပ်စုများကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ခြေစစ်ပွဲ ကစားရမည့် လာအိုနှင့် ကမ္ဘောဒီးယားကလပ်များကို အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက အုပ်စုများ အတည်ပြုထုတ်ပြန်ခဲ့ရာ အာဆီယံဇုန် အုပ်စု ( G) တွင် ကာယာ(ဖိလစ်ပိုင်)၊ ဘာလီယူနိုက် တက် (အင်ဒိုနီးရှား)၊ ကီဒက်ရှ် (မလေးရှား)၊ ဗစ်ဆာခါ (ကမ္ဘောဒီးယား)၊ အုပ်စု(H)တွင် ကွာလာလမ်ပူ (မလေးရှား)၊ မာကာဆာ (အင်ဒိုနီးရှား)၊ အုပ်စု (I) တွင် ဗီတယ် (ဗီယက်နမ်)၊ ဟောင်အန် (စင်ကာပူ)၊ ဖနွမ်းပင်ခရောင်း (ကမ္ဘောဒီးယား)နှင့် Young Elephants (လာအို) တို့ ပါဝင်နေသည်။
ရဲရင့်လွင်