
ရန်ကုန် အောက်တိုဘာ ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်အရ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ဒုတိယအခေါက် ခရီးစဉ်ကို သူရိယစန္ဒာဝင်းကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ် (၃) ဆိပ်ခံတံတားမှ ထွက်ခွာသည်။
အဆိုပါခရီးစဉ်တွင် ရေယာဉ်ဝန်ထမ်း ၁၂ ဦးအပါအဝင် ဒေသခံခရီးသည် ၁၁ ဦး၊ YESC ဝန်ထမ်းခုနစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ သုံးဦး၊ ကျန်းမာရေးဝန်ထမ်း လေးဦး၊ တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခုနစ်ဦး၊ ရဲတပ်ဖွဲ့မှ ခုနစ်ဦး၊ ACKM ဆိုလာ ကုမ္ပဏီမှ ၁၆ ဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သုံးဦး လိုက်ပါခဲ့ကြသည်။
ခရီးစဉ်တွင် လိုက်ပါမည့်သူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်၍ ၁၄ ရက် Quarantine ဝင်ရောက်ခဲ့သောသူများ ဖြစ်သည်။
ထို့အတူ သင်္ဘောပေါ်၌ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ အပါ အဝင် စုစုပေါင်း တန် ၂၂၀ ခန့် တင်ဆောင်သွားကြောင်း သိရသည်။
အဆိုပါရေယာဉ်ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ကြောင်း သိရသည်။ သတင်းစဉ်