မြေယာရှုခင်းအမြင် ကျယ်ပြန့်စေချင်

Type
၁၁၁၁၁၁၁၁၁၁၁


 

မင်းဇာနည်အောင် (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)

 

မြေယာရှုခင်းဆိုသည်မှာ
မြေယာရှုခင်း(Landscape)ဆိုတာ သဘာဝကို အခြေ ပြုတဲ့၊ လူသားတွေနဲ့ ဆက်စပ်နေတဲ့ ဝေါဟာရတစ်ခုပါ။ ဒီဝေါဟာရကို ကမ္ဘာကျော် အင်္ဂလိပ်အဘိဓာန်ကြီးများဖြစ် တဲ့ မာရီယမ်ဝဘ်စတား၊ ကိမ်းဘရစ်နဲ့ အောက်စဖို့ဒ်တို့က “မြေပြင် ပေါ်မှာရှိတဲ့ ရေမြေတောတောင်စတဲ့ သဘာဝ သွင်ပြင်လက္ခဏာကို ဖြစ်စေ၊ ကျေးလက်ဒေသရှုခင်းကို ဖြစ်စေ၊ တစ်နေရာကနေ တစ်ချိန်ချိန်မှာ မြင်တွေ့လိုက် ရတဲ့မြင်ကွင်း (သို့မဟုတ်) အဲဒီမြင်ကွင်းကို ပုံဖော်ရေးဆွဲ ထားတဲ့ ရှုခင်းရုပ်ပုံ” ဖြစ်တယ်ဆိုပြီး အဓိပ္ပာယ်ဖွင့်ကြ ပါတယ်။‌ ယေဘုယျအားဖြင့်တော့ လူသားတွေရဲ့ မျက်စိနဲ့ မြင်ရတဲ့ မြေပြင်ပေါ်က သဘာဝမြင်ကွင်းဖြစ်စေ၊ လူတွေ ပြုလုပ်ဖန်တီးလို့ဖြစ်လာတဲ့ စိုက်ပျိုးခင်း၊ လမ်း၊ အိုးအိမ် အဆောက်အအုံ၊ အလှစိုက်သစ်ပင်ပန်းမန်တွေ စုဖွဲ့ထားတဲ့ မြင်ကွင်းဖြစ်စေ ဒါတွေဟာ မြေယာရှုခင်းပဲ ဖြစ်တယ်။
မြေယာရှုခင်းတစ်ခုရဲ့ ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံ (သို့မဟုတ်) လုပ်ဆောင်ပုံနဲ့ အတိုင်းအတာ အရွယ်အစား ကလည်း ဘယ်လိုမြေယာရှုခင်း ဖြစ်တယ်ဆိုတာ ထပ်ဆင့် ဖော်ညွှန်းပါတယ်။ သာမန်အားဖြင့် နေအိမ်ခြံ ဝင်း၊ ပန်းခြံ၊ ကစားကွင်း၊ လမ်းဘေးဝဲယာ၊ လမ်းလယ် ကျွန်းစတာတွေကို သစ်ပင်ပန်းမန်တွေ၊ ရုပ်တုတွေ၊ ထိုင်ခုံတွေ၊ ကျောက်တုံးတွေ၊ တံတားတွေနဲ့ အလှဆင် တာဟာ သဘာဝကိုတုပပြီး လူတွေရဲ့ စိတ်ကူးနဲ့ဖန်တီးတဲ့ ဥယျာဉ်လုပ်ငန်းတစ်မျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ထား ပြီး အသုံးပြုမှုတစ်ခုခုအတွက် မြေပြင် ရဲ့ ပကတိအနေ အထားကို ပုံစံပြောင်းလိုက်ရာကနေ အပြီးသတ်မှာမြင်ရတဲ့ မျက်စိပသာဒဖြစ်ဖွယ် မြင်ကွင်း (Scenery)မို့လို့ မြေယာ ရှုခင်းပြုလုပ်ခြင်း (သို့မဟုတ်) မြေယာရှုခင်း အလှဆင် ခြင်းလို့ ပြောလို့ရပါတယ်။
ဒီထက် ကျယ်ပြန့်တဲ့ သဘာဝအတိုင်းရှိနေတဲ့ တော တောင်၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေနဲ့ ဆက်စပ်ပြီး ဖြစ်တည်လာတဲ့ လူနေရပ်ဝန်း၊ စိုက်ပျိုးခင်း၊ ဘာသာရေး အဆောက်အအုံအစုအဖွဲ့ စတာတွေပါတဲ့ မြင်ကွင်းဟာ လည်း လူသားတွေ ပါဝင်ပတ်သက်တဲ့ မြေယာရှုခင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ညွှန်းပါတယ်။ လူတွေ အရောက် အပေါက်မရှိ ၊ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ မြေယာ ရှုခင်းတွေကိုလည်း ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံအတော် များများမှာ မြင်တွေ့နိုင်ပါသေးတယ်။
မြေယာရှုခင်းသည် သက်ရှိတို့ မှီတည်ရာ
ကမ္ဘာကြီးကို ပြန်သုံးသပ်ကြည့်ရင် သက်တမ်း နှစ်သန်းပေါင်း ၄၆၀၀ ရှိလာပြီဖြစ်တယ်။ ကမ္ဘာဦးအစ ဟေဒီယန်ကာလ(Hadean Eon)(နှစ်သန်း ၄၆၀၀ မှ ၄၀၀၀ အတွင်း)မှာ ကမ္ဘာ့မြေပြင် ဖြစ်ပေါ်တာ၊ လေထုဖွဲ့စည်းမှုနဲ့ ပင်လယ်သမုဒ္ဒရာရေပြင် ဖြစ်ပေါ်တာတွေ ရှိခဲ့တယ်။ နောက်ဆက်တွဲကာလတွေမှာ ရေခဲပြင်နဲ့ ရေဖုံးလွှမ်းတာ၊ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ ကျောက်ဖျာ တွေ ပြတ်ရွေ့လှုပ်ရှားတာ စတဲ့ သဘာဝဖြစ်စဉ်တွေ ကြောင့် ကမ္ဘာရဲ့ ဘူမိအခြေအနေနဲ့ ပထဝီအနေအထားဟာ များစွာ ပြောင်းလဲ ဖြစ်ပေါ်လာခဲ့တယ်။ ဒီပြောင်းလဲမှု တွေကြောင့်ပဲ ကမ္ဘာပေါ်မှာ သက်ရှိတွေ နေထိုင်နိုင်ဖို့ အဖိုးဖြတ်မရနိုင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ဆိုတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ သစ်တောကြီးတွေ၊ တောင်တန်းတွေ၊ မြေပြန့်လွင်ပြင်တွေ၊ မြစ်၊ ချောင်း၊ အင်းအိုင်တွေ၊ ပင်လယ်သမုဒ္ဒရာတွေ ဟာ သက်ရှိတွေ မှီတင်းနေထိုင်ရတဲ့ သဘာဝပတ်ဝန်းကျင်အခင်းအကျင်း တွေပဲ ဖြစ်လာတယ်။ ပထဝီအနေ အထားကိုလိုက်ပြီး ကမ္ဘာ့ရာသီဥတု မတူညီတာကလည်း မြေယာရှုခင်း ဖွဲ့စည်းပုံတွေ ကွာခြားသွားပါတယ်။ မြန်မာနိုင်ငံလို မုတ်သုံရာသီလွှမ်းမိုးတဲ့ ဒေသတွေမှာ စွတ်စိုတဲ့ မုတ်သုံ သစ်တောမြေယာရှုခင်း ရှိပါတယ်။ ဆီးနှင်းကျတဲ့ အအေးပိုင်း ဒေသတွေမှာ ထင်းရှူးလို သစ်တောရှိတဲ့ မြေယာရှုခင်းတွေ တွေ့နိုင်တယ်။ ကုန်းတွင်းကျပြီး ခြောက်သွေ့တဲ့ ဒေသတွေမှာတော့ သစ်ပင်ကျဲပါးမြေယာ ရှုခင်းနဲ့ သဲကန္တာရ မြေယာရှုခင်းတွေ ရှိပြန်ပါတယ်။
ဒီသဘာဝအခင်းအကျင်းတွေကို အမှီပြုပြီးတော့ လူအပါအဝင် သက်ရှိမျိုးစိတ်တွေဟာ ကမ္ဘာ့နေရာဒေသ အသီးသီးမှာ နေထိုင်ကျက်စားကြတယ်။ ဒီထဲမှာ လူသား သက်ရှိတွေက သဘာဝမြေယာရှုခင်းတွေကို ပုံစံ ပြောင်းလဲစေတဲ့နေရာမှာ စွမ်းဆောင်ရည်အမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ နေထိုင်ဖို့၊ စိုက်ပျိုးထုတ်လုပ်ဖို့၊ သတ္တုနဲ့ တွင်းထွက်သယံဇာတတွေ တူးဖော်ဖို့၊ ကူးသန်းသွားလာဖို့၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ဖို့၊ အပန်းဖြေအနားယူဖို့ စတဲ့ လူသားတွေရဲ့ အရေးကိစ္စတွေ အဆင်ပြေ ချောင်လည် စေဖို့ သဘာဝအခင်းအကျင်းတွေကို လိုသလို ပုံစံ ပြောင်းလဲကြရပါတယ်။ ပြောင်းလဲမှု အလွန်အကျွံဖြစ်ပြီး သက်ရှိအားလုံး မှီခိုနေရတဲ့ ဂေဟစနစ် မဆုတ်ယုတ် မပျက်စီးအောင်၊ နောင်မျိုးဆက်တွေအတွက် ရေရှည် ဆက်လက်တည်တံ့အောင် ဝိုင်းဝန်းဆောင်ရွက်ရမယ့် အရေးကိစ္စဟာ ဒီနေ့ကာလရဲ့ လူသားတာဝန် ဖြစ်လာပါ တယ်။
မြေယာရှုခင်းပြောင်းလဲခြင်း
အင်္ဂလန်နိုင်ငံ ဘရစ်စတိုးတက္ကသိုလ်က ပညာရှင် တွေဟာ ဟေဒီယန်ကာလကတည်းက ဗက်တီးရီးယားလို သက်ရှိမျိုးစိတ်တွေ ကမ္ဘာပေါ်မှာ စတင်နေထိုင်ကြပြီလို့ ၂၀၁၈ ခုနှစ်မှာ ဖော်ထုတ်ခဲ့တယ်။ သက်ရှိတိုင်းဟာ သူတို့ နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို အမှီသဟဲပြုကြရ တယ်။ စားသောက်စရာနဲ့ အခြားအရင်းအမြစ်တွေလည်း ရနိုင်မယ့် ပတ်ဝန်းကျင်မှာ သက်ရှိတွေ အဓိက နေထိုင်ကြ တယ်။ သက်ရှိမျိုးစိတ်ကိုလိုက်ပြီး နေထိုင်တဲ့ ပတ်ဝန်းကျင် တွေကတော့ ကွာခြားကြပါတယ်။ သားရဲတိရစ္ဆာန်တွေ၊ ကျေးငှက်တွေက သစ်တောကြီးတွေကို အမှီပြုကြရသလို ရေနေသတ္တဝါတွေက ရေထုမှာ အသက်ရှင်ကြရတယ်။
လွန်ခဲ့တဲ့နှစ် ၂ ဒသမ ၆ သန်းမှာ လူသားမျိုးနွယ် (Homo habilis)ကမ္ဘာမြေပြင်မှာ စတင်ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၁ ဒသမ ၈ သန်းလောက်မှာ မတ်ရပ်လူ(Homo erectus)အဖြစ် ပြောင်းလဲတိုးတက်လာတယ်။ သူတို့ကို ကျောက်ခေတ်ဦး(Paleolithic Era)လူသားတွေလို့ပဲ အမည် တပ်ခဲ့ကြတယ်။ အဲဒီလူသားတွေဟာ အုပ်စုငယ်တွေဖွဲ့ပြီး လှည့်လည်နေထိုင်တာ၊ ဂူအောင်းနေထိုင်တာတွေ ရှိကြ တယ်။ သူတို့တွေဟာ ကျောက်ကြမ်း လက်နက်ကိရိယာ တွေကို အသုံးပြုကြတယ်။ စားစရာကို ရှာဖွေဖမ်းဆီး စားသောက်ကြတယ်။ သားကောင်တွေအပြင် အသီးအနှံနဲ့ သစ်ဥသစ်ဖုတွေကိုလည်း စားသောက်ကြတယ်။ နှစ်တစ်သောင်းလောက်မှာတော့ ကျောက်ခေတ်သစ်ကို ကူးပြောင်းလာတယ်။ အဲဒီကာလမှာ လူသားတွေဟာ ရွာတည်ပြီး နေရာအတည်တကျ နေထိုင်လာကြတယ်။ သီးနှံတွေကို အသင့်ခူးဆွတ်စားသုံးရာကနေ သိုလှောင် သိမ်းဆည်းတတ်တဲ့ အလေ့အထရှိလာတယ်။ တစ်နေရာက ယူလာတဲ့ သီးနှံမျိုးစေ့တွေဟာ နေထိုင်ရာ အနီးဝန်းကျင်မှာ အလေ့ကျပေါက်ပြီး သီးနှံတွေ ပြန်ဖြစ်ထွန်းလာတာကို သတိထားမိကြတော့ စိုက်ပျိုးရေးလုပ်ငန်းကို ကျောက် ခေတ်သစ် အစဦးမှာပဲ စတင် လုပ်ကိုင်တတ်လာကြတယ်။
ထွန်ယက်စိုက်ပျိုးဖို့အတွက် ကျောက်ချောကိရိယာ တွေ ပြင်ဆင်အသုံးပြုလာလို့ သူတို့ကို ကျောက်ချောခေတ် (သို့မဟုတ်) ကျောက်ခေတ်သစ် လူသားတွေလို့ ခေါ်လို့ရပါ တယ်။ ကျောက်ခေတ်သစ်ဟာ လူသားတွေရဲ့ အိုးအိမ် တည်ထောင်ပြီးအသက်မွေးတဲ့ ယဉ်ကျေးမှု(Civilization)နဲ့ စားသုံးသီးနှံတွေကို လူက ပြုစုစိုက်ပျိုးတဲ့(Domesti-cation) အခြေတည်တယ်လို့ ပြောလို့ရပါတယ်။
ထိုင်းနိုင်ငံအတွင်းက လွန်ခဲ့တဲ့ နှစ် ၁၁၀၀၀ လောက်က ရှိခဲ့တဲ့ လူနေရပ်ဝန်းတစ်ခုမှာ အခွံမာသီး၊ တောင်ကြီး ပဲ(Broad bean)၊ ပဲရာဇာနဲ့ ဖရုံမျိုးနွယ်တွေ ရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသီတွေက တွေ့ရှိထားတယ်။ ဒီထက် ပိုရှေးကျတဲ့အချိန်မှာ ပိန်းဥနဲ့ မျောက်ဥလို စားစရာတွေကို လူသားတွေက ရှာဖွေစားသောက်ခဲ့ကြပါလိမ့်မယ်။ စပါး စိုက်ပျိုးတာကိုတော့ လွန်ခဲ့တဲ့ နှစ် ၇၀၀၀ လောက်ကမှ စတင်ခဲ့မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအချိန်မှာ ကျွဲ၊ နွား မွေးမြူတာကလည်း ထွန်ယက်စိုက်ပျိုးတဲ့လုပ်ငန်းတွေ အတွက် တွဲဖက်ရှိနေပြီလို့ ပြောလို့ရပါတယ်။
ခေတ်သစ်စိုက်ပျိုးရေးနဲ့ မြေယာရှုခင်း
နေထိုင်မှုပုံစံ ပြောင်းလဲလာပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်လာမှုတွေက အရင်ရှိခဲ့တဲ့ ပတ်ဝန်းကျင်ကို သိသိ သာသာ ပြောင်းလဲလာစေခဲ့တယ်။ ကျောက်ခေတ်သစ်ရဲ့ စိုက်ပျိုးနည်းစနစ်ဟာ ရွှေ့ပြောင်းတောင်ယာစိုက်ခြင်းနဲ့ ဆင်တူတယ်။ စိုက်ပျိုးဖို့အတွက် နေရာတစ်ခုကို တစ်နှစ် ကနေ သုံးနှစ်အထိ အများဆုံး အသုံးပြုပြီးတဲ့နောက် ၁၅ နှစ်ကနေ နှစ် ၂၀ အထိ မြေလှပ်ထားတတ်တယ်။ စိုက်ခင်း တွေလုပ်ဖို့ ရှိပြီးသားသစ်ပင်တွေကို ခုတ်လှဲတာ၊ မီးရှို့တာ တွေက သဘာဝရဲ့ဂေဟစနစ်ကို ဖျက်ဆီးရာရောက်တယ် လို့ ဒီနေ့ခေတ်မှာ လက်ခံထားကြတယ်။ လူဦးရေ တိုးပွား လာတာ၊ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုလိုအပ်လာတာ၊ နေရာ ပြောင်းရွှေ့စိုက်တဲ့အကြိမ်ရေ များပြားလာတာက သဘာဝ မြေယာရှုခင်းကို ကြိမ်ဖန်များစွာ ပြောင်းလဲစေခဲ့တယ်။
စားနပ်ရိက္ခာ ပိုမိုလိုအပ်လာတဲ့နောက်မှာ ရေသွင်း စိုက်ပျိုးတဲ့စနစ်နဲ့ စိုက်ခင်းတွေဟာ ပိုမို ကျယ်ပြန့်လာခဲ့ တယ်။ ဒီဘက်ခေတ်ကိုရောက်လာတော့ လိုအပ်ချက်အရ သီးနှံတွေ အထွက်နှုန်းမြင့်အောင် မြေဩဇာအသုံးပြုတဲ့ စနစ်၊ ပိုးမွှားရောဂါကာကွယ်တဲ့စနစ် စတာတွေ တီထွင် ဖန်တီးပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးအောင် ဆောင်ရွက်ခဲ့ကြ တယ်။ တစ်နည်းဆိုရင်တော့ စိုက်ခင်းတွေ ကျယ်ပြောလာ လေလေ၊ သဘာဝမြေယာရှုခင်း လျော့ပါးလာလေလေ ဖြစ်တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်က ကြည့် ရင်တော့ စိုက်ပျိုးရေးလုပ်ငန်းဟာ သဘာဝဂေဟစနစ်ကို ထိခိုက်မှုများစေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် တိုးလာတဲ့လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံမှုရှိအောင် စိုက်ပျိုးထုတ်လုပ်ဖို့ကလည်း ဦးစားပေးရမယ့် ကမ္ဘာလုံး ဆိုင်ရာ အရေးဖြစ်တယ်။ ဒီနေရာမှာ ဂေဟစနစ်ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ခင်းတွေ ဖော်ဆောင်ရေးဟာ ရေရှည်အတွက် ပြင်ဆင်ရမယ့် လုပ်ငန်းစဉ် ဖြစ်လာတယ်။ ဥပမာ-စိုက်ပျိုးပင်တွေ ချည်းမဟုတ်ဘဲ စိုက်ခင်းဝန်းကျင်ကရှိပြီးသား သစ်ပင် မျိုးစိတ်တွေကို မခုတ်လှဲဘဲ စိုက်ခင်းလည်းမထိခိုက်အောင် တစ်အုပ်တစ်မ ထိန်းထားနိုင်ရင် စိုက်ခင်းတွေအတွက် မြေအောက်ရေရရှိ တာ၊ လေကာပင်အဖြစ် အထောက်အကူ ရနိုင်တာ၊ သီးနှံတွေ ဖြစ်ထွန်းအောင် ဝတ်မှုန်ကူးပေးမယ့် ပျား၊ ပိတုန်းတွေ နေထိုင်နိုင်တာ။ သီးနှံဖျက်ပိုးတွေကို ဖမ်းဆီးစားသောက်မယ့် ငှက်နဲ့ ပုစဉ်းလို သက်ရှိတွေ ခိုအောင်းနေထိုင်နိုင်တာ စတာတွေက ဂေဟစနစ်ကို အထောက်အကူပြုပါတယ်။ စိုက်ခင်းတွေ တစ်မျှော် တစ်ခေါ်ရှိနေတဲ့ ရှုခင်းနဲ့တွဲဖက်ပြီး သဘာဝအစိတ်အပိုင်း တွေလည်းပါလေတော့ စိုက်ပျိုးရေးမြေယာရှုခင်းဟာ ဒီနေ့အချိန်အခါမှာ အရေးပါလာပြန်တယ်။
လူနေမှုစနစ် ဖွံ့ဖြိုးလာတာ၊ စီးပွားရေးနဲ့ နည်းပညာ တိုးတက်လာတာတွေက နေထိုင်မှုပုံစံကို တစ်ကမ္ဘာလုံး မှာ တစ်စတစ်စ ပြောင်းလဲလာစေတယ်။ ဒီနေ့ခေတ်မှာ မြင်တွေ့နေရတဲ့ လူနေပတ်ဝန်းကျင်ဟာ လွန်ခဲ့တဲ့ နှစ်သန်းနဲ့ချီပြီးရှိခဲ့တဲ့ လူသားတွေရဲ့ အသိဉာဏ်၊ တီထွင်ဆန်း သစ်မှု၊ ဘာသာစကား ထွန်းကားလာမှု၊ ကူးလူးဆက်ဆံမှုစတာတွေကို အရင်းခံပြီး ယဉ်ကျေးမှု ဖြစ်စဉ်အနေနဲ့ ရှင်သန်လာခဲ့တယ်။ လူဦးရေတိုးပွားမှု ဟာလည်း အခြားတိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ရပ်တစ်ခုပါပဲ။
ဒါကြောင့် နေထိုင်ဖို့ အိမ်ရာတွေ၊ အခြား အထောက်အကူပြု အခြေခံအဆောက်အဦတွေနဲ့ လူနေ မြို့ရွာတွေ တည်ထောင်မှုက မြို့ပြလူနေမှုစနစ် (Urbanization)ကို အားကောင်းလာစေခဲ့တယ်။ လူနေရပ်ဝန်းတွေ တည်ထောင်ကြတာကလည်း စိုက်ပျိုးရေး လုပ်ငန်းတွေနည်းတူ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အကြီးအကျယ်ထိခိုက်ပြီး သဘာဝ မြေယာရှုခင်းတွေ လျော့ပါးလာရပြန်တယ်။ တစ်ဖက်မှာ တော့ လူတွေက သဘာဝနဲ့ဝေးကွာပြီး ရေရှည်မနေနိုင် ကြ တဲ့အတွက် သဘာဝနဲ့နီးစပ်တဲ့ အခင်းအကျင်းကို လူနေဝန်းကျင်မှာ ဖန်တီးပြုလုပ်လာကြတယ်။
မြေယာရှုခင်းပြုလုပ်ခြင်း အတတ်ပညာ
ပန်းမန်တွေ၊ အရိပ်ရပင်တွေ စိုက်ပျိုးသလို ရေတံခွန်၊ စမ်းချောင်း၊ ရေအိုင်စတဲ့ သဘာဝမှာ တွေ့ နိုင်တဲ့ မြေယာရှုခင်း အစိတ်အပိုင်းတွေကို စိတ်ကူးနဲ့ မြေပြင်မှာ ပြုလုပ်ဖော်ဆောင်ကြတယ်။ လူတွေရဲ့ စိတ်ကူးစိတ်သန်း၊ နည်းစနစ်နဲ့ ရနိုင်တဲ့အရင်းအမြစ်တွေ ပေါင်းစပ်ပြီးတော့ မြေပြင်အခြေ အနေကို ပြောင်းလဲ ဖန်တီးယူတာမို့ မြေယာ ရှုခင်း ပြုလုပ်ခြင်း အတတ် ပညာဟာ ဒီနေ့ မြန်မာမှာရော၊ အခြား ကမ္ဘာ့နိုင်ငံ များစွာက လူနေထူထပ်တဲ့ မြို့ပြစနစ် တွေမှာ လိုအပ်လာ တယ်။ အဓိကကတော့ သက်ရှိတွေနဲ့ သူတို့ရဲ့ ဂေဟ ဝန်းကျင်ဆက်စပ်မှုမလျော့ပါးသွား အောင်၊ သဘာဝရဲ့ ဖြစ်တည်မှုနဲ့ ဝေးကွာမသွားအောင် ဥယျာဉ်စိုက်ခြင်း အတတ်ပညာနဲ့ ကြားခံပေးလိုက်တဲ့ သဘောပါ။ ဒါက မြို့ပြမြေယာရှုခင်းဖြစ်ပြီး မြေယာရှုခင်းသဘောတရားရဲ့ ကဏ္ဍတစ်ခုမျှသာပါပဲ။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးက ကျေးလက် ဒေသ အတော်များများမှာတော့ သဘာဝနဲ့ နီးစပ်တဲ့ မြေယာရှုခင်းတွေ ကျန်ရှိနေဆဲပါ။ ကျေးလက်တွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ အခြေတည်ရာ ဝန်းကျင်တွေ ဖြစ်တာမို့ စိုက်ပျိုးရေး မြေယာရှုခင်းက ကျေးလက်နေ ပြည်သူတွေအတွက် မဆန်းသလိုပါပဲ။ ဒါပေမယ့် မြို့ပြ စနစ်အားကောင်းပြီး လူဦးရေထူထပ်တဲ့အရပ်က ပြည်သူ တွေအတွက် စိုက်ခင်းတွေ ဝန်းရံနေတဲ့ ကျေးလက်ရှုခင်း ဟာ မိန်းမောစရာပါ။ တကူးတကမသွားနိုင်တဲ့ မြို့ပြက လူတွေအတွက် ဒီနေ့ခေတ်ရဲ့ မြို့ပြတည်ဆောက်မှုမှာ လမ်းဘေးအရိပ်ရပင်တွေ ထည့်စိုက်တာ၊ လူသွား လျှောက်လမ်းတွေ ပြုလုပ်လာတာ၊ ပန်းခြံနဲ့ ကစားကွင်း တွေ ထည့်သွင်းတည်ဆောက်လာတာ၊ ရေကန်နဲ့ အပန်း ဖြေနေရာတွေကို ထိန်းသိမ်းတာစတဲ့ ဥယျာဉ်လုပ်ငန်းရပ် တွေဟာ အားပေးရမယ့် အရာတွေပါပဲ။
စာမျက်နှာ ၂၀ မှ
ရုပ်ဝတ္ထုအမြင်ကနေ စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သက်မှုအဖြစ် တစ်ပါတည်း ဖြည့် ဆည်းပေးလိုက်တာက ဥယျာဉ်လုပ်ငန်း၊ တစ်နည်းပြောရင် မြေယာအလှဆင်ခြင်းရဲ့ အနှစ်သာရပါပဲ။ အလှအပအတွက်သာမက အထက်မှာဖော်ပြခဲ့တဲ့ မြေယာရှုခင်းဂေဟ ဗေဒသဘောတရားတွေပါ ထည့်သွင်း စဉ်းစားဖန်တီးမယ်ဆိုရင် မြို့ပြတွေရဲ့ မြေယာရှုခင်းဟာ နောင်မျိုးဆက်တွေအတွက် ရေရှည်ရည်ရွယ်ပြီး ဖြစ်ပါမယ်။ မျိုးဆက်သစ် ကလေးငယ်တွေအတွက် သဘာဝဖြစ်စဉ် တွေကို စာသင်ခန်းပြင်ပမှာ သင်ယူရာ ပတ်ဝန်းကျင်ကောင်းအဖြစ်လည်း လက်တွဲ ခေါ်ဆောင် နိုင်ပါတယ်။ မြို့ပြစီမံကိန်းတွေမှာ လူမှုစီးပွားသာမက ဂေဟဝန်းကျင်ကိုပါ စနစ်တကျရေးဆွဲခြင်းက နေထိုင်တဲ့ အများပြည်သူတွေအတွက် သက်ရှည် ကျန်းမာတဲ့ ဝန်းကျင်အဖြစ် မြို့ပြမြေယာ ရှုခင်းတွေက ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါ တယ်။
သဘာဝကပေးတဲ့အမွေ
အချုပ်အနေနဲ့ သဘာဝကပေးတဲ့ မြေယာရှုခင်း အမွေအနှစ်တွေကို ကမ္ဘာပေါ် က လူသားတွေက ရည်ရွယ်ချက် တစ်ခုခု၊ အသုံးချမှု တစ်ခုခုအတွက် ပြုပြင်ပြောင်းလဲ ကြတယ်။ မြေယာရှုခင်းတစ်ခုရဲ့ ဖွဲ့စည်းမှုနဲ့ အသုံးချနိုင်မှုအပေါ် မူတည်ပြီး အခေါ် အဝေါ်၊ အယူအဆတွေ ကွဲပြားကြတယ်။ ဒါပေမယ့် အသုံးချမှုလွန်ကဲပြီး အဖိုးမဖြတ်နိုင်တဲ့ သဘာဝအရင်းအမြစ်တွေ ကုန်ဆုံးသွားမယ့် တစ်နေ့၊ လူအပါအဝင် သက်ရှိတွေ မှီခိုစရာ ဝန်းကျင် ကင်းမဲ့သွားမယ့် တစ်နေ့ ကို ဘယ်လိုပယောဂမျိုးနဲ့မှ အမြန်ရောက် မလာဖို့ အရေးအတွက်တော့ အားလုံးက အမြင်ကျယ်ကျယ်နဲ့ ဝိုင်းဝန်းကြရုံသာ။ ။