
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော်ဟာ စီမံခန့်ခွဲမှုပညာကို လေ့လာဆည်းပူးရင်း ခေါင်းဆောင်မှုပညာနဲ့ ရင်းနှီးထိတွေ့ခွင့် ရခဲ့ပါတယ်။ ခေါင်းဆောင်မှုပုံစံအမျိုးမျိုးကိုလည်း သိခွင့်ရခဲ့ပါတယ်။ ငယ်ငယ်က ခေါင်းဆောင်မှုအကြောင်း သမိုင်းမှာသင်ခဲ့တယ်။ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတွေအကြောင်း ဖတ်ကြားခဲ့တယ်။ ဖခင်လုပ်သူ စုစည်းထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အကြောင်း သိခွင့်ရခဲ့တယ်။ ရဲစွမ်းသတ္တိရှိတဲ့သူတွေ၊ အနစ်နာခံတဲ့သူတွေ တစ်ခေတ်မှာ တစ်ယောက်တည်း ပေါ်လာပုံတွေကိုလည်း သိခွင့်ရခဲ့ပါတယ်။ ပုံရိပ်က မြင်းဖြူကြီးကို စီးနင်းပြီး ဓားကြီးကိုကိုင်ဆွဲထားတဲ့ခေါင်းဆောင်၊ အခက်အခဲ အကျပ်အတည်းတွေကြားက ထူးချွန်တဲ့ခေါင်းဆောင်၊ အခြေအနေတစ်ခုမှာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ခေါင်းဆောင်၊ ပုဂံခေတ်က အနော်ရထာ၊ ကျန်စစ်သား၊ တောင်ငူခေတ်က ဘုရင့်နောင်၊ ကုန်းဘောင်ခေတ်က ဦးအောင်ဇေယျ၊ လွတ်လပ်ရေးရအောင် ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ကျွန်တော် အထက်တန်းကျောင်းမှာ သင်ခဲ့ရတဲ့ ဝန်ကြီးချုပ် ဦးနု ရေးသားခဲ့တဲ့ အာဇာနည်ဆိုတာဘာလဲဆိုတဲ့ စာအုပ်ကိုလည်း အမှတ်ရ နေမိတယ်။ ဗလရဲထင်အကြောင်းလည်း သိခွင့်ရခဲ့တယ်။
အမှန်တော့ ခေါင်းဆောင်မှုကို ထဲထဲဝင်ဝင် လေ့လာ ခွင့်ရခဲ့တာတော့ ၂၀၀၀ ပြည့်နှစ်က ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့မှာ တာဝန်ယူရင်း အသစ်ဖွင့်လှစ်တဲ့ ကုလသမဂ္ဂဝန်ထမ်းတက္ကသိုလ်မှာ သွားရောက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှာ ရှိတဲ့ အရာရှိကြီးများကို သင်ကြားခွင့်ရခဲ့ပါတယ်။ ဒီတက္ကသိုလ်က အီတလီနိုင်ငံ တူရင်းမြို့မှာ တည်ရှိ တယ်။ ကျွန်တော့်အနေနဲ့ တူရင်းမှာ အခြေစိုက်ပေမယ့် ကမ္ဘာအနှံ့နိုင်ငံအသီးသီးကို သွားရောက်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မှုပုံစံအမျိုးမျိုးကို သင်ကြား ပို့ချပေးခဲ့တယ်။ အခုလို အဆင့်မြင့်အရာရှိကြီးများကို သင်ကြားဖို့ ကိုယ်ကိုယ်တိုင်သိအောင်၊ နားလည်အောင် စာတွေဖတ်ရတယ်၊ လေ့လာရတယ်၊ သုတေသနတွေ လုပ်ခဲ့ရတယ်။
သင်ယူလို့ရတဲ့ ခေါင်းဆောင်မှုပညာ
သမားရိုးကျခေါင်းဆောင်မှုပုံစံက အထက်အောက် အမိန့်ပေးပြီး စီမံအုပ်ချုပ်တဲ့ပုံစံ၊ အဖွဲ့အစည်းတွေကို သရုပ်ဖော်တဲ့နေရာမှာ တြိဂံပုံစံကို သုံးလေ့ရှိပါတယ်။ ထိပ်မှာခေါင်းဆောင်တစ်ဦးရှိပြီး သူ့ရဲ့လက်အောက်မှာ အဆင့်ဆင့် တာဝန်ခံတဲ့သူတွေ၊ တာဝန်ယူတဲ့သူတွေ ရှိတယ်။ စီမံရာမှာလည်း လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းတွေကို အခြေပြုပြီး ဆောင်ရွက်တာဖြစ်တယ်။ ဒီခေါင်းဆောင်မှုပုံစံကို လူတိုင်းက ရင်းနှီးကြတယ်၊ သိကြတယ်၊ အတွေ့အကြုံရှိကြပါတယ်။ တစ်ခေတ် တစ်ချိန်က ဒီပုံစံဟာ အသုံးဝင်တယ်၊ အဆင်ပြေတယ်၊ ထိရောက်တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ လူ့အဖွဲ့ အစည်းနဲ့ အံဝင်မှုအားနည်းလာတာ တွေ့ရတယ်။ အမိန့် အာဏာအပေါ် အားကိုးနေရတာမို့ ခေတ်နဲ့မညီညွတ်တာ တွေ့ရပါတယ်။ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စောစော က ကျွန်တော်တင်ပြခဲ့တဲ့သမိုင်းရာဇဝင်တွေမှာ ထင်ရှား တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ မွေးရာပါထူးခြားတဲ့ အရည် အချင်းတွေ ပြည့်စုံတဲ့သူတွေ ဖြစ်ကြတယ်။ သာမန်လူ တွေ မဟုတ်ဘဲ ပါရမီရှင်တွေ ဖြစ်ကြတယ်။ ဒါပေမယ့် အခုလို မွေးရာပါအရည်အချင်းဖြစ်တယ်လို့ သတ်မှတ်တဲ့ အခါ ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ခက်ခဲမှာဖြစ်ပါ တယ်။ ဒါကြောင့်လည်း ခေါင်းဆောင်မှုကို သင်လို့ရ တယ်၊ ပြုစုလို့ရတယ်လို့ လက်ခံလာကြတယ်။ ဒီအယူအဆနဲ့ ခေါင်းဆောင်မှုသင်တန်းတွေ ပေးခဲ့တာ၊ ပေးနေတာ ဖြစ်ပါတယ်။
ခေါင်းဆောင်မှုကို စဉ်းစားရာမှာ ဆက်စပ်နေတဲ့နောက်လိုက်တွေအကြောင်း၊ သူတို့ရဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို ထည့်တွက်ဖို့ လိုအပ်သလို ခေါင်းဆောင်မှုပေးနေရတဲ့ အခြေအနေဟာလည်း အရေးကြီးလှပါတယ်။ အခုလို ကိုဗစ်- ၁၉ ကာလမှာ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် မှာ၊ မိမိရဲ့နောက်လိုက်တွေ ကျွမ်းကျင်လိမ္မာပါးနပ်ပြီး အရည်အချင်းတွေနဲ့ ပြည့်တဲ့အချိန်မှာ တိုင်တိုင်ပင်ပင်နဲ့ ဦးဆောင်သင့်တယ်။ မိမိရဲ့ နောက်လိုက်တွေဟာ အရည်အချင်း အားနည်းတဲ့အခါ ကိုယ်ကဦးစီးညွှန်ကြားဖို့ လိုအပ်တယ်။ အခြေအနေအပေါ် အခြေခံပြီး ဦးဆောင် နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။
အစေခံနှင့်တူသော ခေါင်းဆောင်
ကုလသမဂ္ဂ ဝန်ထမ်းတက္ကသိုလ်မှာ တာဝန်ယူစဉ် ထူးခြားတဲ့ခေါင်းဆောင်မှုပုံစံတစ်ခုကို လေ့လာခွင့်ရခဲ့တယ်။ ဒီပုံစံကို ကျွန်တော်က သိပ်နှစ်သက်တယ်၊ သဘောကျတယ်။ “အစေခံနဲ့ တူတဲ့ခေါင်းဆောင်”။ ရုတ်တရက်ဆို ဆန့်ကျင် ဘက်တွေ။သာမန်အားဖြင့် ခေါင်းဆောင်တွေကို အရှင်သခင် လို့ သတ်မှတ်ကြတယ်။ သူတို့ကအမြဲ အရှေ့ကနေတယ်၊ ရှေ့ဆောင်တယ်။ အမှန်တော့ စစ်မှန်တဲ့ခေါင်းဆောင်မှုဟာ အစေခံတဲ့သူတွေသာ ဖြစ်တယ်။ အစိုးရဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့အစေခံတွေ၊ ကုမ္ပဏီက ဝန်ထမ်းတွေဟာ ဖောက်သည်များရဲ့ အစေခံတွေ။ ဒီအတွေးအခေါ်ဟာ လေးနက်သိမ်မွေ့လှတယ်။ ခေါင်းဆောင်မှု ပေးသူတွေ အနေနဲ့ ကိုယ်အလုပ်အကျွေးပြုရမယ့်သူကို သဘောပေါက် နားလည်ဖို့ လိုအပ်တယ်။ ခေါင်းဆောင်တွေဟာ နှိမ့်ချတဲ့ စိတ်နဲ့ အသက်ရှင်ရမှာ၊ အများအတွက် ဘာလုပ်ပေးရမလဲ၊ ပေးနိုင်မလဲဆိုတာကို အမြဲစဉ်းစားနေရမှာ ဖြစ်တယ်၊ အာရုံပြုရမှာဖြစ်တယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဒီသဘောပဲဖြစ်တယ်။ မိမိရဲ့အယူအဆ၊ အတွေးအခေါ်၊ ဦးတည်ချက်တွေဟာ ပြည်သူတွေအတွက် ဦးထိပ်ထားရမှာ သာဖြစ်တယ်။
အစေခံနဲ့တူတဲ့ ခေါင်းဆောင်ဟာ သိုးထိန်းဖြစ်တယ်။ သိုးထိန်းဟာ သိုးတွေအရှေ့မှာ မရှိဘဲ အနောက်မှာနေပြီး ထိန်းကျောင်းတယ်။ လိုရာခရီးကို နောက်ကတစ်ဆင့် ညွှန် ပေးတယ်။ သိုးတွေကို ထိန်းကျောင်းရာမှာ နူးညံ့သိမ်မွေ့ တယ်။ အကြင်နာတရား ရှေ့ထားနိုင်တယ်။ မျက်မှောက် ခေတ်ကာလမှာ ခေတ်အစားဆုံးခေါင်းဆောင်မှုပုံစံက စစ်မှန်သောပြောင်းလဲမှုကိုဖြစ်စေတဲ့ ဦးဆောင်သူဖြစ်တယ်။ ဒီနေရာမှာ (Change) ပြောင်းလဲမှုနဲ့ (transform) စစ်မှန် သော၊ လေးနက်သော ပြောင်းလဲမှုကို ခွဲခြားဖို့လိုအပ်တယ်။ နဂိုအခြေအနေနဲ့ လုံးဝမတူတဲ့ ပြောင်းလဲမှုမျိုးကို transform လို့ သတ်မှတ်နိုင်တယ်။ ဥပမာက လိပ်ပြာ၊ လိပ်ပြာကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးတဲ့သူတွေအနေနဲ့ လိပ်ပြာဟာ အလွန်အကျည်းတန်တဲ့ ပိုးတုံးလုံးက ဖြစ်လာ တာကို ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လိပ်ပြာဟာ နဂိုပိုးတုံးလုံးနဲ့ လုံးဝမတူဘဲ စစ်မှန်သော၊ လေးနက်သော ပြောင်းလဲမှုကို ဖြစ်ခဲ့တာဖြစ်ပါတယ်။ အပေါ်ယံ အရေခွံလဲ တဲ့ပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့ပုံစံတစ်ခုအဖြစ် အသွင် ပြောင်းလဲခြင်းဖြစ်တယ်။
နောက်လိုက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပေးနိုင်သူ
ဒီခေါင်းဆောင်မှုပုံစံဟာ ထိရောက်တယ်။ မိမိရဲ့နောက် လိုက်တွေကို နေရာပေးတယ်၊ လုပ်ခွင့်ပြုတယ်၊ အားကိုး တယ်၊ ရှေ့တန်းတင်တယ်။ ကိုယ်လုပ်နိုင်မှန်းသိလျက်နဲ့ နောက်လိုက်တွေကို လုပ်စေတယ်။ ကိုယ့်ကို မီးထိုးတာကို မလိုလားဘဲ ကျန်တဲ့သူတွေကို အသိအမှတ်ပြုစေတယ်။ ထင်ပေါ်အောင် ဆောင်ရွက်ပေးတယ်။ ယုံယုံကြည်ကြည် လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။ အသေးစိတ်၊ အနု စိတ်တွေကို အာရုံမပြုဘဲ အနာဂတ်ကို အမြဲရှုတယ်။ အနာဂတ်အတွက် ရူပါရုံကို မိမိနောက်လိုက်တွေ မြင်နိုင်အောင် ဖန်တီးတယ်။ စစ်မှန်တဲ့ပြောင်းလဲမှုကို အခြေခံတဲ့ ခေါင်းဆောင်တွေဟာ နားထောင်နိုင်စွမ်း ရှိတယ်။ ပြောသမျှကို ဂရုတစိုက် နားထောင်တယ်။ နားလည်နိုင်အောင် ကြိုးစားတယ်။ ပြောဖို့အခွင့်အရေး ပေးတယ်၊ အားလုံးရဲ့အသံကို နားထောင်ပြီးမှ အဆုံး အဖြတ်တွေ ပေးတယ်။ ဒီခေါင်းဆောင်မှုပုံစံမှာ ခေါင်းဆောင်လုပ်သူဟာ နှိမ့်ချတယ်။ မိမိရဲ့အားနည်း ချက်တွေ ဝန်ခံရဲတဲ့သတ္တိရှိတယ်။ သိတာကို ပြောသလို မသိတာကိုလည်း ဝန်ခံတယ်။ နောက်လိုက်တွေ အမှား လုပ်တာကို လက်ခံတယ်၊ လုပ်ခွင့်ပြုတယ်၊ ပြောခွင့် ပေးတယ်။ နောက်လိုက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ကို ဖန်တီးပေးနိုင်သူဖြစ်တယ်။
ဦးဆောင်မှုပြုရာမှာ အမိန့်၊ အာဏာ၊ ရာထူးကို အားမကိုးဘဲ ဩဇာလွှမ်းနိုင်အောင် ကြိုးစားတယ်။ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ စီမံတတ်သူဖြစ်တယ်။ နောက်လိုက်တစ်ဦးချင်းကို သိအောင်ကြိုးစားတယ်။ သိရှိမှုကို အခြေခံပြီး ပြုစုပျိုးထောင်တယ်။ မိမိထက် တော်တဲ့၊ မိမိထက်သာလွန်တဲ့ နောက်လိုက်တွေ ဖြစ်အောင် မြေတောင်မြှောက်ပေးတဲ့ ဆန္ဒရှိတယ်။ ကိုယ့် ကို အချိန်မရွေး အစားထိုးနိုင်မယ့်သူတွေ အနားမှာထား တယ်။ ကိုယ့်ထက် ထူးချွန်တဲ့သူတွေ၊ တော်ပြီးတတ်တဲ့ သူတွေကို လက်တွဲဖို့ ဝန်မလေးကြတာ တွေ့ရတယ်။
နမူနာပုဂ္ဂိုလ်ဖြစ်အောင် ပြောဆိုနေထိုင်ပြုမူတယ်။ မိမိရဲ့နောက်လိုက်တွေကို အစဉ်အားပေးအားမြှောက် ပြုတယ်။ စုပေါင်းဦးဆောင်မှုကို ကြိုဆိုတယ်၊ လက်ခံ တယ်။ တစ်ဦးတစ်ယောက်တည်း ထူးချွန်နေတာ မဟုတ်ဘဲ အဖွဲ့အစည်း၊ လုပ်ငန်းမှာရှိသူတွေအားလုံးရဲ့ စုပေါင်းဆောင်ရွက်မှုကို လိုလားတယ်၊ အားပေးတယ်။ တာဝန်ကို အလေးအနက်ထားပေမယ့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ၊ ဘဝင်မြင့်နေတာ မဟုတ်တာတွေ့ရပါ တယ်။ ခေါင်းဆောင်မှုပုံစံတွေဟာ ခေတ်နှင့်အညီ ပြောင်းလဲလာခဲ့တယ်။ မျက်မှောက်ခေတ်မှာ ဝန်ထမ်း တွေဟာ အသိပညာကို အခြေခံတဲ့သူတွေ ဖြစ်ကြတယ်။ ခေတ်သစ်နည်းပညာတွေနဲ့ နီးစပ်တယ်၊ အကျွမ်းတဝင် ရှိတယ်။ ဗဟိုဦးစီးစနစ်နဲ့ အမိန့်ပေးပြီး စီမံအုပ်ချုပ်မှုကို လက်မခံကြတာ တွေ့ရတယ်။ လွတ်လပ်မှုကို လိုလား တယ်။ တာဝန်ယူ၊ တာဝန်ခံရဲတယ်။ ဒါကြောင့် ခေါင်းဆောင်တဲ့သူတွေဟာ မိမိနောက်လိုက်တွေရဲ့ အနေအထားကို အခြေခံပြီး ဦးဆောင်ရမှာသာ ဖြစ်ပါ တယ်။
ရည်မှန်းချက်ကိုဖော်ထုတ်ရင်း
အဖွဲ့ဝင်တွေကို ဆွဲဆောင်
ကျွန်တော့်အနေနဲ့က လုပ်ငန်း အဖွဲ့အစည်းတွေမှာ တာဝန်ယူနေကြသူတွေဟာ ခေါင်းဆောင်မှုပုံစံတွေနဲ့ အကျွမ်းတဝင် ရှိစေချင်တယ်။ ထိရောက်တဲ့၊ ထက်မြက် တဲ့ခေါင်းဆောင်မှုကိုပေးပြီး မိမိအဖွဲ့အစည်းရဲ့ တိုးတက် မှုကို ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဖွဲ့အစည်းရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေကို ကြည်လင်ပြတ်သား စွာ ဖော်ထုတ်နိုင်ပြီး အဖွဲ့ဝင်တွေအားလုံးကို ဆွဲဆောင် နိုင်ဖို့ လိုအပ်ပါတယ်။
ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး အရည်အသွေး မြှင့်တင်နိုင်ဖို့ သင်ယူ၊ ခံယူပြီး လေ့လာဖို့လိုအပ်တယ်။ စာတွေ့၊ လက်တွေ့ စုဆောင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ် တယ်။ အခုချိန်မှာ ခေါင်းဆောင်မှုသင်တန်းမျိုးစုံတွေ ရှိနေတာမို့ ဆန္ဒရှိသူ၊ လိုချင်တဲ့သူတွေ အချိန်မရွေး ဆည်းပူးနိုင်မှာ ဖြစ်ပါတယ်။ ။
- Log in to post comments