နည်းပြသစ်ပြောင်းလဲသော်လည်း ရှုံးပွဲဆက်ခဲ့သည့် လိဒ်စ်

ပရီမီယာလိဂ်ပွဲစဉ် (၂၈) မှ အစောဆုံးပွဲစဉ်ဖြစ်သည့် လက်စတာအသင်း နှင့် လိဒ်စ်အသင်းတို့ပွဲစဉ်ကို မတ် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လက်စတာအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လက်စတာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဘားနက်စ်က သွင်းယူပေးခဲ့သည်။ လိဒ်စ်အသင်းအနေဖြင့် အသင်းရလဒ်များဆိုးရွားလာမှုကြောင့် ဘီယဲလ်ဆာကို နည်းပြအဖြစ်မှ ထုတ်ပယ်ကာ ဂျက်ဆီမာ့ချ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် အသင်း၏ ကစားဟန်ကို ပြုပြင်ပြောင်းလဲကာ ရလဒ်ကောင်းရရှိရန် အားစိုက်ကစားလာခဲ့သည်။ လိဒ်စ်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှုအရ ရမှတ် လိုအပ်ချက်ရှိနေသည့်အတွက် ယခုပွဲစဉ်တွင် ဂျိမ်းစ်ကို အားပြုကာ အဓိက ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ လက်စတာအသင်း ကလည်း အမှတ်ပေးဇယားအထက်ပိုင်း တက်လှမ်းနိုင်ရန်အတွက် အားထားရသည့် ကစားသမားအများစုဖြင့် ပွဲထွက်လာခဲ့သည်။ လိဒ်စ် အသင်းသည် လက်စတာအသင်းဘက်သို့ ပွဲချိန်တစ်လျှောက် ဂိုးကန်သွင်းမှု အသာ၊ ကစားကွက်အသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သော် လည်း အသင်းတိုက်စစ်ကစားသမားများ အဆုံးသတ်မသေချာမှုကြောင့် သွင်းဂိုးများနှင့် ဝေးကွာခဲ့ရကာ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ လက်စတာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဘားနက်စ်က သွင်းယူပေးခဲ့သည်။ လက်စတာအသင်းသည် ယခုအနိုင်ပွဲကြောင့် ၂၅ ပွဲကစားပြီး ရမှတ် ၃၃ မှတ် ရရှိထားပြီး လိဒ်စ်အသင်းက ယခုပွဲရှုံးနိမ့်မှုကြောင့် ၂၇ ပွဲကစားပြီး ၂၃ မှတ်သာ ရရှိထားသည်။ အောင်ဇော်